ရေကြည် အမြောက်တပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် လက်နက်စွန့် ထွက်ပြေးမှုရှိနေကြောင်း သိရသည်။

By Admin 19 Feb 2025

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် စစ်ကောင်စီ၏ တရွန်အိုင်ဗျုဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
ပုံစာ - ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် စစ်ကောင်စီ၏ တရွန်အိုင်ဗျုဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဖေဖော်ဝါရီ ၁၉ 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် လက်နက်စွန့် ထွက်ပြေးမှုရှိနေကြောင်း သိရသည်။

အမတ (၃၄၄) တပ်ရင်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၅ ရက်မှ စ၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက သင်တန်းပေးထားသည့် ပြည်သူ့စစ်များက စစ်မြေပြင်မှ ထွက်ပြေးမှုများရှိနေကြောင်း ငါးသိုင်းချောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အမတ(၃၄၄) တပ်ရင်းမှာတော့ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ပေါက်ကွဲသံတွေ အရမ်းအကျယ်ကြီး ကြားနေရတယ်။ တိုက်ပွဲအတွင်း လက်နက်တွေကို လယ်ကွင်းတွေမှာစွန့်ပစ်ပြီး ထွက်ပြေးနေကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း အရမ်းများလာနေလို့ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေကြတယ်” ဟု သူက ပြောသည်။

ထွက်ပြေးသွားသည့် ပြည်သူ့စစ်မှုထမ်းများကို စစ်ကောင်စီတပ်သားများက ငသိုင်းချောင်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာတို့တွင် လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း အထက်ပါ ဒေသခံကပြောသည်။ 

AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် အမတ (၃၄၄) တပ်ရင်းသည် ငါးသိုင်းချောင်းမြို့နှင့် ၁၂ မိုင်ခန့် ကွာဝေးသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကောင်စီ၏ ရေနံသာ စစ်ဆေးရေးဂိတ်က လက်နက်ကြီးများဖြင့် ပစ်ကူပစ်ခတ်မှုများအပြင် ကျုံပျော်မြို့အခြေစိုက် ခလရ - ၃၆ တပ်ရင်းက စက်တပ်လေထီးများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိမှုများရှိနေပြီး ဒဏ်ရာရသူများကို ပုသိမ်မြို့ရှိ ဆမရ (၄) စစ်ဆေးရုံသို့ အရေးပေါ်ရွှေ့ပြောင်းကာ ကုသမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ 

တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် အမတ (၃၄၄) တပ်ရင်းကို သိမ်းပိုက်နိုင်လျှင် ဧရာဝတီနှင့် ပဲခူးတိုင်း နှစ်ခုလုံးကို စစ်ရေးအရဖိအားပေးနိုင်သည့် အခြေအနေတွင်ရှိလာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။ 

“အခု AA နဲ့ ပူးပေါင်းတပ်တွေ တိုက်နေကြတဲ့ မြောက်စမ်း အမြောက်တပ်ကိုသာ သိမ်းပိုက်နိုင်မယ်ဆိုရင် (နတခ) ပေါ့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ ပုသိမ်ကို ခြိမ်းခြောက်နိုင်သလို ပုသိမ် - မုံရွာလမ်းကို ဖြတ်တောက်နိုင်တဲ့ အနေအထားမှာရှိတယ်” ဟု သူက ပြောသည်။

၎င်းက ဆက်လက်၍ “နောက်ပဲခူးဖက်ဝင်ရင် အင်္ဂပူ - ကွင်းကောက်မှာ အမှတ်(၅) တပ်မတော် တန်းမြင့် သင်တန်းကျောင်းရှိတယ်။ အဲဒီကိုပါ ဆက်ပြီး တိုက်လိုက်နိုင်ပြီဆိုရင် ပန်းတောင်းတပ်နယ်ပေါ့ ကပစ - ၉၊ ကပစ -၅၊ ကပစ - ၆၊ ကပစ - ၁၆ တို့ အထိပါ ပိတ်ဆို့ဖိအားပေးနိုင်မယ့် အခြေအနေရှိတယ်” ဟု‌ ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။ 

ဧရာဝတီတိုင်းတွင် ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း စစ်ရေးလှုပ်ရှားတိုက်ခိုက်နေကြခြင်းဖြစ်ပြီး ဗေဒါစစ်ဆေးရေးဂိတ်၊ မကျီးဇင်၊ ဘောမိ ကျေးရွာအပါဝင် စစ်ကောင်စီအခြေစိုက် တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် အမြဲတမ်းတိုက်ခိုက်ရေး တပ်သားများထက် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် တပ်တွင်းလုံခြုံရေးများကို အခြေပြုခံစစ်ပြင်ဆင်ထားရ၍ အခြားစစ်တိုင်းများထက် ပျော့ညံ့သည့် အခြေအနေတွင်ရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။ 

အာရက္ခတပ်တော်သည် မဟာမိတ်များနှင့် ပူးပေါင်း၍ ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းကစကာ ဧရာဝတီတိုင်း အပါအဝင် မကွေး၊ ပဲခူးတို့ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။