ရခိုင်၊ ရှမ်း မှတ်ပုံတင် ကိုင်ဆောင်သူများကို ခရီးသွားလာခွင့် တင်းကြပ်

စစ်ကောင်စီသည် ရှမ်းပြည်နယ်ရှိ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျဆုံးပြီးနောက်တွင် ရခိုင်နှင့် ရှမ်းလူမျိုးများကို ခရီးသွားလာခွင့် တင်းကြပ်ခြင်း၊ လမ်းခရီးတွင် ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လာသည်။ 

By Admin 28 Aug 2024

ရခိုင်၊ ရှမ်း မှတ်ပုံတင် ကိုင်ဆောင်သူများကို ခရီးသွားလာခွင့် တင်းကြပ်

DMG ၊ ဩဂုတ် ၂၈  

ရခိုင်ပြည်နယ် မှတ်ပုံတင် ၁၁/ နှင့် ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများ ခရီးသွားလာရာ၌ စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးခြင်းအပြင် ဖမ်းဆီးခြင်းများရှိလာကြောင်း သိရသည်။
 
၁၁/ ကိုင်ဆောင်သည့် ရခိုင်လူမျိုးနှင့် ၁၃/ ကိုင်ဆောင်သည့် ကိုးကန့်၊ ဝ၊ ပလောင် လူမျိုးတို့မှာ သက်ဆိုင်ရာ ရဲစခန်း၊ ရပ်ကွက်ထောက်ခံစာများပါမှ ခရီးသွားလာ၍ရကြောင်း ပြောကြသည်။ 

“ခရီးထွက်မယ်ဆိုရင် လက်ရှိနေထိုင်တဲ့ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာတွေပါမှ ကားလက်မှတ်ရောင်းကြတယ်။ လမ်းက စစ်ဆေးရေးဂိတ်တွေမှာလည်း ရခိုင်မှတ်ပုံတင်ဆိုရင် အစစ်အဆေး၊ အမေးအမြန်း အရမ်းထူတယ်။ စစ်ကောင်စီတပ်သားတွေက မသင်္ကာတဲ့အကြည့်တွေနဲ့ ကြည့်တာတွေရှိတယ်” ဟု‌ ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ သိန်းနှင့်ချီသည့် ဒေသခံများမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးဒေသတို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လမှစ၍ ၁၁/ ကိုင်ဆောင်သူများကို ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ရှိ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျဆုံးပြီးနောက်တွင် ရခိုင်နှင့် ရှမ်းလူမျိုးများကို ခရီးသွားလာခွင့် တင်းကြပ်ခြင်း၊ လမ်းခရီးတွင် ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လာသည်။ 

ရခိုင်နှင့် ရှမ်း မှတ်ပုံတင်ကိုင်ဆောင်သူကို “ကားလက်မှတ်ရောင်းချခြင်းမပြုရ” ဟု တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်ကောင်စီ၏ တင်းကြပ်မှုများကြောင့် အဆိုပါမှတ်ပုံတင်ကိုင်သူများကို လက်မှတ်ရောင်းခြင်း ပိတ်ထားရသည်ဟု ရန်ကုန်မြို့ရှိ ကားလက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လမ်းတွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေရှိလို့ ကျနော်တို့ကတော့ ကိုယ့်ခရီးသည်တွေကို မထိခိုက်စေချင်ဘူး။ ဒါကြောင့် ရခိုင်နဲ့ ရှမ်း မှတ်ပုံတင်ကိုင်ထားတဲ့လူတွေကို ကားလက်မှတ် ရောင်းတာတွေ ပိတ်ထားတာရှိတယ်” ဟု သူက ပြောသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအများဆုံးဖြစ်သည့် စစ်ကိုင်း၊ ပဲခူး၊ မကွေး မှတ်ပုံတင်ကိုင်ဆောင်သူများကိုလည်း ၂၀၂၂ ခုနှစ်က ကားလက်မှတ်ရောင်းချခြင်း ပိတ်ပင်ခြင်းနှင့် ခရီးသွားလာခြင်းတို့ကို ပိတ်ပင်မှုများရှိခဲ့သည်။

ရှမ်းမြောက်နှင့် ရခိုင်ဒေသတွင် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ အဆိုပါဒေသမှ ပြည်သူများကို ဖိနှိပ်ကန့်သတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။