ငါးသိုင်းချောင်းတွင် တိုက်ပွဲပြင်းထန်

လတ်တလောတွင် အမြောက်တပ်ရင်း၏ ကာကင်းစခန်းများဖြစ်သည့် သီဟိုခင်း စခန်း၊ ကျားတက်စခန်း၊ ကျွဲတလင်းစသည့် စခန်းများကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီသည် လေကြောင်းပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

By Admin 20 Mar 2025

ဓာတ်ပုံ - AA Info Desk။
ဓာတ်ပုံ - AA Info Desk။

DMG ၊ မတ် ၂၀

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ အမတ ၃၄၄ ကာကင်းစခန်းများကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

လတ်တလောတွင် အမြောက်တပ်ရင်း၏ ကာကင်းစခန်းများဖြစ်သည့် သီဟိုခင်း စခန်း၊ ကျားတက်စခန်း၊ ကျွဲတလင်းစသည့် စခန်းများကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီသည် လေကြောင်းပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက အတော်ပြင်းနေတယ်။ အမတ ၃၄၄ ရဲ့ ကာကင်း စခန်း ၃ ခု ကို အေအေနဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိကြသလို လေးမျက်နှာမြို့နယ်မှာလည်း ချင်းလယ်ရွာနဲ့ ကညင်တိုင်း ကျေးရွာအနီးတွေမှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်” ဟု ပြောသည်။

လက်ရှိ ဧရာဝတီတိုင်းတွင် မြို့နယ် ၄ ခုအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ကောင်စီဖက်ကလည်း လေကြောင်းပစ်ကူနှင့် ပြည်သူ့စစ်များဖြင့် အင်အားဖြည့်တင်းနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်ရှိ  ချင်းလယ်၊ ကညင်တိုင်း၊ စောပြာ၊ စက်စက်ယိုကျေးရွာ အနီးတို့ မှာလည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

အမတ ၃၄၄ သည် ပုသိမ် - မုံရွာလမ်းပိုင်းတွင် ရှိနေသည်။ ထို့အတူ အဆိုပါ တိုက်ပွဲများသည် ဧရာဝတီတိုင်းရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အနေအထားတွင်ရှိနေသဖြင့်  စစ်ကောင်စီအတွက် အလွန်အရေးပါကြောင်း သိရသည်။

 “လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ အမတ ၃၄၄ တပ်ရင်းက ပုသိမ်-မုံရွာ လမ်းမပေါ်မှာရှိတယ်ဆိုတော့ အတော်လည်းကို အရေးပါတဲ့ အနေအထားမှာရှိတယ်။ အထူးသဖြင့် ပုသိမ် - မုံရွာလမ်းလမ်း ကွင်းကောက်အထိ ထိုးစစ်ဆင်လို့ ရသလို ပုသိမ် အနောက်တောင်တိုင်း (ဌာနချုပ်) ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်နိုင်တယ်။ ဒါကြောင့် စစ်ကောင်စီက အပြင်းအထန်ခုခံဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ပြောသည်။

လက်ရှိ တိုက်ပွဲများကြောင့် ရေကြည်မြို့နယ်က ကျေးရွာအချို့နှင့် လေးမျက်နှာမြို့နယ်က ကျေးရွာအချို့တို့မှာ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယင်းအပြင် ပုသိမ်- မုံရွာလမ်းဆုံတွင်ရှိသည့် ရေနံသာစစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီက မတ် ၁၇ ကစပြီး သွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များမှာ ဇန်နဝါရီလ ကတည်းက ဧရာဝတီတိုင်းတွင် တိုက်ပွဲဖော်ဆောင်လာ ကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၅ ခုထက်မနည်းကိုလည်း သိမ်းပိုက်ရရှိထားကြသည်။