မြောက်ဦးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲမှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးခဲ့ရ

စစ်ကောင်စီသည် မြောက်ဦးရှေးဟောင်း ခံတပ်၊ ဘုရားပုထိုးများနှင့် အနီးတဝိုက်တွင် ကတုတ်ကျင်း တူးဖော်ခြင်း၊ ဘန်ကာများစွာ ဆောက်လုပ်ခဲ့ကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဘုရားဂေါပကများက DMG ကို ပြောသည်။

By Admin 15 Feb 2025

မြောက်ဦးမြို့၊ သင်းကျစ်တော်တောင်စေတီတွင် စစ်ကောင်စီက ဘင်ကာဆောက်လုပ်ထားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။
မြောက်ဦးမြို့၊ သင်းကျစ်တော်တောင်စေတီတွင် စစ်ကောင်စီက ဘင်ကာဆောက်လုပ်ထားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ရှေးဟောင်းနယ်မြေ မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးနှင့် သမိုင်းဝင်နေရာအနှံ့တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့မှုကြောင်း သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မြောက်ဦးရှေးဟောင်း ခံတပ်၊ ဘုရားပုထိုးများနှင့် အနီးတဝိုက်တွင် ကတုတ်ကျင်း တူးဖော်ခြင်း၊ ဘန်ကာများစွာ ဆောက်လုပ်ခဲ့ကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဘုရားဂေါပကများက DMG ကို ပြောသည်။

" မြောက်ဦးမြို့မှာ တပ်စွဲထားတဲ့ ၅၄၀ တပ်ဆိုရင် ပုဏ္ဏားမြောင်းခံတပ်ကို နေရာယူထားပြီးတော့ တည်ဆောက်ထားတဲ့ နေရာ။ ခံတပ်ပေါက်မှာက စစ်တပ်(စစ်ကောင်စီတပ်) ဖြစ်နေတယ်။ အဲဒီစစ်တပ်တွေက သူတို့လိုအပ်တဲ့ ကတုတ်ကျင်းတွေကို ခံတပ်တွေအပေါ်မှာ တူးထားတာမို့ ယဉ်ကျေးမှု အမွေအနှစ်တွေက အများကြီး ထိခိုက်ရတယ်။ ၃၇၇၊ ၃၇၈ တပ်ရင်းတွေကလည်း ပိန္နဲချောင်းစား ခံတပ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ် " ဟု မြောက်ဦးယဉ်ကျေးမှုဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် မြောက်ဦးမြို့ရှိ ရွှေတောင်၊ ငွေတောင်၊ သင်းကျစ်တော်တောင်၊ သူတော်မတောင်၊ ပိန္နဲချောင်းခံတပ်၊ ပုဏ္ဏားမြောင်းခံတပ်နှင့် နန်းရာကုန်း စသည့် ရှေးဟောင်းနေရာများတွင် တပ်စွဲနေထိုင်ခဲ့ပြီး ကတုတ်ကျင်းများ၊ ဘင်ကာများစွာ ဆောက်လုပ်ခဲ့သည်။

စစ်ကောင်စီ တပ်စွဲခဲ့သည့် နေရာတိုင်းသည် မြောက်ဦးခေတ် ဘုရင့်ခံတပ်နေရာများနှင့် အဖိုးတန် ရှေးဟောင်းနယ်မြေဖြစ်ပြီး အာရက္ခတပ်တော် (AA) ထိုးစစ်ကို ခုခံခဲ့ကြခြင်းဖြစ်သည်။

" စစ်မဖြစ်ခင်ကတည်းက သူတို့(စစ်ကောင်စီ)က စစ်ရေးအတွက် ပြင်ဆင်ထားတဲ့ ကတုတ်ကျင်းတွေက အများကြီး ရှိတယ်။ နောက်တစ်ခါ မြောက်ဦးမြို့ရဲ့ အနောက်တောင်ဖက် ပိန္နဲချောင်းစားခံတပ်၊ အနောက်မြောက်ဖက်မှာ ကျတော့ ငွေတောင်ခံတပ် အဲဒီငွေတောင်ခံတပ်မှာလည်း လိုအပ်သလို ပြုပြင်ထားတဲ့အတွက် တော်တော်လည်း ပျက်စီးမှုတွေရှိနေပါတယ် " ဟု ဒေါ်ခင်သန်းက ဆက်ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်ရှိ သမိုင်းဝင် သင်းကျစ်တော်တောင်တွင်လည်း စစ်ကောင်စီသည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၂၃ နှစ်ကုန်ပိုင်း အထိ ၅ နှစ်ကြာ တပ်စွဲကာ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းများ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခံစစ်ပြင်ဆင်မှုများကြောင့် ဘုရားအတွင်းပိုင်းနှင့် စေတီပရဝုဏ်အတွင်း ပျက်စီမှုများစွာရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

