ဥပဒေမဲ့ သေဒဏ်
၂၀၂၂ ခုနှစ်အတွင်းက မြောက်ဦးမြို့တွင် ကိုရင်ဆို့ (၃၆) နှစ်၊ သတင်းထောက် ကိုဖိုးသီဟ (၄၀) နှစ်၊ ကိုကျော်သိန်းလှိုင် (၄၀) နှစ်အပါအဝင် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။ အမှုကို အလုံးစုံစစ်ဆေးပြီးချိန် တရားသူကြီးက လုပ်ထုံးလုပ်နည်းအရ ပြစ်ဒဏ်စီရင်သည်မှာ ဓမ္မတာပင်ဖြစ်သော်လည်း ၎င်းတို့ (၇) ဦးမှာ အာရက္ခတပ်တော်၏ မြောက်ဦးမြို့သိမ်း တိုက်ပွဲကာလအတွင်း ဥပဒေမဲ့ သေဒဏ်စီရင်ခံခဲ့ကြရသည်။
27 Oct 2024
မေကြီးသျှင် - ရေးသည်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ ပြည်သူများမှာ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည်။ အာမခံ မရသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရသူများမှာ အချုပ်ခန်းနှင့် အကျဉ်းထောင်များတွင် နေ၍ အမှုကို ရင်ဆိုင်ကြရသည်။
အမှုကို အလုံးစုံစစ်ဆေးပြီးချိန် တရားသူကြီးက လုပ်ထုံးလုပ်နည်းအရ ပြစ်ဒဏ်စီရင်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ သို့သော် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့ခံ ၇ ဦး မှာ ဥပဒေမဲ့ သေဒဏ်စီရင်ခံခဲ့ကြရသည်။
၂၀၂၂ ခုနှစ်အတွင်းက မြောက်ဦးမြို့တွင် ကိုရင်ဆို့ (၃၆) နှစ် အပါအဝင် သတင်းထောက် ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်း (၄၀) နှစ်၊ ကိုကျော်သိန်းလှိုင် (၄၀) နှစ်၊ မောင်ကိုကိုညွန့် (၂၄) နှစ်၊ ကိုဝင်းနိုင် (၄၀) နှစ်နှင့် ကိုပြည့်စုံဝင်း (၃၇) နှစ်တို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယင်းနောက် ၎င်းတို့ ၇ ဦးကို စစ်ကောင်စီက နိုင်ငံတော်ဆူ့ပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းတို့မှာ အမှုနှင့်ပတ်သက်၍ အလုံးစုံစစ်ဆေးပြီးပြီသော်လည်း ပြစ်ဒဏ်စီရင်ချက်မချခံရဘဲ နှစ်ထက်ဝက်ကြာသည်အထိ မြောက်ဦးအချုပ်ခန်းထဲတွင် အချိန်ကြန့်ကြာနေခဲ့သည်။
အချုပ်ခန်းထဲ၌ ပြစ်ဒဏ်စီရင်ချက်ချမည်ကို စောင့်နေချိန် အာရက္ခတပ်တော် (AA) က မြောက်ဦး မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၎င်းတို့ ၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အချုပ်ခန်းမှ တစ်ဆင့် ခမရ (၃၇၈) တပ်ရင်းကို ခေါ်ယူသွားသည်။
ယင်းနောက် ၎င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ကတုတ်ကျင်း၌ အလောင်းများအား စွန့်ပစ်သွားကြသည်။
"ကျမတို့တွေ့ချိန်မှာတော့ တချို့ အလောင်းတွေက ကတုတ်ကျင်းထဲမှာ။ ကျမ အမျိုးသား အလောင်းကတော့ အပြင်မှာ" ဟု သတ်ဖြတ်ခံခဲ့ရသည့် ကိုကျော်ဝင်းလှိုင်၏ ဇနီး မလှလှမြင့်က မျက်ရည်များ စီးကျကာ ပြောပြသည်။
အမျိုးသားဖြစ်သူမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး အလောင်းကို စွန့်ပစ်ခံရသည့် မြင်ကွင်းမျိုး မြင်ရမည်ဟု တစ်ခါမှ မတွေးဖူးကြောင်း သူက ဆိုသည်။
အလောင်းများအား ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် မိသားစုဝင်များ စတင်တွေ့ရှိခဲ့ပြီး ကတုတ်ကျင်းထဲတွင် ၎င်းတို့၏ အဝတ်များကို ထုတ်ပိုးထားသည့် အထုပ်ကိုယ်စီကိုလည်း တွေ့မြင်ခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
