စနစ်ပြောင်းတော်လှန်ရေးအပေါ်  တရုတ်ဖိအား အကျိုးမရှိဟု NUG ပြော

တရုတ်၏ ဖိအား မရှိလျှင် စစ်ကောင်စီအပေါ် တော်လှန်ရေးမှာ အလျှင်အမြန် ပြီးမည်ဖြစ်ပြီး ဖိအားရှိနေ၍ ပိုမိုရုန်းကန်ရသည့် အပြင် ပြည်သူ၏ စိုးရိမ်မှုမြင့်တက်စေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

By Admin 06 Nov 2024

NUG ကာကွယ်ရေးဝန်ကြီးနှင့် PDF တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - NUG)
NUG ကာကွယ်ရေးဝန်ကြီးနှင့် PDF တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - NUG)

DMG ၊ နိုဝင်ဘာ ၆ 

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား ဖယ်ဒရယ်စနစ်ပြောင်း တော်လှန်နိုင်ရေး ကြိုးပမ်းနေချိန်တွင် ဖိအားပေးခြင်းသည် တရုတ်အတွက် အကျိုးမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။ 

နိုဝင်ဘာ ၅ ရက်နေ့က ပြုလုပ်သည့် NUG အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားများ တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များ၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အာဏာသိမ်းတဲ့ သံသရာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် စစ်တပ် နိုင်ငံရေးမှာမပါတဲ့ စနစ်ပြောင်းတော်လှန်ရေး ဖြစ်ရမယ်။ တိုင်းရင်းသားတွေအတွက်လည်း ဖက်ဒရယ်စနစ်ကို အာမခံနိုင်တဲ့ စနစ် ဖြစ်ရမယ်။ ဒီအဖြေကိုရဖို့ဆိုရင် ဟိုက ဖိအားပေး၊ ဒီက ဖိအားပေး ဆိုရုံနဲ့တော့ တရုတ်အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ 

တရုတ်၏ ဖိအား မရှိလျှင် စစ်ကောင်စီအပေါ် တော်လှန်ရေးမှာ အလျှင်အမြန် ပြီးမည်ဖြစ်ပြီး ဖိအားရှိနေ၍ ပိုမိုရုန်းကန်ရသည့် အပြင် ပြည်သူ၏ စိုးရိမ်မှုမြင့်တက်စေသည်ဟုလည်း ဒေါ်ဇင်မာအောင်က ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊ TNLA၊ KIA နှင့် AA တို့မှာ တရုတ်၏ တိုက်ပွဲရပ်စဲရေး၊ နယ်စပ်ဒေသအရေး စသည့် ဖိအားပေးမှုများနှင့် ကြုံတွေ့နေရသည်။ 

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်နေသည်။ 

စစ်ခေါင်းဆောင်အား တရုတ်နိုင်ငံသို့ ဖိတ်ကြားမှုသည် တရုတ်-မြန်မာ ဆက်ဆံရေး အဖုအထစ် ဖြစ်သွားနိုင်ကြောင်း NUG က ဆိုသည်။ 

“တရုတ်ရဲ့ ဖိတ်ကြားခြင်းက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်သလို မဖြစ်ဖို့နဲ့ ဒီခရီးစဉ်ဟာ တရုတ် -မြန်မာ အဖုအထစ်ဖြစ်သွားနိုင်တယ် ဆိုတာကို စိုးရိမ်ကြောင်း တရုတ်ဘက်ကို အသိပေးထားတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့မှာ တရုတ်၏ ဖိအားရှိနေသော်လည်း ကြံ့ကြံ့ခံရင်ဆိုင်ကာ ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ဆောင်သွားမည်ဟု ယုံကြည်ပြီး ညီနောင်သုံးဖွဲ့နှင့် ဘုံရည်မှန်းချက် တူညီကြောင်းလည်း NUG က ဆိုထားသည်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအားလုံး ညီညွတ်စွာဖြင့် လုပ်ဆောင်လျှင် စစ်ကောင်စီ ကျရှုံးနိုင်ကြောင်း NUG အပါအဝင် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ကရင်နီတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။ 

“စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအရ ကျနော်တို့ အများကြီး (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်ကို နှိမ်နင်း နိုင်တာတွေ ဖိအားပေးနိုင်တာတွေ အများကြီးလုပ်နိုင်ပါပြီ။ ကျနော်တို့ အားလုံးသာ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ဒီထက် နောက်တစ်ဆလောက် ထပ်တိုးလိုက်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ဒီနေ့နဲ့ မနက်ဖြန် ကျဆုံးသွားဖို့ အနေအထားမှာ ရှိပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

NUG၊ KNU၊ KNPP၊ CNF တို့၏ ဘုံသဘောတူညီချက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ရေး၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး စသည့် အချက်များ ပါဝင်သည်။