" ဘုရားမှာတော့ စေတီအောက်မှာဆိုရင် ဂူခေါင်း တူးထားတယ်။ အဲဒီမှာက လေးမျက်နှာ ကိုးနဝင်းစေတီ ရှိတယ်။ စေတီအောက်ကို ဂူတွေတူး ထားတာ။ သမုတ်သိမ်အောက်ကိုလည်း ဂူတူးသွားတယ်။ ဘုရားမှာ ဆိုရင်လည်း အောက်က ဓမ္မာရုံကြီး အောက်ကို ဂူခေါင်းတူးထားတယ်။ ဒါကြောင့် စေတီအနီးပတ်ဝန်ကျင် အားလုံး ပျက်စီးသွားတာ ဘာမှ မကျန်ခဲ့ဘူ " ဟု သင်းကျစ်တော်ဘုရားဂေါပက ဥက္ကဌ ဦးမောင်သိန်းလှက ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့ရှိ ရွှေတောင်စေတီ၊ နန်းတော်ရာကုန်းတွင်လည်း စစ်ကောင်စီသည် ကတုတ်ကျင်း၊ ဘန်ကာအပြင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်များရှိရာ မြောက်ဦး စေတီပုထိုးပေါ်တွင် ခံစစ်ပြင် တိုက်ခိုက်ခဲ့ခြင်းများသည် ရခိုင်တို့၏ အသည်းနှလုံးကို ဖျက်စီးရာရောက်သဖြင့် ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း မြို့ခံများက ဆိုသည်။

" သူတို့ဖျက်စီးခဲ့တာတွေက တန်ဖိုးအားဖြင့် လုံးဝကို ဖြတ်လို့ မရနိုင်ဘူး။ ယဉ်ကျေးမှုအမွေအနှစ်ရှိတဲ့ ဒီမြို့ကို ပျက်စီးမှုတွေဟာ လူမျိုးတစ်မျိုးရဲ့ တန်ဖိုးကို ပျက်စီးရာ ရောက်တယ်။ ဒါကြောင့် ကျနော်တို့ လုံးဝကို ကန့်ကွက်တယ် " ဟု မြောက်ဦးမြို့ခံ ဦးဦးမောင်သန်းက ပြောသည်။

မြောက်ဦးမြို့သိမ်းတိုက်ပွဲကာလတုန်းကလည်း နန်းတော်ရာကုန်း၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အပါဝင် အထင်ကရ စေတီပုထိုးများနှင့် ရှေးဟောင်းဘုရားကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုများစွာ ရှိခဲ့သည်။

ရခိုင်ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည့် မြောက်ဦးမြို့ကို ခရစ်နှစ် ၁၄၃၀ ခုနှစ်တွင် ဘုရင်မင်းစောမွန်က တည်ထောင်ခဲ့ပြီး ရခိုင်သမ္မတရာဇာမင်းလက်ထက် ၁၇၈၅ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်မင်း၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA)က ပြန်လည် သိမ်းပိုက်လိုက်သည်။ လက်ရှိ မြောက်ဦးမြို့၏ သက်တမ်းမှာ ၅၉၅ နှစ်အထိ ရှိလာပြီး ရခိုင်တို့၏ ရှေးဟောင်း မင်းနေပြည်တော် မြို့လည်း ဖြစ်သည်။

ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီသည် မြောက်ဦးမြို့အပါဝင် ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ဘူးသီးတောင် စသည့် မြို့နယ်များရှိ သမိုင်းဝင်အထင်ကရ ဘုရားများတွင် တပ်စွဲနေထိုင်ခဲ့ပြီး ဖျက်ဆီးမှုများပြုလုပ် ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။