ထိုင်းရောက် ဒုက္ခသည်တွေအတွက် ရတက်မအေးဖွယ်ရာ ကျန်းမာရေး စိန်ခေါ်သံ

"IRC ကနေ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာ လူနာတွေက ဆေးဝါးနဲ့ တခြားအရာတွေလို အကူအညီတွေ မရရှိကြတော့ပါဘူး" လို့ Tha Song Yang ဆေးရုံရဲ့ဒါရိုက်တာ တာဝတ်ချိုင်း ယင်းတာဝီးဆတ်ခ် က ပြောပါတယ်။

By Admin 10 Feb 2025

ပုံစာ - ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအတွက် အမေရိကန်အစိုးရ၏ အကူအညီများ ရပ်ဆိုင်းသွားပြီးနောက် တာ့ခ်ခရိုင်ရှိ ဆေးရုံတစ်ခုသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည်တစ်ဦးအား ဆရာဝန်များ ဆေးကုသနေစဉ်။
ပုံစာ - ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအတွက် အမေရိကန်အစိုးရ၏ အကူအညီများ ရပ်ဆိုင်းသွားပြီးနောက် တာ့ခ်ခရိုင်ရှိ ဆေးရုံတစ်ခုသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည်တစ်ဦးအား ဆရာဝန်များ ဆေးကုသနေစဉ်။

နှလုံးရောဂါနဲ့ အဆုတ်ရောင်ရောဂါကို ကြာလရှည်ကြာခံစားခဲ့ရတဲ့ အသက် ၈၆ နှစ်အရွယ် မြန်မာဒုက္ခသည် အဒါဘီ ပြန်လည်အသက်ရှင်စေဖို့အတွက် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းဆီက ဆေးရုံတစ်ရုံမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က တိုက်ပွဲဝင်နေတာကို သမီးဖြစ်တဲ့သူက မျက်ရည်စက်လက်နဲ့ ကြည့်ရှုနေခဲ့ရပါတယ်။

ခြေကုန်လက်ပန်း ကျနေတဲ့ အသက် ၃၉ နှစ်အရွယ် ဒေါ်လေးငယ်ကတော့ "အမေက နှလုံးရောဂါဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ" လို့ပြောပြီးနောက် စကားမဆက်နိုင်တော့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီပေးအပ်မှု အများစုကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးတဲ့နောက် တာ့ခ်ခရိုင်က တောင်စောင်းဒုက္ခသည်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်နားထားလိုက်ရတဲ့အတွက် အဲ့ဒီဒုက္ခသည်စခန်းမှာ နေထိုင်သူ အသက် ၈၆ နှစ်အရွယ် မြန်မာဒုက္ခသည် အဒါဘီအတွက် အခက်အခဲတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။

ဒီဒုက္ခသည်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်အပြီးမှာတော့ ဖျားနာမှုဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ဒေသခံတွေကို အစိုးရဌာနတွေဆီ ပြောင်းရွှေ့ကုသဖို့ စီစဉ်ပေးလိုက်ပါတယ်။

အမေရိကန်က ကူညီပေးနေတဲ့ ရန်ပုံငွေဝန်ဆောင်မှု လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC)က စီမံခန့်ခွဲပေးမှုတွေနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ဆီက ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ အဒါဘီတို့လို ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေဆီ ရောက်ရှိလာတာဖြစ်ပါတယ်။

"IRC ကနေ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာ လူနာတွေက ဆေးဝါးနဲ့ တခြားအရာတွေလို အကူအညီတွေ မရရှိကြတော့ပါဘူး" လို့ Tha Song Yang ဆေးရုံရဲ့ဒါရိုက်တာ တာဝတ်ချိုင်း ယင်းတာဝီးဆတ်ခ် က ပြောပါတယ်။

Tha Song Yang ဆေးရုံဟာ အဒါဘီကို အသက်ပြန်ရှင်အောင် ကြိုးစားပေးခဲ့တဲ့ ဝန်ထမ်းတွေရှိရာ နေရာဖြစ်ပါတယ်။

ဒုက္ခသည် အသိုက်အဝန်းရဲ့အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ရပ်ရွာလူမှု အသိုက်အဝန်းအတွက် အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေ တိကျသေချာမှုရှိစေဖို့ ကိုယ်ပိုင်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းလည်ပတ်နေရပြီး ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးရတာမျိုးလည်း ရှိနေပြီလို့ IRC ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က WhatsApp မက်ဆေ့ခ်ျကတဆင့် Reuters ဆီကို ပြောကြားပါတယ်။

