အကြီးအကျယ် ခြေလှမ်းမှားသွားနိုင်တဲ့ တရုတ်လုံခြုံရေး အစီအစဉ်

တရုတ်တွင် ၂၀၀၉ ခုနှစ်က ဥပဒေ အပြောင်းအလဲများ၏ ရလဒ်အဖြစ် ပုဂ္ဂလိက လုံခြုံရေး ကဏ္ဍနယ်ပယ်တွင် လုပ်ငန်းချဲ့ထွင်မှုများ ရှိလာခဲ့သည်။ တရုတ်ပြည်တွင်း၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ကူညီကာကွယ်ပေးနေသည့် လုံခြုံရေးကုမ္ပဏီ ထောင်ပေါင်းများစွာ ရှိသလို နိုင်ငံပြင်ပ၌လည်း အာရှအလယ်ပိုင်းမှသည် အာဖရိကအထိ လည်ပတ်နေကြသည့် ကုမ္ပဏီ ဒါဇင်ပေါင်းများစွာ ရှိသည်။

By Admin 17 Dec 2024

၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က တရုတ်ပြည် အန်းဟွေပြည်နယ်တွင် ပြုလုပ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှု တစ်ရပ်။ ဓာတ်ပုံ - Reuters
၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က တရုတ်ပြည် အန်းဟွေပြည်နယ်တွင် ပြုလုပ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှု တစ်ရပ်။ ဓာတ်ပုံ - Reuters

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ရန် လျှောက်လဲမှုနှင့်အတူ မြန်မာစစ်ကောင်စီ၏ တရားဝင်မှု အသက်ရှူပေါက် ကျပ်လာသည့် အချိန်တွင် တရုတ်အစိုးရကမူ ကူညီသည့်လက်ကို ပို၍ပင် ရှည်ရှည်လျားလျား ကမ်းလင့်ပေးနေဟန် ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ နိုင်ငံကို ပြည်တွင်းစစ်ထဲသို့ ဆွဲသွင်းလိုက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် ဝမ်ယီအတွက် ပထမဆုံး မြန်မာပြည်ခရီးစဉ်လည်း ဖြစ်သည်။

ထို့နောက်တွင် နိုဝင်ဘာလ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သို့ စစ်အစိုးရ အကြီးအကဲအဖြစ် ပထမဆုံးအကြိမ် အလည်အပတ် သွားသည်။

ပြီးခဲ့သော သီတင်းပတ်များအတွင်း ထွက်ပေါ်ခဲ့သည့် သတင်းများအရ ဆိုလျှင် တရုတ်အစိုးရနှင့် မြန်မာစစ်ကောင်စီတို့သည် တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများကို ပြည်တွင်းစစ်မှ အကာအကွယ် ပေးရန်အတွက် ပူးတွဲ လုံခြုံရေးကုမ္ပဏီတစ်ခု ထူထောင်နေကြသည်ဟု သိရသည်။ ဤဖြစ်ထွန်းပြောင်းလဲမှုသည် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေပြီး ပါဝင်ပတ်သက်သူ မည်သူ့အတွက်မဆို နိမိတ်လက္ခဏာကောင်း မဟုတ်ပေ။

ဤခြေလှမ်းသည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအောင်ပွဲ အပါအဝင် အတိုက်အခံများ၏ စစ်ရေးအောင်ပွဲကြီးများ တသီတန်း ရှိလာပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆိုပါလက်နက်ကိုင် အဖွဲ့များသည် တရုတ်မြန်မာ နယ်စပ်အနီးရှိ နယ်မြေဧရိယာ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ တရုတ်ထံမှလည်း နားလည်မှုဖြင့် ခွင့်ပြုချက်များကို အနည်းဆုံးအားဖြင့် ကနဦးပိုင်းတွင် ရရှိခဲ့ကြသည်။

ပုဂ္ဂလိက တရုတ်လုံခြုံရေးများ မြန်မာနိုင်ငံတွင် နေရာချထားရေးနှင့် ပတ်သက်၍ မရှင်းသည့် အပို်င်းမှာ အများကြီး ရှိနေသေးသည်။ သေချာသည့်တစ်ချက်မှာ နှစ်ပေါင်းများစွာ စည်းခွထိုင်နေခဲ့သည့် တရုတ်သည် စစ်ကောင်စီဘက်မှ အတိအလင်း လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုသည့်အချက် ဖြစ်သည်။

ပုဂ္ဂလိက လုံခြုံရေးကော်ပိုရေးရှင်းများ အသုံးပြုမှု များပြားလာသည့် တရုတ်

ပုဂ္ဂလိက လုံခြုံရေး ကော်ပိုရေးရှင်းများ၊ ပုဂ္ဂလိက စစ်ရေးကော်ပိုရေးရှင်းများကို ပိုမိုအသုံးချလာနေကြသည့် အစိုးရများ အများအပြားရှိသည်။ သမားရိုးကျ စစ်တပ်နေရာ ချထားမှုများနှင့်အတူ သံတမန်ရေးရာ ရှုပ်ထွေးမှုများ ကျွဲကူးရေပါ လိုက်လာသည်ဖြစ်ရာ ထိုသို့ မဖြစ်စေဘဲ အခြားနိုင်ငံများအပေါ် သြဇာနှင့် ပါဝါ ပြသသည့် နည်းလမ်းအဖြစ် ပုဂ္ဂလိက လုံခြုံရေးတပ်များကို အသုံးပြုကြခြင်း ဖြစ်သည်။ 

ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများသည် အခြေခံအားဖြင့် နိုင်ငံတစ်ခုရှိ လူပုဂ္ဂိုလ် သို့မဟုတ် အကျိုးစီးပွားများအတွက် လုံခြုံရေးဝန်ဆောင်မှု ပေးသည်။ တစ်ဘက်တွင်လည်း ဤကုမ္ပဏီများသည် အစိုးရသို့မဟုတ် အခြားသော လူပုဂ္ဂိုလ်များအတွက် ပိုမို၍ အတွင်းကျကျ စစ်ရေးအရ ဆောင်ရွက်ပေးမှုများ ရှိသည်။ ဤအထဲ၌ လက်နက်အုံကြွမှု နှိမ်နင်းရေး ဆောင်ရွက်ပေးခြင်း သို့မဟုတ် တိုက်ပွဲဝင်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းတို့လည်း ပါဝင်သည်။

တရုတ်သည် နိုင်ငံပြင်ပ စစ်ဆင်ရေးကစားပွဲများတွင် နောက်ကျမှ ဝင်လာသူ ဖြစ်သည်။ သို့သော်လည်း တရုတ်အတွက် ရုရှား၏ ဝဂ္ဂနာအဖွဲ့ (Wagner Group)၊ အမေရိကန်ပြည်ထောင်စု၏ ဘလက်ဝါးတား (Blackwater) ကုမ္ပဏီတို့ကဲ့သို့ လောလောလတ်လတ် နမူနာယူစရာများ အများအပြားရှိသည်။ 

တရုတ်တွင် ၂၀၀၉ ခုနှစ်က ဥပဒေ အပြောင်းအလဲများ၏ ရလဒ်အဖြစ် ပုဂ္ဂလိက လုံခြုံရေး ကဏ္ဍနယ်ပယ်တွင် လုပ်ငန်းချဲ့ထွင်မှုများ ရှိလာခဲ့သည်။ တရုတ်ပြည်တွင်း၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ကူညီကာကွယ်ပေးနေသည့် လုံခြုံရေးကုမ္ပဏီ ထောင်ပေါင်းများစွာ ရှိသလို နိုင်ငံပြင်ပ၌လည်း အာရှအလယ်ပိုင်းမှသည် အာဖရိကအထိ လည်ပတ်နေကြသည့် ကုမ္ပဏီ ဒါဇင်ပေါင်းများစွာ ရှိသည်။

တရုတ်ကုမ္ပဏီများသည် ယေဘုယျအားဖြင့်တော့ တိုက်ပွဲဝင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်လေ့ရှိပြီး ဆောက်လုပ်ရေးစီမံကိန်းများ၊ လူပုဂ္ဂိုလ်များ၊ တရုတ် ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် ဆက်နွယ်သည့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရန်သာ အာရုံစိုက် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ လည်ပတ်နေသည့် တရုတ်လုံခြုံရေး ကုမ္ပဏီ လေးခုရှိနေပြီဟု သိရသည်။ သို့သော်လည်း ယခု အသစ်ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီမှာမူ လုပ်ဆောင်ချက် မူဘောင်များ ခြေလှမ်း ပိုကျယ်မည့်သဘော ရှိသလို စီမံကိန်းအရေအတွက်လည်း ရှိနိုင်သည်။

ဤကုမ္ပဏီများသည် မည်သည်ကို ကာကွယ်ကြမည်နည်း။ တရုတ်၏ အဓိက မဟာဗျူဟာ စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဖြစ်သည်။ ဤစီမံကိန်း၌ အဆိုပြုထားသည့် ရထားလမ်း တစ်ခု၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှသည် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ ပိုက်လိုင်းတစ်စုံတို့ ပါဝင်သည်။ တရုတ်သည် ရေနက်ဆိပ်ကမ်း တစ်ခုလည်း ကျောက်ဖြူ၌ တည်ဆောက်နေသည်။

ဤပိုက်လိုင်းများသည် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့ရှိ လက်နက်ကိုင်အုပ်စု အမျိုးမျိုး ထိန်းချုပ်ထားကြသည့် ပိုင်နက်အများအပြားမှ ဖြတ်သန်းသွားသည်။ ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် အင်အားကြီး အာရက္ခတပ်တော်သည်လည်း ကျောက်ဖြူတစ်ဝိုက်ရှိ ဧရိယာများကို ထိန်းချုပ်ထားသည်။

