- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
နတ်ရေကန် ကာကင်းစခန်းများကို AA နှင့် ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင်
နတ်ရေကန်စခန်းအနီးတွင် မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်းသုံးခုရှိသည့်အနက် မထုံးကာကင်းစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီ ၁၆ ရက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် ကာကင်းစခန်းများအား ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။
18 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း - ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာစခန်းအနီး ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
နတ်ရေကန်စခန်းအနီးတွင် မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်းသုံးခုရှိသည့်အနက် မထုံးကာကင်းစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီ ၁၆ ရက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် ကာကင်းစခန်းများအား ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။
“ဒီကြားထဲမှာ ကျန်တဲ့ ကာကင်းစခန်းတွေကို ဆက်တိုက်နေတယ်လို့ သိရတယ်။ နတ်ရေကန်ဗျူဟာကတော့ လက်နက်ကြီးပစ်ကူတွေ ပေးနေတာပေါ့။ လေကြောင်းကလည်း ကူပေးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အမ်း - ပဒါန်းလမ်းပိုင်း၌ စစ်ကောင်စီ၏ နတ်ရေကန်စခန်းအပါအဝင် ကာကင်းစခန်းအချို့သာရှိတော့ပြီး ကျန်စခန်းများကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
နတ်ရေကန် ဗျူဟာစခန်းသည် အမ်း-ပဒါန်း လမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာ အနောက်မြောက်ဘက် တောင်ထိပ်တွင်ရှိပြီး စစ်ကောင်စီက တပ်သားအင်အားရာချီနှင့် လက်နက်ကြီးအမြောက်အများ အခိုင်အမာတပ်စွဲကာ ခံစစ်ပြင်ဆင်ထားသည့် စခန်းတစ်ခုဖြစ်သည်။
အဆိုပါ စခန်းသည် စစ်ရေးအရ မဟာဗျူဟာကျသည့် နေရာတွင် အခိုင်အမာတည်ဆောက်ထားပြီး လမ်းပိုင်း၌မရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက မတိုက်ခိုက်ဘဲ ပုသိမ် - မုံရွာ လမ်းထက်က စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သွားနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။
“နတ်ရေကန်စခန်း ခံစစ်ပြင်ထားတာက မြေပြင်မှာသာတဲ့ အနေအထားဖြစ်တယ်။ အဲဒါကြောင့် နတ်ရေကန်ကို မတိုက်ဘဲ လမ်းမအတိုင်း ပုသိမ် - မုံရွာ လမ်းဖက်ကို ဆင်းသွားလိမ့်မယ်လို့ ထင်တယ်။ တိုက်တဲ့သူကမတိုက်ရင် ခံစစ်ဆင်တဲ့သူက အလကားပဲ ဖြစ်သွားမှာပေါ့။ တကယ်လို့ စစ်ကောင်စီက လိုက်တိုက်ရင် စစ်ရေးအပြောင်းအလဲ ဖြစ်သွားမယ်ထင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ငဖဲမြို့နယ်အတွင်းရှိ ပဒါန်းတပ်နယ်တွင် အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(မစခ - ၉၀၅) နှင့် အမြောက်တပ် အမတ - ၃၇၅၊ အမတ - ၄၀၉၊ အမတ - ၆၀၉ တို့ အခြေစိုက်ထားပြီး ပဒါန်းမြောက်ဘက် ငဖဲ၌ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ - ၁၄၊ စေတုတ္တရာတွင် ကပစ - ၂၀ တို့ ရှိသည်။
စစ်ကောင်စီ၏ စစ်ရေးအသက်သွေးကြောဖြစ်သည့် ကပစ စက်ရုံ ၁၄ ခု နှင့် အများဆုံးရှိသည့် မကွေးတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေခြင်းသည် နွေဦးတော်လှန်ရေး အင်အားစုများ၏ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ကြိုးပမ်းမှုအတွက်အရေးပါကြောင်း အကဲခတ်များက ပြောသည်။
“AA က ရခိုင်မှာ စစ်ကောင်စီ ကင်းစင်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး နှစ်ချက်အပေါ်မှာ အာရုံစိုက်ပြီး တိုက်ကွက်တွေ ဖော်နေတယ်။ အခု ရခိုင်ရိုးမ တစ်ဖက်ခြမ်းမှာ မဟာမိတ်တွေနဲ့ တိုက်နေတယ်။ အဲနယ်မြေတွေက မဟာမိတ်တွေအတွက် တော်တော်အရေးပါတဲ့ နယ်မြေတွေဖြစ်တယ်။ အဲနယ်မြေတွေကို ခြေကုပ်ယူနိုင်ရင် စစ်ကောင်စီကို အနိုင်တိုက်နိုင်တော့မယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဖေသန်းက သုံးသပ်သည်။
အမ်း - ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်များကို AA နှင့် ပူးပေါင်းအဖွဲ့များ ထိုးစစ်ဆင်နေချိန်တွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F) နှင့် CDF-Asho တို့က ကြားဖြတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သားများ အကျအဆုံးများပြားနေသည်။
ရခိုင် - မကွေးနယ်စပ် အမ်း - ပဒါန်း ကားလမ်းအနီးရှိ စစ်ကောင်စီ၏ ကမြင်းကန်ဂိတ်စခန်းနှင့် ပွိုင့် (၁၁၄၅) စခန်းတို့ကို AA က ပြီးခဲ့သည့် ဇန်နဝါရီလတွင် သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် AA သည် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအပြင် ပဲခူးနှင့် ဧရာဝတီတိုင်း အထိ ထိုးဖောက် ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်စခန်းများကို ဆက်တိုက် သိမ်းပိုက်မှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။