နိုင်ငံခြားအကူအညီ ဆုံးရှုံးသွားရတာဟာ ထိုင်းအာဏာပိုင်တွေနဲ့ ဒုက္ခသည်အသိုင်းအဝိုင်းကို လိုအပ်ချက်ကွက်လပ်တွေဖြည့်ရဖို့ လစ်ဟာချက်တွေ အများအပြားဖြစ်သွားစေခဲ့ပြီး တကယ့်ကိုပဲ ရုန်းရင်းဆန်ခတ် အခြေအနေတွေကို ဖြစ်ပေါ်သွားစေခဲ့ပါတယ်။ လတ်တလောမှာတော့ အစိုးရပိုင်ဆေးရုံတွေဟာ ဒုက္ခသည်တွေကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။

ပုံစာ - Tha Song Yang ဆေးရုံ၏ ဒါရိုက်တာ တာဝတ်ချိုင်း ယင်းတာဝီးဆတ်ခ် က မယ်လဒုက္ခသည်စခန်းမှနေ၍ ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေရသော အတက်ရောဂါ ခံစားနေရသူ မြန်မာဒုက္ခသည်တစ်ဦးကို စကားပြောနေစဉ်။ ဓာတ်ပုံ - Reuters

အဒါဘီ နေထိုင်တဲ့ မယ်လဒုက္ခသည်စခန်းမှာ လူပေါင်း ၂၉,၀၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် IRC ဆေးရုံတစ်ရုံနဲ့ ဆေးခန်းနှစ်ခန်းရှိပြီး ဆရာဝန်အရေအတွက် လက်တစ်ဆုပ်စာ၊ အကြမ်းဖျင်းအားဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅၀၊ စေတနာ့ဝန်ထမ်း ၁၀၀ လောက်နဲ့ လည်ပတ်ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူ တာဝတ်ချိုင်းက ပြောပြပါတယ်။

IRC ဘက်က အထောက်အပံ့ အကူအညီတွေကို ရုတ်တရက်ဆိုသလိုပဲ ပိတ်သိမ်းရပ်ဆိုင်းလိုက်လို့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်ကို စာသင်ကျောင်းအဟောင်းတစ်ခုဆီ ပြောင်းရွှေ့လိုက်ရပြီး အဲ့ဒီစာသင်ကျောင်းအဟောင်းထဲမှာပဲ အသက် ၁၈ နှစ်အရွယ် ဒုက္ခသည်တစ်ယောက်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရင်သွေးတစ်ယောက်ကို မလုံလောက် မလောက်ငှနဲ့ပစ္စည်းတွေနဲ့ မွေးဖွားလိုက်ရကြောင်း ဆွေမျိုးတစ်ယောက်နဲ့ ကျောင်းဆရာတစ်ယောက်က ပြောပြပါတယ်။

တာဝတ်ချိုင်းဟာ ဒီလထဲမှာပဲ ဒုက္ခသည်စခန်းမှာရှိတဲ့ IRC ဆေးရုံဆီကို ဘာတွေ လိုအပ်ချက်ရှိနေသလဲ ဆိုတာ သွားရောက်လေ့လာ အကဲခတ်ခဲ့ပြီး လက်ရှိမှာတော့ ဒီ IRC ဆေးရုံကို တာဝတ်ချိုင်းက စီမံခန့်ခွဲဖို့ ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။

ဒီဆေးရုံအတွက် လစဉ်မီတာခ တစ်လကို ဘတ် ၄၀,၀၀၀ လိုအပ်တာတွေကို ကိုးကားပြီး တာဝတ်ချိုင်းက "လတ်တလောမှာတော့ ကျွန်တော်တို့တွေ ဆေးဝါးနဲ့ ဘတ်ဂျက်ထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။ ကျွန်တော် ထပ်ပြီး သွားကြည့်ဦးမှာပါ။ ကျွန်တော်တို့ နောက်ထပ် ဘာတွေထောက်ပံ့ပေးနိုင်မလဲဆိုတာကို သွားကြည့်မှာပါ။ အတွင်းလူနာတွေရှိရင် ကျွန်တော်တို့ မီးဖိုချောင်ရှိဖို့ လိုအပ်ပါမယ်" လို့ သူကပြောပါတယ်။

ရေရှည်ဝန်ထုပ်ဝန်ပိုး

ဒုက္ခသည်တွေကို အခု ချက်ချင်းလုပ်ဆောင်ပေးနေတဲ့ စောင့်ရှောက်မှုတွေထက် ပိုပြီးတော့ ထိုင်းအစိုးရဆေးရုံတွေဘက်က လုပ်ပေးနိုင်ဖို့ မရှိသလို ထိုင်းအစိုးရဆေးရုံတွေဟာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရေရှည်ဝန်ထုပ်ဝန်ပိုးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်စွမ်း မရှိလောက်ဘူးလို့ Tha Song Yang ခရိုင် အကြီးအကဲ ကန်နာပေါင် ဖီဖတ်မွန်ထရိုင်ကွန်းက ပြောပါတယ်။

