ရသေ့တောင်တွင် စစ်ဘေးရှောင် တစ်သောင်းခန့် စားဝတ်နေရေး အခက်ကြုံနေ

ကုန်ဈေးနူန်း အဆမတန်မြင့်မားခြင်း၊ အထောက်အပံ့ရရှိမှု နည်းပါးခြင်းနှင့် နေရပ်ပြန်နိုင်ရန် ကြန့်ကြာလာမှုနှင့်အတူ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်ကြုံနေကြခြင်း ဖြစ်သည်။

By Admin 10 Mar 2025

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။

DMG ၊ မတ် ၁၀

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ စစ်‌ဘေးရှောင် တစ်သောင်းခန့်မှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့် ကူညီပေးနေသူများက ပြောသည်။

ကုန်ဈေးနူန်း အဆမတန်မြင့်မားခြင်း၊ အထောက်အပံ့ရရှိမှု နည်းပါးခြင်းနှင့် နေရပ်ပြန်နိုင်ရန် ကြန့်ကြာလာမှုနှင့်အတူ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်ကြုံနေကြခြင်း ဖြစ်သည်။

" ကုန်ဈေးနူန်းက ရိုက်ခတ်မှု ရှိတာပေါ့။ ဒေသခံတွေတောင် လိုအပ်နေတာမှာ စစ်ဘေးရှောင်တွေကတော့ အဓိက လိုအပ်နေတာပေါ့။ ကျနော်တို့ဘက်မှာက စစ်ဘေးရှောင်တွေ ကယ်ဆယ်ရေးလည်း သိပ်မရကြဘူး" ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ကြက်သွန်နီ တစ်ပိသာလျှင် ငွေကျပ် ၁၅,၀၀၀ ၊ ကြက်သွန်ဖြူ တစ်ပိသာလျှင် ငွေကျပ် ၂၅,၀၀၀ ၊ စားသုံးဆီ တစ်လီတာလျှင် ငွေကျပ် ၁၀,၀၀၀၊ ဓါတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၉,၀၀၀ အထိ ဈေးမြင့်တက်နေသည်။

ယင်းအပြင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းအချို့မှ အကူအညီအထောက်အပံ့ ရရှိသော်လည်း ခြောက်လလျှင် တစ်ကြိမ်နှုန်းဖြင့်သာ ရရှိ၍ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

" စားဝတ်နေရေးက ခက်ခဲတာပေါ့ ။ ဒီကာလက အလုပ်အကိုင်လည်း ရှားပါးတော့ စစ်ဘေးရှောင်တွေမှာ အလုပ်အကိုင်လည်း မရှိကြဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း ‌ဒေသခံတွေတောင် အခက်ကြုံနေတာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း တကယ် မသိတော့ပါဘူး" ရသေ့တောင်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲအပြင် ရေရှားပါးမှု ပြဿနာကိုလည်း စတင်ကြုံတွေ့ လာနေကြောင်း ပြောဆိုကြသည်။

စစ်ဘေးရှောင်များနေထိုင်သည့် လောင်းစင်၊ တင်းကုတ်ကျေးရွာများ ရေ ခမ်းခြောက်မှုနှင့် ကြုံတွေ့နေရပြီး စစ်ဘေးရှောင် များပြားသည့် ကျေးရွာများတွင်လည်း ရေမလုံလောက်မှု အခက်အခဲနှင့် ကြုံနေကြသည်။

" ရေက နှစ်ပေလောက်ပဲ ကျန်တော့တယ်။ ရေကို ခွဲဝေသုံးစွဲနေရတဲ့ အခြေအနေပါ။ တချို့ရွာတွေဆိုလည်း စစ်ဘေးရှောင်တွေများတော့ ဒီလကုန်ရင် ရေခမ်းတော့မယ့် အခြေအနေတွေ ရှိပါတယ်" ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ရေခမ်းခြောက်လာမှုနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HDCO) မှ ရေသုံးစွဲမှု စစ်တမ်းကောက်ယူခြင်း ရေအရင်းအမြစ်များ ရှာဖွေပြီး ရေရရှိအောင် လုပ်ဆောင်နေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်လူဦးရေ ၉,၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်တို့မှ ဖြစ်ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ နီးစပ်ရာ ဆွေမျိုးအိမ်များ၊ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသည်။

ရသေ့တောင်မြို့နယ်ကို အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ် ၁၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ် ထားသော်လည်း မြို့ခံများနှင့် ကျေးရွာသားအချို့မှာ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ မိုင်းအန္တရာယ်တို့ကို စိုးရိမ်၍ နေရပ်မပြန်သေးကြဟု စစ်ဘေးရှောင်များက ပြောသည်။