အင်းစိန်ထောင်က လွတ်လာသည့် မွတ်ဆလင်များကို နေရပ်မပို့ဘဲ စစ်တွေတွင်ထားရန် စစ်ကောင်စီ စီစဉ်နေ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မွတ်ဆလင်များကို စစ်ကောင်စီက နေရပ်ပြန်မပို့ဘဲ စစ်တွေမြို့နယ်တွင် နေရာချထားရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

By Admin 20 Feb 2025

ပုံစာ - စစ်တွေမြို့နယ်မှ ဒုက္ခသည်စခန်းတစ်ခုမှ မွတ်ဆလင်များအား ၂၀၂၃ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။
ပုံစာ - စစ်တွေမြို့နယ်မှ ဒုက္ခသည်စခန်းတစ်ခုမှ မွတ်ဆလင်များအား ၂၀၂၃ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၀ 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မွတ်ဆလင်များကို စစ်ကောင်စီက နေရပ်ပြန်မပို့ဘဲ စစ်တွေမြို့နယ်တွင် နေရာချထားရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် အင်းစိန်ထောင်မှ လွတ်လာသည့် မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီက ရေလမ်းခရီးဖြင့် ပို့ဆောင်ခဲ့ပြီးနောက် အဆိုပါ မွတ်ဆလင်များမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်။ 

လွတ်လာသူများထဲတွင် စစ်တွေဒေသခံ ၁၀၀ ခန့် ပါဝင်ပြီး ကျန်မွတ်ဆလင်များမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှဖြစ်ကာ ၎င်းတို့ကို နေရပ်ပြန်မပို့ဘဲ စစ်တွေမြို့နယ်တွင်ထားရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။
 
“လွတ်လာတဲ့ သူတွေကို စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ ထားမယ်။ နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေက အိမ်တွေဆောက်ပြီးတော့ စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့တော့ သိရတယ်။ ဘယ်စခန်းမှာ ထားမယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ တာဝန်ရှိသူများသည် နိုင်ငံတကာအကူညီပေးရေး အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် မွတ်ဆလင်များကို စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင်၊ အုန်တောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများတွင် ယာယီနေရာချပေးထားကြောင်း သိရသည်။ 

အဆိုပါ မွတ်ဆလင်များမှာ အင်းစိန်အကျဉ်းထောင်တစ်ခုတည်းမှ အကျဉ်းသားများမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ ချုပ်နှောင်ခံထားရသည့် မွတ်ဆလင်များဖြစ်သည်။

“အမှန်ဆိုရင် စစ်တွေမြို့နယ်က မဟုတ်တဲ့ မွတ်ဆလင်တွေကို သူတို့နယ်မြေတွေကို ရရာနည်းလမ်းနဲ့ ပို့ဆောင် သင့်တယ်။ အခုလို ဒုက္ခသည်စခန်းမှာ ထားမယ်ဆိုတာက စဉ်းစားစရာဖြစ်နေတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်လာရင် သူတို့ကို စစ်ကောင်စီက တိုက်ပွဲတွေမှာ အသုံးပြုမှာ သေချာတယ်” ဟု စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မွတ်ဆလင်များကို ပြန်လွှတ်ရာတွင် တရားဝင်အသိပေးထုတ်ပြန်ထားခြင်းမဟုတ်ဘဲ တိတ်တဆိတ်ထုတ်ခေါ်သွားခြင်းမှာ တပ်သားသစ်စုဆောင်းရန် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DMG ကို ပြောဆိုထား သည်။

ပြီးခဲ့သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းကလည်း စစ်ကောင်စီသည် AA ၏ ထိုးစစ်ကိုခုခံရန်  စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များ၊ ARSA၊ RSO၊ ARA လက်နက်ကိုင်အဖွဲ့များကို အသုံးချ၍ တိုက်ခိုက်ခဲ့သည်။ 

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်လျှက် ရှိနေသည်။