ဆီဆိုင်မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံးကြောင်း PNLA ထုတ်ပြန်

ဩဂုတ်လအတွင်း PNLA တပ်ဖွဲ့များရှိသည့် နေရာများကို စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်ကြောင်းထိုးပြီး ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာသဖြင့် တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ် ရှိခဲ့သည်။

By Admin 24 Aug 2024

ဓာတ်ပုံ - PNLA News&Info 
ဓာတ်ပုံ - PNLA News&Info 

DMG ၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားနေသော ယခုလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံးပြီး၊ အလောင်း ၃၁ လောင်းတွေ့ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ ထုတ်ပြန်သည်။ 

တိုက်ပွဲအတွင်း လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ဩဂုတ်လအတွင်း PNLA တပ်ဖွဲ့များရှိသည့် နေရာများကို စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်ကြောင်းထိုးပြီး ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာသဖြင့် တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ် ရှိခဲ့သည်။ 

စစ်ကောင်စီနှင့် PNO တို့သည် ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးကာ နေအိမ် ၄ ဆောင်မီးလောင်ပျက်စီးခဲ့သည်။ 

အလားတူ ဆီဆိုင်မြို့နယ်၊ ပန်အောင်ကျေးရွာမှ အသက် ၄၀ အရွယ် ဒေသခံတစ်ဦးလည်း သေဆုံးပြီး ၎င်း၏သား အသက် ၃ နှစ်အရွယ် ကလေးငယ်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

ပအိုဝ်းကျေးရွာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃,၀၀၀ ကျော်မှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ 

ထွက်ပြေးနေရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာများ အရေးပေါ်လိုအပ်နေ၍ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲအစည်းများမှ အကူအညီပေးကြရန် PNLA က တိုက်တွန်းထားသည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို PNLA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီနှင့် PNO အဖွဲ့က ပြန်လည်တိုက်ခိုက်ပြီး မတ်လ ၂၅ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။