- ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၁)
- အကျဉ်းထောင် ၄ ခုတွင် ထောင်ဝန်ထမ်းများ နိုင်/ကျဉ်းမိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှု ဆိုးရွားနေ
- စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြင်းထန်နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ စည်းရုံးရေးလုပ်နေ
- ကျောက်ဖြူက စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေ
စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြင်းထန်နေ
စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း၊ ကျားမသောက်ဂိတ်၊ အောင်မင်္ဂလာ၊ ကြွဲတဲ၊ ပါဒလိတ်စသည့် ဂိတ်စခန်းများနှင့် အခြားတပ်ရင်းများကို အာရက္ခတပ်တော်က လက်နက်ကြီးအပါဝင် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
08 Feb 2025
![ပုံစာ - ရခိုင်ပြည်၊ မောင်တော နခခ (၅)စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - AA Info Desk](https://assets.dmediag.com/2025/2/Sittwe-Feb8.jpg)
DMG ၊ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်မြောက်ပိုင်းက စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စစ်တွေမြို့နယ်ရှိ တပ်ရင်းများနှင့် တပ်စခန်းများကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်)၊ ညဉ့်အချိန်မှ စတင်ကာ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း၊ ကျားမသောက်ဂိတ်၊ အောင်မင်္ဂလာ၊ ကြွဲတဲ၊ ပါဒလိတ်စသည့် ဂိတ်စခန်းများနှင့် အခြားတပ်ရင်းများကို အာရက္ခတပ်တော်က လက်နက်ကြီးအပါဝင် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
" ပထမ အေအေက လှမ်းပစ်တာ။ နောက်မှ နှစ်ဘက်အပြန်အလှန်ပစ်တာ။ အခုထိ ပစ်နေကြတုန်းပဲ " ဟု သတင်းရင်းမြစ်တစ်ဦးက ယနေ့ နေ့လယ် ၁ နာရီတွင် DMG ကို ပြောသည်။
ယမန်နေ့၊ ညဉ့် ၁၁ နာရီခန့်က စတင်သည့် ပစ်ခတ်မှုများမှာ ယနေ့ နံနက် ၅ နာရီတွင် ပစ်ခတ်မှု ရပ်တန့်သွားပြီးနောက် နံနက်ပိုင်းမှစတင်ကာ ထပ်မံ၍ အပြန်အလှန် ပစ်ခတ်မှုရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်များနှင့် ရွှေမင်းဂံအနီးရှိ စစ်ကောင်စီနေဗီတို့လည်း ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေကြောင်း သိရသည်။
" တစ်ညလုံး မအိပ်လိုက်ရဘူး။ အိမ်တွေ တုန်ခါသွားတယ်။ ဒီနေ့ပစ်တာ အရမ်းပြင်းတယ်။ နှစ်ဘက်လက်နက်ကြီးနဲ့ လှမ်းပစ်ကြတာ။ စစ်တွေတစ်မြို့လုံးမှာရှိတဲ့ တပ်တွေက အေအေ ရှိတယ်လို့ ယူဆတဲ့နေရာတွေကို လှမ်းပစ်တာ ဆူညံနေတာပဲ " ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့်လက စစ်ကောင်စီတပ်ရင်းများမှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများနှင့် နှစ်ဘက်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဇန်နဝါရီ ၁၇ ရက်နေ့နောက်ပိုင်းတွင် လက်နက်သံများ ငြိမ်သွားခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ စစ်တွေမြို့နယ်အတွင်း လက်နက်ကြီးသံများ ထပ်မံ ကြားလာရသဖြင့် စစ်တွေမြို့အတွင်း ပိတ်မိနေသည့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။
" တဖြည်းဖြည်း ပစ်ခတ်မှုတွေ ပြင်းထန်လာတယ်။ စစ်တွေမြို့နယ်ထဲက တချို့စခန်းတွေဆိုရင် အေအေက သိမ်းထားပြီဆိုတော့ ထပ်ပြီးတိုက်လာရင် မြို့ထဲကို ဝင်သိမ်းဖို့ပဲ ကျန်ပြီ။ မြို့ထဲမှာ ကျန်ခဲ့တဲ့လူတချို့လည်း ဒီစိတ်နဲ့ပဲ ရှင်သန်နေကြရတယ် " ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါး ရှိနေသည်။
AA က စစ်တွေမြို့သို့ ထိုးစစ်စတင်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီသည် ရေတပ်အင်အားကို အပြည့်အဝ တိုးချဲ့ချထားပြီး မြို့ဝင်လမ်းတလျှောက် ဂိတ်၊ စခန်းများကို အင်အားဖြည့်ကာ ကြည်း၊ ရေ၊ လေ ခုခံရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူမြို့ (၃) ခုကိုသာ စစ်ကောင်စီ ထိန်းချုပ်ထားသည်။