- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
တော်လှန်ရေးတပ်များ ထိုးစစ်ကို စက်တပ်လေထီးများဖြင့် ခုခံမှု စစ်ကောင်စီ ပိုလုပ်လာ
လတ်တလော AA နှင့် ပူးပေါင်းတို့ တိုက်ပွဲ အရှိန်မြင့်နေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် ယခုနှစ် ၂၀၂၅ ခုနှစ်၊ အစောပိုင်းမှ စ၍ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်ခြင်းများကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လာနေခြင်း ဖြစ်သည်။
06 Mar 2025

DMG ၊ မတ် ၆
အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေးတိုင်း တိုက်ပွဲများတွင် စစ်ကောင်စီက ပါရာမိုတာ (ခေါ်) စက်တပ်လေထီးများကို အသုံးပြု တိုက်ခိုက်မှုနှင့် ကင်းထောက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လတ်တလော AA နှင့် ပူးပေါင်းတို့ တိုက်ပွဲ အရှိန်မြင့်နေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် ယခုနှစ် ၂၀၂၅ ခုနှစ်၊ အစောပိုင်းမှ စ၍ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်ခြင်းများကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လာနေခြင်း ဖြစ်သည်။
" စက်တပ် လေထီးကတော့ မကွေး၊ ပဲခူး၊ မန္တလေးတို့ အဲဘက်တွေမှာ သုံးတာ များတယ်။ သူတို့က အဓိကတော့ လေယဥ်ချွေတာ လိုက်တာပေါ့နော်။ ကင်းထောက်လို့လည်းရ၊ တိုက်ခိုက်လို့လည်း ရတယ်။ သို့ပေမယ့် ပွိင့် ၅ လို စက်သေနတ်တွေလောက်နဲ့ ဆိုရင် ရအောင်ပစ်ချလို့ရတဲ့ အနေထားပါ" ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ပဲခူးတိုင်း၊ ညောင်ကျိုးတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း ပစ်ကူပေးခဲ့သည့် စက်တပ်လေထီး ၂ စီးကို အာရက္ခတပ်တော် (AA) မှ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်ရိုးမနှင့် အစပ်ဒေသဖြစ်သည့် ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ အသုံးပြုနေသည့် စက်တပ်လေထီးများသည် အကွာအဝေး မိုင် ၃၀ မှ ၉၀ အထိ ပျံနိုင်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁,၈၀၀ ထိ ပျံတက်နိုင်ကာ တစ်နာရီလျှင် မိုင် ၄၀ မှ ၆၀ နှုန်းအထိ ပျံသန်းနိုင်ကြောင်း သိရသည်။
" စစ်ကောင်စီက အခုတလော အဲဒီ စက်တပ်လေထီးတွေကို အတော်သုံးလာတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကိုထက် တိုက်ပွဲအနီးက ရွာတွေကို ကင်းထောက်တာတွေ ဗုံးကြဲတာတွေ ပိုလုပ်တယ်ဗျ " ဟု မကွေးတိုင်းမှ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်ဇောက်ကျေးရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုန်ညှင်းကျေးရွာက လယ်တဲများကို စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲသောကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက စက်တပ်လေထီးများ အသုံးပြုတိုက်ခိုက်မှု များလာနေ၍ ဒေသကာကွယ်ရေးတပ်များက ၎င်းတို့ ထိန်းချုပ်ကျေးရွာများကို စက်တပ်လေထီးနှင့် ပတ်သက်ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။