- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထိုင်းရေကြီးမှုကြောင့် ကိုးဦးသေဆုံးပြီး တစ်သောင်းကျော် နေရာရွှေ့ပြောင်းရ
ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များက လှေများနှင့် ရေပေါ်လျှပ်ပြေးမောင်းနှင်သည့် ဂျက်စကီးများကိုအသုံးပြု၍ ကယ်ဆယ်လျက်ရှိသည်။
30 Nov 2024
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ လူကိုးဦးသေဆုံးပြီး လူပေါင်း ၁၃,၀၀၀ ကျော် နေရာရွှေ့ပြောင်း တိမ်းရှောင်နေရကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့များက လှေများနှင့် ရေပေါ်လျှပ်ပြေးမောင်းနှင်သည့် ဂျက်စကီးများကိုအသုံးပြု၍ ကယ်ဆယ်လျက်ရှိသည်။
ဒေသခံမီဒီယာများ၏ မှတ်တမ်းများအရ ရေကြီးရေလျှံမှုဖြစ်ပွားသော နေရာများ၌ နေထိုင်သူများသည် ရင်ဘတ်နေရာအထိ အနက်ရှိသောရေထဲတွင် သွားလာနေကြရသည်ကို မှုန်ပြပြမြင်ရပြီး ရေမြုပ်နေသော လမ်းမများထက်တွင် ကားများလည်း နစ်မြုပ်လျက်ရှိသည်။
"ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်ရှစ်ခုမှာ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၅၅၃,၉၂၁ ခု ထိခိုက်ခဲ့ပြီး ကိုးဦးသေဆုံးခဲ့ပါတယ်။ အေဂျင်စီတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့ လှုံ့ဆော်ထားပါတယ်" ဟု နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အေဂျင်စီက ၎င်း၏တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
စာသင်ကျောင်းများနှင့် ဘုရားကျောင်းများတွင် ယာယီအမိုးအကာများ တပ်ဆင်ပေးထားပြီး လူပေါင်း ၁၃,၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးခဲ့ရကြောင်းလည်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် အနီးအနားရှိ ပတ်တာနီပြည်နယ်တွင် ဆေးရုံနှစ်ခုကို လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားသည်။
ထိုင်းနိုင်ငံ၏အိမ်နီးချင်း မလေးရှားနိုင်ငံ မြောက်ပိုင်းတွင်လည်း ယခုသီတင်းပတ်အတွင်း မိုးရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈၀,၀၀၀ ကို ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အနည်းဆုံး လူလေးဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုင်းမိုးလေဝသဌာနက လာမည့်ရက်သတ္တပတ်အထိ နိုင်ငံ၏တောင်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
ထိုင်းအစိုးရသည် ရေဘေးသင့်ဒေသခံပြည်သူများကို အကူအညီပေးရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များ ဖြန့်ကျက်ချထားပြီး ပြည်နယ်တစ်ခုချင်းစီကို ရေဘေးကယ်ဆယ်ရေးအတွက် ဘတ်ငွေ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း) စီစဉ်သတ်မှတ်ပေးထားသည်။
ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ၂၀၁၁ ခုနှစ်၌ နိုင်ငံတဝှမ်းတွင် ကြီးမားကျယ်ပြန့်သော ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင် လူ ၅၀၀ ကျော် သေဆုံးကာ နေအိမ်ပေါင်းများစွာ သန်းနှင့်ချီ၍ ပျက်စီးခဲ့ရဖူးသည်။