"အသတ်ခံထားရတာ ကျနော့်အထင် ဆယ်ရက်လောက်ရှိပြီ ထင်တယ်။ အလောင်းတွေက ပုတ်ပွနေပြီ။ ဘယ်သူဘယ်ဝါဆိုတာကို မှတ်မရတော့လို့ အဝတ်အစားတွေကို ကြည့်ပြီး ခန့်မှန်းခဲ့ကြတာ" ဟု သေဆုံးသွားသည့် ကိုရင်ဆို့၏ ညီဖြစ်သူ ကိုကျော်မင်းသိန်းက ပြောသည်။
မြောက်ဦးဒေသခံ ၇ ဦး၏ အလောင်းအား စွန့်ပစ်ခဲ့သည့် စစ်ကောင်စီတပ်ရင်း ခမရ (၃၇၈) ထဲရှိ ကတုတ်ကျင်းထဲတွင် သတ်ဖြတ်ခံရသူများ၏ ကျန်ရှိနေသေးသည့် အရိုးများကို ပြီးခဲ့သည့် စက်တင်ဘာလက DMG သတင်းဌာနမှ ကွင်းဆင်းရာတွင် တွေ့မြင်ခဲ့ရသည်။
မြောက်ဦးမြို့ခံ ကိုရင်ဆို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ကိုရင်ဆို့သည် အဆိုဝါသနာပါသူတစ်ဦးဖြစ်ပြီး ၎င်း၏ လူမှုကွန်ယက်တွင် ဟာသဗီဒီယိုများကို တင်နေသူဖြစ်၍ ရခိုင်လူထုအကြား လူသိများသည်။
အလားတူ ကိုကျော်ဝင်းလှိုင်မှာလည်း မြောက်ဦးမြို့တွင် သုံးဘီးဆိုင်ကယ်မောင်းပြီး မိသားစု ဝမ်းရေးကို ဖြေရှင်းနေသူဖြစ်သည်။
၎င်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်က ဇနီးဖြစ်သူ၏ တနိုင်တပိုင် မုန့်လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများကို ဝယ်ရန် မြို့ထဲသို့ သွားချိန် လမ်းခုလတ်၌ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။
"ပြည်တွင်းစစ် ဖြစ်ပြီး ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာကို ဘယ်နိုင်ငံမှာမှ မကြားဖူးဘူး။ ဒီနိုင်ငံမှာမှ ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်တယ်" ဟု မလှလှမြင့်က ပြောသည်။
ကိုရင်ဆို့အပါအဝင် မြောက်ဦးဒေသခံ ၇ ဦးကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီတပ်သားများသည် မြောက်ဦးဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်းကို AA ထံ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သား ဗိုလ်ကြီး အာကာမြင့်က ဝန်ခံထားသော ဗီဒီယိုဖိုင်တစ်ခုကို AA က ထုတ်ပြန်ထားသည်။
ဗီဒီယိုဖိုင်ထဲတွင် ဗိုလ်ကြီး အာကာမြင့်က "ကျနော့်ဆီကို အမိန့်တစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ အမိန့်ကတော့ ခရိုင်ရဲတပ်ဖွဲ့ရုံးကနေပြီး ခမရ (၃၇၈) မှာ ပြောင်းရွေ့ချုပ်နှောင်ထားတဲ့ ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးကို သတ်ပစ်လိုက်ပါဆိုတဲ့ အမိန့်ပဲ ဖြစ်ပါတယ်။ အဲဒီ အမိန့်ရရချင်းပဲ ကျနော်လည်း ခမရ (၃၇၈) မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ဆက်လက်တင်ပြခဲ့ပါတယ်"
"ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ၊ ပြီးမှ ဖြေရှင်းမယ်ဆိုတဲ့အဖြေရတာနဲ့ ကျနော်လည်း အဲဒါဆိုရင် ခရိုင်ရဲမှူးကြီးပဲ တပ်မမှူးဆီကို ဆက်လက်သတင်းပို့တင်ပြလိုက်ပါဆိုပြီး အချုပ်ခန်းသော့ကို ဒုတပ်ကြပ်သန်းအောင်ကို ပေးလိုက်ပါတယ်။ ဒုတပ်ကြပ်သန်းအောင်က ဘယ်နေရာမှာ ဆောင်ရွက်မလဲ မေးတဲ့အချိန်မှာ ဆေးခန်းအနီးမှာ မိသားစုတွေတူးထားတဲ့ ဗုံးခိုကျင်းတွေရှိတယ်၊ အဲဒီနေရာမှာပဲ ဆောင်ရွက်လိုက်မယ်ဆိုပြီး အကြံပြုလို့ ကျနော်လည်း အဲဒီနေရာမှာ ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်ပါတယ်" ဟု ဗိုလ်ကြီး အာကာမြင့်က ဝန်ခံထားသည်။
