- " အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"
- ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
- ရေကြည် အမြောက်တပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ
- မြောက်ဦးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲမှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးခဲ့ရ
- တိုက်ပွဲ စလာတဲ့ စစ်တွေမှာ ဘာတွေဖြစ်နေလဲ
၂၀၁၇ ခုနှစ်တည်းက တားမြစ်ထားသည့် နတ်မြစ်အတွင်း ငါးဖမ်းခွင့် ဘင်္ဂလားဒေ့ရှ် ပြန်ခွင့်ပြု
အာဏာပိုင်များက ရှင်မဖြူကျွန်းနှင့် တက္ကနာဆိပ်ခံတံတားအကြား ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရေပြင်တလျှောက်ရှိ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
14 Feb 2025
![ပုံစာ - ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးဖမ်းသည့်အတွက် အာရက္ခတပ်တော်ထံတွင် ဖမ်းဆီးခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ပြန်လွတ်လာကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ။ ဓာတ်ပုံ - Dhaka Tribune](https://assets.dmediag.com/2025/2/B-Feb-14.jpg)
မူးယစ်ဆေးကုန်သွယ်မှုနှင့် မွတ်ဆလင်ဒုက္ခသည်များ ဝင်ရောက်မှုကို တားမြစ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ၈ နှစ်နီးပါး တားမြစ်ထားခဲ့ပြီးနောက် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဏာပိုင်များက ရှင်မဖြူကျွန်းနှင့် တက္ကနာဆိပ်ခံတံတားအကြား ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရေပြင်တလျှောက်ရှိ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
တရားရုံး၏ ခွင့်ပြုချက်ညွှန်ကြားစာအား ကော့ဘဇားခရိုင် အုပ်ချုပ်ရေးအဖွဲ့က တက္ကနာမြို့နယ်အုပ်ချုပ်ရေးမှူး (UNO) ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တက္ကနာ အုပ်ချုပ်ရေးမှူး ရှိတ်အာဆန်အူဒင်က "နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို နံနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ခွင့်ပြုလိုက်ပါပြီ။ ကနဦးမှာတော့ ခွင့်ပြုချက်သက်တမ်းကို ၃ လ သတ်မှတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အသိပေးထားပါပြီ" ဟု ဒါကာထရီဗျူးန်သို့ ဖြေကြားသည်။
အစမ်းကာလ ၃ လ ကျော်လွန်ပြီးနောက်တွင် နယ်စပ်အခြေအနေများအပေါ် မူတည်ပြီး ယခုခွင့်ပြုချက်ကို ပြန်လည်သုံးသပ်မည်ဟု တရားရုံး ညွှန်ကြားစာ၌ ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အမြောက်အများ ဝင်ရောက်မှုများ ရှိလာပြီးနောက် အဆိုပါနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
"ငါးဖမ်းသမားတွေ အရမ်းဝမ်းသာနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပြီး ဘယ်လို တရားမဝင် လုပ်ရပ်မျိုးကိုမဆို တားမြစ်သွားမှာပါ" ဟု နတ်မြစ် ငါးဖမ်းသမားများအသင်း ဥက္ကဌ မိုဟာမက် အာမန် အူလာက ပြောသည်။
ငါးဖမ်းသမားများသည် နတ်မြစ်အတွင်းရှိ နယ်ခြားစောင့်တပ် စစ်ဆေးရာနေရာ ငါးနေရာ၌ ငါးဖမ်းခွင့်လက်မှတ် သို့မဟုတ် မှတ်ပုံတင်များ ပြသရမည် ဖြစ်သလို ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက်ကို ကျော်လွန်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်လည်း ညွှန်ကြားချက်၌ ဖော်ပြထားသည်။