- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးရင်း တိုက်နေကြ
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့ တွေ့ဆုံဆွေးနွေးနေပြီး မြေပြင်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။
17 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၇
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့ တွေ့ဆုံဆွေးနွေးနေပြီး မြေပြင်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ခမ်းကျေးရွာ၊ အုမ္မသီးကျေးရွာ၊ မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်း အရင်းအမြစ်များက ပြောဆိုကြသည်။
အဆိုပါ တိုက်ပွဲများအတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုများလည်း ပြုလုပ်နေခြင်းဖြစ်သည်။
TNLA တပ်ဗိုလ်ချုပ် တားဘုန်းကျော်က သူ၏ facebook လူမှုကွန်ရက်စာမျက်နှာတွင် “ MNDAAနဲ့ သဘော တူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ် ” ဟု ဆွေးနွေးပွဲ စတင်သည့် ယမန်နေ့က ရေးသားထားသည်။
စစ်ကောင်စီနှင့် TNLA တို့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး TNLA က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးပါကြောင်း သိရသည်။
စစ်ကောင်စီဖက်က MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တပ် MNDAA နှင့် အပစ်ရပ်ပြီးနောက်ပိုင်းကစပြီး စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသည့် နယ်မြေတို့ကို မြေပြင်ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်လုပ်၍ ဖိအားပေးနေသည်။
လက်ရှိ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်အပြင် Y12 လေယာဉ် တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“စစ်ကောင်စီက ဆွေးနွေးတဲ့အချိန် သူတို့ပြောသမျှ ခေါင်းညှိတ်အောင် ဖိအားပေးနေတာ ဖြစ်တယ်။ ဒါပေမယ့် အခုလိုမျိုး လုပ်ဆောင်နေတာက ဆွေးနွေးပွဲက အဆင်ပြေမှာမဟုတ်ပါဘူး။ စစ်ကောင်စီလိုချင်သလို TNLA ဖက်ကလည်း လိုက်ပါဆောင်ရွက်မှာမဟုတ်ဘူး။ နောက်တစ်ခါပြန်ပြီး စကားပြောရမှာလို့ပဲ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရှုမြင်သည်။
တရုတ်နိုင်ငံသည် MNDAA၊ TNLA နှင့် KIA တပ်တို့ကို နယ်စပ်ဂိတ်များပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုဖြတ်တောက်ကာ စစ်ကောင်စီနှင့်အပစ်ရပ်ရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
တရုတ်ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့သည် ဇန်နဝါရီလလယ်ပိုင်းတွင် အပစ်ရပ်သဘောတူခဲ့ကြသည်။
“ကိုးကန့်နဲ့ တအာင်းတို့က ပထဝီနိုင်ငံရေးအရ တရုတ်ကို လုံးဝပစ်ပယ်လို့မရဘူး။ တရုတ်ဖိအားပေးသရွေ့ ခံနေရတာပဲ။ အခုလည်း တရုတ်ဖက်ကတော့ စစ်ကောင်စီ ပြိုလဲပြီး ဒီမိုကရေစီအင်အားစုတွေ အားကောင်းမှာကို မလိုလားသလို စစ်ကောင်စီနဲ့ ဆက်ဆံရတာက သူ့အတွက်ပို အဆင်ပြေတယ်လေ။ အဲဒါကြောင့် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ခိုင်းနေတာ” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဘာသာရပ်အား လေ့လာနေသူ တစ်ဦးက သုံးသပ်သည်။
လက်ရှိ TNLA သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ မြို့နယ်(၁၂) ခု သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့်တိုက်ပွဲများပြင်းထန်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကောင်စီက နောင်ချိုမြို့နယ်အား လက်နက်ကြီးနှင့် Y12 လေယာဉ် အသုံး ပြု၍ ဗုံးသီး ၁၇၅ လုံးထိ ကြဲချတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်ကလည်း မိုးကုတ်မြို့ကို လေကြောင်းမှာ ဗုံးသီး ၂၀ လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၉ ဦးထိ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးဦးဆောင်သူ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တွင် ကိုးကန့်တပ်မှာ အပစ်ရပ်ထားပြီး တအာင်းတပ် TNLA မှာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေကာ အာရက္ခတပ်တော် AA သည် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ကို ထိုးဖောက်ဝင်ရောက်နေသည်။