စစ်တွေမြို့ လုံခြုံရေးအတွက် ကင်းလှည့်ရန် စက်သုံးဆီ အခက်အခဲဖြစ်နေဟု ALP ပြော 

ပြည်သူ့အိုးအိမ် စောင့်ရှောက်ရေးကို ဆောင်ရွက်ရင်း ခိုးဆိုးလုယက်သူများအား ဖမ်းဆီးအရေးယူလျက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ALP စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က ပြောသည်။

By Admin 12 Sep 2024

၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က စစ်တွေရုံးချုပ်တွင် ပြုလုပ်ခဲ့သော ALP ရဲဘော်သစ် သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - ALP
၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က စစ်တွေရုံးချုပ်တွင် ပြုလုပ်ခဲ့သော ALP ရဲဘော်သစ် သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - ALP

DMG ၊ စက်တင်ဘာ ၁၂

စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) သည် စစ်တွေမြို့လုံခြုံရေးအတွက် စက်သုံးဆီအခက်အခဲများကြားမှ ကင်းလှည့်ဆောင်ရွက်လျက်ရှိကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြည်သူ့အိုးအိမ် စောင့်ရှောက်ရေးကို ဆောင်ရွက်ရင်း ခိုးဆိုးလုယက်သူများအား ဖမ်းဆီးအရေးယူလျက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ALP စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က ပြောဆိုထားသည်။

“ALP ဟာ ဧပြီလကစပြီး စစ်တွေမြို့တွင်းမှာရှိတဲ့ ပြည်သူအိုးအိမ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွေကို လုပ်လာခဲ့တာဖြစ်တယ်။ ဒါပေ့မယ် အစိုးရမဟုတ်တဲ့အတွက် စိတ်ရှိတိုင်းကို မလုပ်နိုင်ဘူး။ ကျနော်တို့ စက်သုံးဆီ အခက်အခဲတွေ အများကြီးကြုံနေရပါတယ်။ ဆီအခက်ခဲတွေကြားက ကင်းလှည့်နေရတာဖြစ်တယ်” 

ယင်းအပြင် စစ်တွေမြို့တွင် အရပ်သားများကို ဆေးကုသမှုပေးခြင်းများ ရှိနေကြောင်း သူက ဆက်ပြောသည်။ 

သို့သော် လက်တွေ့မြေပြင်တွင် ALP သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြသည်။ 

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ALP အနေနဲ့ စစ်တွေမြို့မှာ မြို့လုံခြုံရေးကို ကာကွယ်ပေးနေတယ် ဆိုတာထက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနေခြင်းမျိုးကိုသာ တွေ့နေရတယ်။ သူတို့ လုံခြုံရေးလုပ်တယ်ဆိုတာကလည်း စစ်ကောင်စီကို သတင်းပေးဖို့ အဆင့်လောက်ပဲရှိတယ်။ ပြည်သူ့လုံခြုံရေးအတွက် ဘာမှမပါဘူး” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ALP သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်တွေမြို့တွင် အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ခရီးသွားများနှင့် ကုန်သည်များထံမှ ဆက်ကြေးကောက်ခံခြင်း တို့ကို လုပ်ဆောင်နေသည်။ 

စစ်ကောင်စီက စစ်တွေမြို့ခံများအား ဖမ်းဆီးတရားစွဲဆိုရန်အတွက် ALP က ပူးပေါင်းပါဝင် ဖမ်းဆီးခြင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ရေးဆောင်ရွက်နေခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြောင်း ဒေသခံများက ပြောကြသည်။ 

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက “ALP ဆိုတာက ရခိုင်ပြည်လွတ်မြောက်အောင် တိုက်ဖို့ဆိုပြီး ဖွဲ့ထားတာဖြစ်တယ်။ အခုက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေကို တွေ့ရတယ်။ စစ်တွေမြို့လုံခြုံရေးအတွက် ဆောင်ရွက်တယ်ဆိုတာကလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်နေတာသာ ဖြစ်တယ်။ အဓိကတော့ သူတို့ရဲ့ နောက်ဆုံးအခြေအနေမှာ စစ်ကောင်စီအားကိုးနဲ့ စစ်တွေမြို့မှာ ထင်တိုင်းဆောင်ရွက်နေတာ” ဟု ပြောသည်။ 

စစ်တွေမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်လျှင် ALP ၏ အဆုံးသတ်အခြေအနေကို ရောက်ရှိလာနိုင်၍ ALP တပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အမှန်တကယ်တိုက်ခိုက်လိုလျှင် AA နှင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်တန်ပြီဟု ဦးဖေသန်းက ဆက်ပြောသည်။

စစ်တွေမြို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ရင်ဆိုင်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားကြောင်း ALP  ထိပ်ပိုင်းခေါင်းဆောင်များက ထုတ်ပြောထားသည်။ 

စစ်တွေမြို့တွင် ဌာနချုပ်အခြေစိုက်ထားသည့် ALP ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်းသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မပျက်မကွက် တက်ရောက်လျက်ရှိနေသည်။