- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရန် စစ်ကောင်စီ ထုတ်ပြောနေ
စစ်ကောင်စီသည် တရုတ်၏ ရင်းနှီးမြှုပ်နှံ့မှု ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု ပြောဆိုနေသော်လည်း လက်ရှိမြေပြင်တွင် မလွယ်ကူနိုင်သေးကြောင်း စီမံကိန်းအရေးလေ့လာသူများက ပြောသည်။ လက်ရှိ စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွးမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကျောက်ဖြူမြို့ကိုလည်း AAက ပိတ်ဆို့ဖြတ်တောက်ထားသည်။
15 Jan 2025
DMG ၊ ဇန်နဝါရီ၊ ၁၅
စစ်ရေးပဋိပက္ခနှင့် အကြောင်အမျိုးမျိုးကြောင့် ရပ်တန့်နေသည့် ရခိုင်ပြည်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကြီးကို ဆက်လက်အကောင်ထည်ဖော်ရေး ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် စစ်ကောင်စီဝန်ကြီးက ညွှန်ကြားလိုက်သည်။
ယမန်နေ့ (ဇန်နဝါရီ ၁၄) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တတိယအကြိမ်အစည်းအဝေးတွင် စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မည့် မြန်မာအစိုးရအသိအမှတ်ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity Consortium-GDE) ၏ အခြေအနေများ၊ စီမံကိန်းဧရိယာနှင့် တည်နေရာ ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး၊ တရုတ်နိုင်ငံ CITIC ဘက်မှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းရာတွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို အထောက်အကူပြုနိုင်ရန် မြန်မာဘက်မှ ကျွမ်းကျင်ပညာရှင် ဖွဲ့စည်းထားရှိမှု စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာန သတင်းထုတ်ပြန်သည်။
ထို့အတူ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ ရင်းနှီးမြှုပ်နှံ့သူအသစ်များဖြင့် ဆက်လက်လုပ်ကိုင်နိုင်စေရန် ညွှန်ကြားချက်များနှင့်အညီ လိုက်နာရေး ကိစ္စရပ်များကိုပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တရုတ်၏ ရင်းနှီးမြှုပ်နှံ့မှု ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု ပြောဆိုနေသော်လည်း လက်ရှိမြေပြင်တွင် မလွယ်ကူနိုင်သေးကြောင်း စီမံကိန်းအရေး လေ့လာသူများကပြောသည်။
“စစ်ကောင်စီက တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ပြောဆိုရုံကလွဲပြီး မြေပြင်မှာ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ အဓိကတော့ ဒီဒေသတွေဟာ စစ်ရေးပဋိပက္ခနယ်မြေထဲမှာ ရှိနေတာ။ ဆိုလိုတာက စီမံကိန်းချော့မွေ့စွာ အောင်မြင်နိုင်ဖို့ဆိုရင် အာရက္ခတပ်တော်နဲ့လည်း နွေးဆွေးရမယ့် အခြေအနေတစ်ရပ်ဖြစ်နေပြီ” ဟု စီမံကိန်းအရေး စောင့်ကြည့်နေသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်ကို AA က ပိတ်ဆို့ထားပြီး နေရာအနှံ့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်စစ်ရေး တင်းမာနေသည်။
ရခိုင်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုအနက် ၁၀ ခုကို အာရက္ခတပ်တော်( AA )က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ၂၀၂၄ ဒီဇင်ဘာ ၂၈ တွင် ထုတ်ပြန်သည်။
ISP - Myanmar ၏အချက်အလက်အရ သံတွဲနှင့် အမ်းမြို့ရှိ လေအားလျှပ် စစ်စီမံကိန်းများကို AA က အပြည့်အဝထိန်းချုပ်ထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ - နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ် - မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်းထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။
ရခိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA/AA) က ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “ အခုဆိုရင် AA က ရခိုင်က မြိုနယ်အများစုကို သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်တယ်။ ဒါကြောင့် ရခိုင်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားစီမံကိန်းတွေလည်း AA ရဲ့ အရှိန်မြင့်နေတဲ့ ထိုးစစ်အောက်ကို ရောက်သွားနိုင်သလို သိပ်မကြာခင်မှာ ရခိုင်တပြည်လုံးကို သိမ်းပိုက်သွားနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ရခိုင်တွင် မြိုနယ် ၁၇ ခုရှိသည့်အနက် မြိုနယ် ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိန်းချုပ်ထားသည့် မြို/ရွာများတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ဒေသဖွံဖြိုးရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို ဆောင်ရွက်နေသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြိုနယ်တို့ကိုသာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိတော့သည်။
အခြားတစ်ဖက်တွင်လည်း ကျောက်ဖြူမြို့သိမ်းတိုက်ပွဲများတွင် တရုတ်ကြားဝင်ပြီး AA အပေါ် ဖိအားပေးခြင်းများရှိနိုင်သော်လည်း AA ခေါင်းဆောင်များအနေဖြင့် လိမ်မာပါးနပ်စွာဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ရကြောင်း လေ့လာသူများက ရှုမြင်ထားကြသည်။
“အာရက္ခတပ် တော်ရဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း တရုတ်ရဲ့ဖိအားကိုလည်း ပါးပါးနပ်နပ်နဲ့ တရုတ်အကျိုးစီးပွားကိုလည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်မယ်လို့မြင်တယ်။ နောက်ဆုံး တစ်စုံတစ်ခု ထိခိုက်တော့မယ်ဆိုရင်တောင်မှ မြို့သိမ်းပြီးတဲ့အခါ အာရက္ခတပ် တော်နဲ့ တရုတ်နဲ့ပြန် ဆွေးနွေးပြီးတော့မှ ပြန်ပြင်ရင်ရနိုင်မယ်” ဟု ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ကိုဇော်ထွန်းက DMG နှင့် သီးသန့်အင်တာဗျူးတွင် ပြောထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ် ကုမ္ပဏီ (CITIC) နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့ကြသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခု ပါဝင်ကာ စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။