USAID အကူအညီရပ်ဆိုင်းမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တရုတ်ပါဝါအပျော့ လွှမ်းမိုးဖို့ လမ်းပွင့်သွားမလား

ဝါရှင်တန်၏ ဒရာမာကို ဘေဂျင်းဘက်က မှတ်ချက်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း ပြည်ပအကူအညီ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အစိုးရ၏ ရုံးဌာနများရှိ တရုတ်အရာရှိ အချို့ကတော့ ဤဖြစ်ရပ်သည် ဘေဂျင်းအတွက် ပြည်ပသြဇ မြှင့်တင်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း ပြောဆိုမှုများ ရှိသည်။

By Admin 21 Feb 2025

ပုံစာ - အီသီယိုပီးယားသို့ ရောက်ရှိလာသည့် USAID အကူအညီများ။ ဓာတ်ပုံ - Getty Images
ပုံစာ - အီသီယိုပီးယားသို့ ရောက်ရှိလာသည့် USAID အကူအညီများ။ ဓာတ်ပုံ - Getty Images

အမေရိကန်အစိုးရ၏ နိုင်ငံခြား ကူညီထောက်ပံ့မှုများ ရုတ်ခြည်းပိတ်သိမ်းသွားခြင်းက ကမ္ဘာတစ်ဝန်းရှိ Global South ဟု သုံးနှုန်းခေါ်ဆိုကြသည့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနှေးကွေး သို့မဟုတ် မဖွံ့ဖြိုးသော နွမ်းပါးနိုင်ငံများအပေါ် တရုတ်၏ ပါဝါအပျော့ ပိုမိုကြီးထွားလာရန် အခွင့်အလမ်းများ ရသွားစေမည်ဟု တရုတ်အရာရှိများက ဆိုသည်။ တချိန်တည်း၌ ဘေဂျင်း၏ သြဇာကို ပိုပိုသာသာ ခန့်မှန်းခြင်း မပြုလုပ်သင့်ဟုလည်း ၎င်းတို့က သတိပေးသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ USAID သည် ကမ္ဘာ့ လူသားချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေးအတွက် ဝါရှင်တန်၏ အရေးပါသည့် ဌာနတစ်ခုလည်း ဖြစ်သည်။

ထရမ့်က ထိုသို့ ကြေညာချိန်၌ USAID ဝဘ်ဆိုက်လည်း ပိတ်သွားသလို ဌာန၏ အကြီးတန်းအရာရှိ ရာပေါင်းများစွာမှာလည်း အနားယူခွင့် ပေးခံရသည်။ ဌာနကပေးနေသည့် အကူအညီများလည်း ဘီလျံနာသူဌေးကြီး အီလွန်မက်စ် ဦးဆောင်သည့် အသုံးစရိတ်ဖြတ်တောက်မှု စီမံချက်ကြောင့် လဲပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည်။ ယခုလို USAID ပိတ်သိမ်းမှုအား ဖက်ဒရယ် တရားသူကြီးတစ်ဦး၏ အမိန့်ဖြင့် ယာယီ တားမြစ်လိုက်သော်လည်း ဌာန၏ ရေရှည်ကံကြမ္မာသည်ကား မရေမရာ ဖြစ်သွားရပြီဖြစ်သည်။

ဝါရှင်တန်၏ ဒရာမာကို ဘေဂျင်းဘက်က မှတ်ချက်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း ပြည်ပအကူအညီ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အစိုးရ၏ ရုံးဌာနများရှိ တရုတ်အရာရှိ အချို့ကတော့ ဤဖြစ်ရပ်သည် ဘေဂျင်းအတွက် ပြည်ပသြဇ မြှင့်တင်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း ပြောဆိုမှုများ ရှိသည်။

“USAID နောက်ပြန်ဆုတ်သွားတာဟာ ဘေဂျင်းအတွက် ဖွံ့ဖြိုးဆဲကမ္ဘာကြီးမှာ ပုံရိပ်မြှင့်တင်ဖို့နဲ့ အခြေခိုင်အောင်လုပ်ဖို့ အကျိုးအမြတ် ဖြစ်စေမှာပါ” ဟု စီးပွားရေးဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။ သူ့အနေဖြင့် မီဒီယာများကို စကားပြောခွင့် မရှိသည့်အတွက် အမည်ရင်းကို ဖော်ပြရန်တော့ သူက ငြင်းဆိုသည်။

ကူညီထောက်ပံ့ရေး အရာရှိတစ်ဦးကလည်း သဘောတူသည်။ USAID မရှိတော့လျှင် ဘေဂျင်းအတွက် သြဇာလွှမ်းမိုးရန် အခွင့်အလမ်း ပိုများလာမည်ဟု သူကပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ်ရဲ့ ပြည်ပအကူအညီတွေကို ပိုအလေးထားလာနိုင်တယ်” ဟု သူကဆိုသည်။