ဆေးရုံနဲ့ ဆေးရုံဝန်ထမ်းတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနိုင်စေဖို့အတွက် တခြားသောအစိုးရတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေ ဒါမှမဟုတ်ခဲ့ရင် ထိုင်းအစိုးရဘက်ကဖြစ်ဖြစ် ဘတ်ဂျက်ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ကန်နာပေါင် ဖီဖတ်မွန်ထရိုင်ကွန်း က တောင်းဆိုထားပါတယ်။

"ဒီလိုလုပ်ပေးမှပဲ ဒါကိုဖြေရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်း ဖြစ်လာလိမ့်မယ်" လို့ သူက ဆက်ပြီး ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းဒုတိယဝန်ကြီးချုပ် အေနူတင် ချန်ဗီရာကူးလ်ဟာ အမေရိကန်ရဲ့ ဆိုင်းငံ့လိုက်မှူကြောင့် ရိုက်ခတ်မှုတွေ ခံစားနေရတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်ကနေ ထောက်ပံ့ကူညီပေးပါမယ်လို့ ကတိပြုခဲ့ပါတယ်။

"ထိုင်းကျန်းမာရေးစနစ်က ကျွန်တော်တို့ကူညီလို့ရနိုင်တဲ့ ဘယ်သူ့ကိုမဆို ဒီနိုင်ငံထဲမှာ အသက်မဆုံးရှုံးစေရပါဘူး" လို့ သတင်းထောက်တွေကို သူက ပြောခဲ့ပါတယ်။

ကမ္ဘာတလွှားဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကူညီထောက်ပံ့ ဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ရဲ့လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းထားလိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေပြီး အချက်ပြလိုက်အပြီးမှာ အခြေအနေအရပ်ရပ်က ပရမ်းပတာဖြစ်သွားခဲ့ရပြီလည်း ဖြစ်ပါတယ်။

တချို့ ထိုင်းဆရာဝန်တွေက ဆေးရုံအရင်းအမြစ်တွေဆီကို ဝန်ထပ်ဝန်ပိုးတွေ တိုးလာနေပြီလို့ သတိပေးနေပါတယ်။

"နယ်စပ်တလျှောက်မှာနေထိုင်တဲ့ ထိုင်းလူမျိုးတွေ အနစ်နာခံပေးနေရတာ တော်လောက်ပြီ" လို့ ဒေါက်တာ နတ်တာဂန်း ချူအင်န်ချွမ်းက ပြောခဲ့ပါတယ်။ ဒေါက်တာ နတ်တာဂန်း ချူအင်န်ချွမ်း ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ မဲဆောက်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဒုက္ခသည်တွေနဲ့ သက်ဆိုင်တဲ့ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေလည်း သူမက တောင်းဆိုထားပါတယ်။

Facebook လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ ပို့စ်တစ်ခုထဲမှာလည်း သူမက "လောလောဆယ် ကျွန်မတို့ဆီမှာ ဝန်ထမ်းတွေ ပြတ်လပ်နေပြီဖြစ်လို့ လူနာတွေက အချိန်တွေ အကြာကြီး စောင့်ရတော့မှာပါ" လို့ ထည့်သွင်း ပြောကြားထားပါတယ်။

မယ်လဒုက္ခသည်စခန်းက အသက် ၄၅ နှစ်အရွယ် ဦးမောင်လေး ဟာ Tha Song Yang မှာရှိတဲ့ ဆေးရုံက ခုတင်တစ်ခုထက်ဆီ ဦးခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ ရောက်နေပါတယ်။ အတက်ရောဂါဖြစ်ပွားချိန်မှာ ပြုတ်ကျသွားတဲ့ ဦးမောင်လေးဟာ ဒုက္ခသည်စခန်းဆီ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ဌာနတွေ ပိတ်ထားရလို့ Tha Song Yang ဆေးရုံဆီကို ရောက်လာခဲ့ရတာပါ။

"ဘာတွေဆက်ဖြစ်မလဲ မသိတော့ပါဘူးဗျာ။ ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ စခန်းမှာ ဆေးမရရင်တော့ အကုန်သေဖို့ပဲ ရှိတော့တယ်" လို့ ဦးမောင်လေးက ဆိုပါတယ်။

ဟန်ဆက်လူနေ ရိုက်တာသတင်းဆောင်းပါး Refugee healthcare challenges mount in Thailand ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။