- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
မြဝတီခရိုင် ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့နေသည့်အတွက် ထိုင်းနိုင်ငံဘက်တွင် ကြိုတင်ပြင်ဆင်မှုများ၊ စောင့်ကြည့်ရေး အစီအမံများ ဆောင်ရွက်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Dec 2024
မြဝတီခရိုင် ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့နေသည့်အတွက် ထိုင်းနိုင်ငံဘက်တွင် ကြိုတင်ပြင်ဆင်မှုများ၊ စောင့်ကြည့်ရေး အစီအမံများ ဆောင်ရွက်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဤရောဂါကြောင့် ရွှေကုက္ကို၌ ၂ ဦးသေဆုံးပြီး လူ ၃၀၀ ခန့်အထိ ရောဂါဖြစ်ပွားနေကြောင်းလည်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ရွှေကုက္ကိုလ်နှင့် အနီးကပ်ရှိနေသည့် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်တွင် စောင့်ကြည့်ကြပ်မတ်ရေး အစီအမံများ ဆောင်ရွက်ရန် ထိုင်းဒုတိယဝန်ကြီးချုပ် ဖန်သမ်း ဝီချာယာချိုင်းက အမိန့်ပေးညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ပေးအပ်ခံထားရသော မစ္စတာ ဖန်သမ်း သည် ယမန်နေ့က ကျင်းပခဲ့သည့် ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီး၌ ဝန်ကြီးဌာနအနေနှင့် နယ်စပ်နေရာတွင် တင်းကျပ်သည့်အစီအမံများကို တပ်မတော်၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။
တာ့ခ်ခရိုင်တွင် သံသယဖြစ်ဖွယ် လူနာ ၂ ဦးကို တွေ့ရှိထားရပြီး တစ်ဦးကို မဲဆောက်ဆေးရုံတွင်လည်းကောင်း၊ နောက်ထပ်တစ်ဦးကို မဲရာမတ်ဆေးရုံတွင်လည်းကောင်း တွေ့ရှိခဲ့ရသည်ဟု ပြည်သူ့ကျန်းမာရေး အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပတ်စ် ကမ်ကာဝင်ပေါင်၏ ပြောကြားချက်အရ သိရသည်။
မဲဆောက်နှင့် မဲရမတ် ခရိုင်များသည် ရွှေကုက္ကို၏ တစ်ဖက်ခြမ်းတွင် တည်ရှိပြီး ယင်းခရိုင်များတွင် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာသော အလုပ်သမားများကို အလုပ်ခန့်ထားသည့် စက်ရုံများ အများအပြားရှိသောကြောင့် ကာလဝမ်းရောဂါ ပြန့်ပွားနိုင်ခြေ မြင့်မားသည်ဟု သတ်မှတ်ခံထားရသည်။
နယ်စပ်တလျှောက်တွင် စစ်ဆေးရေးဂိတ်များနှင့် သီးသန့်ခွဲထားရန် ကွာရန်တင်းနေရာများ အပါအဝင် အခြေအနေကို စောင့်ကြည့်ကူညီရန်အတွက် နယ်မြေအတွင်း စစ်သားများလည်းရှိနေမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ ကူးစက်ပြန့်ပွားလာနိုင်သည့် အခြေအနေကို ကာကွယ်ရန် အနည်းဆုံးအဖြစ် တစ်လကြာ စောင့်ကြည့်မှု ဆောင်ရွက်သွားမည်ဖြစ်သည်။
ဒေသဆိုင်ရာ အာဏာပိုင်များသည် ကာလဝမ်းရောဂါ၏ အန္တရာယ်များကို ပြည်သူများ သိရှိနားလည်စေရန်နှင့် သန့်ရှင်းမှူနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိစေရန် လက်အိတ်များနှင့် မျက်နှာတွင်တပ်ဆင်သော နှာခေါင်းစည်း Mak မျက်နှာဖုံးများကို ဖြန့်ဝေပေးနေကြောင်း ဝန်ကြီးကပြောသည်။ နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိများအားလုံးသည်လည်း နှာခေါင်းစည်းများ တပ်ဆင်ကြရမည်ဟု မစ္စတာ ဖန်သမ်းက ထပ်လောင်းပြောကြားခဲ့သည်။