စစ်ကောင်စီတပ်သားများသည် ၎င်းတို့သတ်ဖြတ်ကာ စွန့်ပစ်ခဲ့သည့် ကတုတ်ကျင်းအနီး ရာနှင့်ချီသည့် မိုင်းများကိုလည်း ထောင်ထားခဲ့၍ AA က မိုင်းရှင်းလင်းရေး လုပ်ပြီးမှ အလောင်များကို ကောက်ယူခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းအပြင် သေဆုံးသွားသည့် အလောင်းများနှင့်အတူ မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များကိုပါ ကတုတ်ကျင်းထဲတွင် ထည့်ထားခဲ့သည်ဟု သတင်းထောက် ကိုဖိုးသီဟ၏ ညီမ မအေးမြတ်ခင်က ပြောသည်။
"သတ်ပြီးတော့ ကတုတ်ကျင်းထဲကို တွန်းချပစ်ခဲ့တာ။ ကတုတ်ကျင်းထဲက လက်ပစ်ဗုံးတွေ၊ တခြား စစ်ကျန်လက်နက်အမျိုးစုံကို ခြင်းကြားနဲ့ အပြည့်ရတယ်။ အဲဒါကို မသိဘဲ မီးသင်္ဂြိုလ်လိုက်ရင် အကုန်ဒုက္ခရောက်မှာ" ဟု မအေးမြတ်ခင်က ပြောသည်။
သေဆုံးသွားသူများထဲမှ သတင်းထောက် ဖိုးသီဟမှာ ပြည်မနှင့် ရခိုင်ပြည်အခြေစိုက် သတင်းဌာနများ၌ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ စစ်အာဏာမသိမ်းခင်အချိန်ကပင် သတင်းထောက် အလုပ်ကို ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် နေအိမ်အတွင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူထဲမှ အချို့မှာ စစ်ကြောရေးအတွင်း စစ်ကောင်စီ၏ နှိပ်စပ်ညဉ်းပန်းခြင်းကို ခံခဲ့ကြရသည်ဟု မိသားစုဝင်များ ပြောပြချက်အရ သိရသည်။
"လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်တာကို ကြားက ပြည်သူတွေကို အခုလို ရက်ရက်စက်စက် သတ်တာက ယုတ်မာတာလို့ မြင်တယ်။ ငါးမရရင် တွင်းဖျက်တဲ့သဘော" ဟု ကိုကျော်မင်းသိန်းက ပြောသည်။
သတ်ဖြတ်ခံရသူ ၇ ဦးထဲက အများစုမှာ ဈေးဆိုင်ရောင်းချသူ၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ် မောင်းပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရသူများ ဖြစ်ကြသည်။ လက်ရှိတွင် အိမ်ထောင်ဦးစီးများ မရှိတော့၍ ဇနီးဖြစ်သူများမှာ မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်ဖြေရှင်းနေကြရသည်။
"အမျိုးသားမရှိလို့ အခုလို ပင်ပင်ပန်းပန်း နေပူခံပြီး လုပ်ကိုင်နေရတယ်။ လူတွေမသိအောင် ငိုတယ်။ ဒါပေမယ့် စိတ်ကို ဖြေတယ်။ ငါ မလုပ်ရင် ဘယ်သူလုပ်မလဲ။ သမီးလေးကို ဘယ်သူရှာကျွေးမလဲ တွေးတယ်။ တစ်ယောက်တည်း ရုန်းကန်ရတော့ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ကြားမှာ အကုန်လုံးကို လိုက်ချွေတာရတယ်" ဟု မလှလှမြင်က ငိုယိုပြီး ပြောသည်။
မြောက်ဦးက လူငယ် ၇ ဦး၏ အကျဉ်းစခန်းမှ ခေါ်ထုတ်ပြီး သတ်ဖြတ်ခံရသည့် ဖြစ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက်ကာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး သမားများက ပြောဆိုကြသည်။
ထို့ကြောင့် သတ်ဖြတ်ခံရသည့် မြောက်ဦးဒေသခံ ၇ ဦးအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။
ကိုကျော်မင်းသိန်းက " သူတို့ကို သတ်တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို သူတို့ ၇ ယောက်လုံးကို လုပ်ခဲ့တဲ့ ပုံစံအတိုင်း ထပ်တူထပ်မျှ အပြစ်စီရင်ပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု ပြောသည်။