စီးပွားရေးဆိုင်ရာ အရာရှိကလည်း ပါဝါအပျော့သြဇာက အမေရိကန်မှသည် တရုတ်ဆီသို့ ရှောင်လွဲမရဘဲ ရွေ့သွားသည့်အတွက် တရုတ်အစိုးရပိုင် ကုမ္ပဏီများသည် ဖွံ့ဖြိုးဆဲကမ္ဘာကြီး၌ သူတို့၏ အခန်းကဏ္ဍများကို ပါဝင်ပတ်သက်လာကြတော့မည် ဟုပြောသည်။

USAIT ကို ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူ ဂျွန်အက်ဖ်ကနေဒီက စတင်ထူထောင်သည်။ အမေရိက၏ ပါဝါအပျော့ကို တစ်စိတ်တစ်ပိုင်း ချဲ့ထွင်ရန်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း USAID သည် အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသတို့၌ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး စီမံကိန်းများကို ကူညီထောက်ပံ့ရန် ငွေကြေးဘီလျံပေါင်းများစွာ သုံးစွဲခဲ့သည်။

တရုတ်သြဇာ ကြီးထွားလာမှုကို တန်ပြန်ရန် တစိတ်တပိုင်းအဖြစ်လည်း USAID ကို ရန်ပုံငွေ ဆက်လက် ထောက်ပံ့ထားခဲ့သည်။

ပုံစာ  - ဒူးရင်းမုန်တိုင်း (Typhoon Durian) ဒဏ်သင့် မိသားစုများအတွက် ကယ်ဆယ်ရေး အကူအညီများ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - Reuters

အမေရိကန် လွှတ်တော်အမတ် ခရစ်ကွန်းကလည်း ဤဌာန ပိတ်သိမ်းမှုသည် “တရုတ်အတွက် လက်ဆောင် … ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေအတွက် လက်ဆောင်”  ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

တရုတ်သည် USAID နှင့် အလားသဏ္ဍာန်တူပြီး တရုတ် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနတို့၏ နိုင်ငံခြားအကူအညီ လုပ်ဆောင်ချက်များဟု ယူဆရသည့် CIDCA (နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အေဂျင်စီ) ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။ 

CIDCA သည် USAID ၏ ဖွဲ့စည်းပုံကို တစိတ်တပိုင်း မှီငြမ်းထားကာ တရုတ်က ရပ်ဝန်းနှင့်လမ်း စီမံကိန်းကို ရှေ့ဆက် တွန်းတင်ရေးတွင် လိုအပ်သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် မြင်ရသည်ဟု တရုတ်၏ ကူညီကယ်ဆယ်ရေး အေဂျင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ခု၏ ပြောကြားချက်အရ သိရသည်။

ဤစီမံကိန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဦးစားပေး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် USAID ပုံစံအတိုင်း ထပ်တူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖီးနစ်တီဗီ (Phoenix TV) နှင့် ပြုလုပ်သည့် အင်တာဗျူး၌ CIDCA ဒုတိယဥက္ကဌ ဟူကျန်းလျန်က အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်မရည်ညွှန်းပဲ ယခုလို ပြောသွားခဲ့သည်။

“ဒီလိုအနေအထားမျိုးမှာ အကူအညီလက်ခံသူတွေကို အကူအညီမဲ့၊ အစောင့်အရှောက်မဲ့၊ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ပစ်ထားခဲ့တဲ့ နိုင်ငံတချို့လိုမျိုး ကျွန်တော်တို့ ပြုမူကျင့်ကြံမှာ မဟုတ်ပါဘူး။”

တရုတ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားမည် ဖြစ်သလို ပြည်ပအကူအညီနှင့် ပတ်သက်သည့် ချဉ်းကပ်မှုကိုလည်း အဆင့်မြှင့်တင်သွားမည်ဟု ဟူကပြောသည်။

ကုန်သွယ်ရေးအရာရှိတစ်ဦးကတော့ တရုတ်သည် ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သစ် ဖန်တီးလိုက်သည့် ကသောင်းကနင်း ဖြစ်ရပ်မှ အကျိုးအမြတ်ရနိုင်သည် ဆိုသော်လည်း တရုတ်၏ ပါဝါအပျော့ သြဇာကိုတော့ ပိုပိုသာသာ မတွက်ချက်သင့်ဟု ဆိုသည်။

“တတိယကမ္ဘာကြီးဟာ နှစ်ဘက်လုံးကို ခွထိုင်ထားရတာ ဖြစ်တဲ့အတွက် အမေရိကန်ရဲ့ တင်းမာတဲ့မူဝါဒကို ကြောက်ရုံနဲ့ တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုလိုက်တာမျိုး လုပ်ရဲမှာ မဟုတ်ပါဘူး” ဟု သူကဆိုသည်။

“တရုတ်သြဇာဟာ အမေရိကန်သြဇာထက် သေချာပေါက် ပိုသေးငယ်ပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောဆိုသည်။

South China Morning Post တွင်ဖော်ပြထားသည့် Could USAID's closure open the door to greater Chinese soft power in the Global South? ကို ဘာသာပြန်ဆိုပါသည်။