- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
ဖေဖော်ဝါရီ ၉ ရက်၊ နံနက်ပိုင်းတွင် မင်းဂံ အကွက် ၁၂ နှင့် ၁၄ ရပ်ကွက်သို့ စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်လာရောက်ကာ အသက် (၂၀) အရွယ် မောင်ဇော်နိုင်ဦး၊ မောင်နီတူးချေ၊ မောင်ပုချေ၊ မောင်ဆန်းကိုဦးတို့ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
11 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၁
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည်မြို့တော် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် စောမြရာဇာလင်း ဦးဆောင်သည့် (ALP) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၉ ရက်၊ နံနက်ပိုင်းတွင် မင်းဂံ အကွက် ၁၂ နှင့် ၁၄ ရပ်ကွက်သို့ စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်လာရောက်ကာ အသက် (၂၀) အရွယ် မောင်ဇော်နိုင်ဦး၊ မောင်နီတူးချေ၊ မောင်ပုချေ၊ မောင်ဆန်းကိုဦးတို့ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
" ရပ်ကွက်တစ်ခုက နှစ်ယောက်စီ ပါသွားတယ်လို့ သိရတယ်။ ဖမ်းသွားတာက အကုန်လုံး လူငယ်တွေဖြစ်တယ်။ လူ ၁၀ ကျော်က ကားနဲ့ လာခေါ်သွားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းသွားမှန်းတော့ မသိရဘူး" ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များသည် ဖေဖော်ဝါရီ ၉ ရက်၊ ညနေပိုင်းတွင် အမှတ် (၁) ရဲစခန်းနှင့် ALP ရုံးသို့ သွားရောက်တွေ့ခွင့်တောင်းခဲ့သော်လည်း တာဝန်ရှိသူအချို့က စစ်ဆေးစရာကျန်ရှိသေး၍ နောက်ထပ် ရက်အနည်းငယ်လိုအပ်သည်ဟု ပြောကြားလိုက်ကြောင်း သိရသည်။
"သူတို့ကို စစ်ဆေးစရာရှိသေးတဲ့အတွက် နောက်ထပ် ၄ ရက်လောက်ကြာအုံးမယ်လို့ ပြောလိုက်တယ်။ သူတို့နဲ့တော့ အနီးကပ် မတွေ့ခဲ့ရဘူး။ ထမင်းစားရလား၊ ရေသောက် ရလားဆိုတာတော့ မသိဘူး။ မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတယ်" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည့် ကိစ္စနှင့်ပတ်သက်၍ ALP ဉက္ကဌနှင့် အထွေထွေ အတွင်းရေးမှူး ခိုင်သူရိန်တို့ကို DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ALP သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်တွေမြို့တွင် အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ခရီးသွားများနှင့် ကုန်သည်များထံမှ ဆက်ကြေးကောက်ခံခြင်းတို့ကို လုပ်ဆောင်နေသည်။
စစ်ကောင်စီက စစ်တွေမြို့ခံများအား ဖမ်းဆီးတရားစွဲဆိုရန် ALP က ပူးပေါင်းပါဝင် ဖမ်းဆီးခြင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ရေးဆောင်ရွက်နေခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသည်ကိုတွေ့မြင်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။