နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရသည့် မြောက်ဦးဒေသခံများ အကူအညီလိုအပ်နေ

နေအိမ်များအား မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှု၊ ၃၇၇ နှင့် ၃၇၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု အိမ်စောင့်ကျန်ခဲ့သည့် မျက်မြင်ဒေသခံများက ပြောသည်။ 

By Admin 26 Sep 2024

တိုက်ပွဲကာလ ပျက်စီးသွားသည့် မြောက်ဦးမြို့တွင်း နေအိမ်တစ်ဆောင်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ 
တိုက်ပွဲကာလ ပျက်စီးသွားသည့် မြောက်ဦးမြို့တွင်း နေအိမ်တစ်ဆောင်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ 

DMG ၊ စက်တင်ဘာ ၂၆ 

ရခိုင်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပြင်းထန်ခဲ့သည့် မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း နေအိမ်များ မီးလောင်ပျက်စီးသွားသည့် ဒေသခံများမှာ စစ်ဘေးရှောင်စခန်းနှင့် ဆွေမျိုးများနေအိမ်တွင် ယာယီခိုလှုံနေရပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း သိရသည်။ 

တိုက်ပွဲကာလ မြောက်ဦးမြို့တွင် စစ်ကောင်စီ လက်နက်ကျရောက်မှု၊ မီးရှို့ခြင်းတို့ကြောင့် အရပ်သားနေအိမ် ၂၂၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း DMG က ကွင်းဆင်း စာရင်းကောက်ယူချက်အရ သိရသည်။ ၎င်းနေအိမ်များမှာ ဘောင်းဒွတ် ၉၅ လုံး၊ ပန်းဖဲ ၃၆ လုံး၊ အောင်မင်္ဂလာ ၃၉ လုံး၊ မြို့သစ် ၁၁ လုံး၊ ကုန်သည်တန်း ၃၃ လုံး၊ ရွှေတောင် ၃ လုံး၊ ဝါဈေး ၂ လုံးနှင့် ဝသဲ ၂ လုံးဖြစ်သည်။ 

ကုန်သည်တန်း၊ ရွှေတောင်၊ ဝါဈေးနှင့် ဝသဲရပ်ကွက်မှ လူနေအိမ် အလုံး ၄၀ မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်။ ဘောင်းဒွတ်၊ ပန်းဖဲ၊ အောင်မင်္ဂလာနှင့် မြို့သစ်ရပ်ကွက်မှ နေအိမ် ၁၈၁ လုံးမှာ စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့မှုကြောင့် မီးလောင်ပြာကျခဲ့ရခြင်းဟု ဒေသခံများက ပြောသည်။ 

နေအိမ်ဆုံးရှုံးသွားသူ ဒေါ်ခိုင်လှရွှေက “အိမ်က စစ်ကောင်စီ လက်နက်ကြီးပစ်လို့ မီးလောင်တဲ့အထဲ ပါသွားတယ်။ ပစ္စည်းတစ်ခုမှ မကျန်ခဲ့ဘူး။ မသန်စွမ်းဘဝနဲ့ ဒီအိမ်ကြီးရဖို့ ရုန်းကန်ခဲ့ရတာ။ အခု အလုပ်လည်းမရှိတော့ ဒီလိုအိမ်တစ်ဆောင်ရဖို့ မလွယ်တော့ဘူး” ဟု ပြောသည်။

နေအိမ်များအား မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှု၊ ၃၇၇ နှင့် ၃၇၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု အိမ်စောင့်ကျန်ခဲ့သည့် မျက်မြင်ဒေသခံများက ပြောသည်။ 

နေအိမ်ဆုံးရှုံးသွားသည့် ဒေသခံများမှာ ကုန်ဈေးနှုန်းမြင့်မားမှုအကြား အိမ်ငှားနေထိုင်ခြင်း၊ ဆွေမျိုးများအိမ်တွင် ယာယီနေထိုင်ရခြင်းတို့ကြောင့် အခက်အခဲ အကျပ်တည်းများစွာကို ရင်ဆိုင်နေကြရသည်။
  
“အခုတော့ အိမ်ငှားပြီးနေတယ်။ တစ်နေ့တာဝမ်းရေး မနည်းရုန်းကန်ရတယ်။ ကလေးတွေကို မုန့်ဖိုးပေးဖို့ကအစ။ ကုန်ဈေးနှုန်းကြီးတဲ့ကြားက တစ်နေ့ကို ငွေခုနစ်ထောင်၊ ရှစ်ထောင်ရမလား ရုန်းကန်နေရတယ်” ဟု ကုန်သည်တန်းရပ်ကွက်မှ ဦးမောင်လှမြင့်က ပြောသည်။ ၎င်းမှာ နေအိမ်နှင့်ဈေးဆိုင် တွဲထားခြင်းဖြစ်ပြီး လက်နက်ကြီးကျ၍ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း ၃,၅၀၀ ခန့်ရှိကြောင်း ဆိုသည်။

နေအိမ်ဆုံးရှုံးခဲ့ရသူများမှာ ဈေးသည်၊ တံငါသည်၊ လယ်ယာလုပ်ငန်းနှင့် ကုန်သည် စသည့် ဒေသခံများဖြစ်၍ နေအိမ် ပြန်လည်တည်ဆောက်နိုင်ရေး စိန်ခေါ်မှုများစွာ ရှိနေကြသည်။

“စစ်ဘေးရှောင်ပြီး အိမ်ပြန်လာတာနဲ့ ပြာတစ်ပုံပဲကျန်ပြီ။ စစ်ကောင်စီက မီးရှို့ပစ်ခဲ့တာလေ။ ပင်ပန်းလာလို့ ဝင်နားဖို့ အိမ်မရှိတော့ဘူး။ ကျမတို့လို တံငါအလုပ်နဲ့ ဒီအိမ်တစ်လုံး ဘယ်လိုမှ ထပ်မရနိုင်တော့ဘူး။ အခုလို လုပ်သွားတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူစေချင်တယ်” ဟု အောင်မင်္ဂလာရပ်ကွက်မှ ဒေါ်ဦးမေသိန်းက ပြောသည်။  

မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်း အဖွဲ့အစည်းတချို့က နေအိမ်ဆုံးရှုံးသွားသူများအား ကူညီထောက်ပံ့မှုအချို့ ရှိခဲ့သော်လည်း အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်။ 

ရခိုင်ဒေသတွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်၊ စာသင်ကျောင်း၊ အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေဆဲဖြစ်သည်။