အတိုက်အခံ အုပ်စုများသည် စစ်ကိုင်းတိုင်းရှိ တရုတ်ပိုင် နီကယ်သတ္တုသန့်စင်စက်ရုံ တစ်ရုံနှင့် မန္တလေးတိုင်းရှိ တရုတ်ကူညီနေသည့် ဘိလပ်မြေ စက်ရုံတစ်ရုံတို့ကိုလည်း သိမ်းပိုက်ထားသည်။

ဂယက်ရိုက်ခတ်နိုင်ခြေများ

ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများသည် ပုံမှန်အခြေအနေ၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် သီးခြားစီရှိနေသော်လည်း အဆိုပါ အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများတွင် PLA က ပါဝင်ပတ်သက်ခြင်း၊ သြဇာလွှမ်းမိုးခြင်းများ လုပ်လျှင်လည်း ဟန့်တားနိုင်စွမ်း မရှိသလောက်သာ ဖြစ်သည်။

မြန်မာပြည်ထဲတွင် ပုဂ္ဂလိက တရုတ် လုံခြုံရေးကုမ္ပဏီများ ရှိနေခြင်းသည် တရုတ်လူမျိုးများ တိုက်ပွဲကြားညှပ်ပြီး  အသက်ဆုံးပါရသည့် အခြေအနေအထိလည်း ဖြစ်ချင် ဖြစ်သွားနိုင်သည်။

လတ်တလောတွင် ဆီးရီးယား၌ အာဏာရှင် အာဆတ်အစိုးရ ရုတ်ခြည်း ပြုကျသွားခြင်းကလည်း စစ်ရေးအရ တော်လှန်ပုန်ကန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသော အာဏာရှင်များသည်  တခါတရံ၌ မြန်မြန်ဆန်ဆန်ပင် ပြုတ်ကျသွားနိုင်ကြောင်းကို ပြသနေသည်။

အတိုက်အခံများကို ဖိနှိပ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရများကို ထောက်ပံ့ပေးခြင်းသည် အခြေအနေ မမျှော်လင့်ဘဲ ပြောင်းလဲသွားပါက စစ်ရေးနှင့် စီးပွားရေး ပိုင်ဆိုင်မှုများ အခက်ကြုံရနိုင်ကြောင်းကို ရုရှားနှင့် အီရန်တို့ မြင်တွေ့နေရပြီ ဖြစ်သည်။

မြန်မာစစ်ကောင်စီ အဖို့ကတော့ တရုတ်လုံခြုံရေးတပ်များ ဝင်ပါလာခြင်းသည် စစ်ကောင်စီခေါင်းဆောင်၏ မဟာမိတ်များ၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများအတွက် အခြေခံ လုံခြုံရေးပင် မပံ့ပိုးပေးနိုင်ကြောင်းကို အရှက်ရဖွယ် ပြသလိုက်ခြင်း ဖြစ်လေသည်။

နဂိုတည်းက တရုတ်ကို မှီခိုနေရသော စစ်ကောင်စီကို ပို၍ မှီလာရအောင်လည်း ယခုကိစ္စရပ်က ဖန်တီးနေသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် ရုရှားသည် အဓိက လက်နက်ထောက်ပံ့သူ ဖြစ်လာသော်လည်း တရုတ်နိုင်ငံသည် စစ်ကောင်စီကို စစ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံနေသည့် အဓိကရင်းမြစ်နေရာတွင် ရှိနေဆဲ ဖြစ်သည်။

တော်လှန်ရေးတပ်များ အတွက်ကတော့ တရုတ်လုံခြုံရေး စီမံချက်များသည် စီးပွားရေးနှင့် လူနေမှု အချက်အချာ နေရာများကို ထိန်းချုပ်ရန် ၎င်းတို့၏ ကြိုးပမ်းနေမှုများကို ပိုမိုရှုပ်ထွေးစေမည် ဖြစ်သည်။

ထို့အပြင် ယခုအစီအစဉ်က တရုတ်သည် ယခုအခါ စစ်ကောင်စီကို တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အတွက် ထောက်ပံ့ကူညီမှုများကို ကန့်သတ်တော့မည်ဟုလည်း သဘောသက်ရောက်နိုင်သည်။ ဥပမာအားဖြင့် တရုတ်မျိုးနွယ်စုဝင်ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို ဆက်ခံသော အဖွဲ့ကို ဖြစ်သည်။ ဤသည်က အတိုက်အခံများအား ပြည်တွင်းတွင် အသေးစားလက်နက်များ ထုတ်လုပ်မှုဆီသို့ ဦးတည်သွားစေနိုင်သည်။

အတိုက်အခံများသည် ရေရှည်တွင် ၎င်းတို့အပေါ် ထားရှိသည့် တရုတ်၏ ဖိအားများကို လျှော့ချနိုင်ရေးအတွက် သူတို့၏ စီးပွားရေး ကိစ္စရပ်များအား မှောင်ခိုကူးခြင်း သို့မဟုတ် တရုတ်လမ်းကြောင်းမှ ဆောင်ရွက်ခြင်းများကို ကျော်လွန်၍ အခြားနည်းနာများလည်း ရှာလာနိုင်သည်။ 

နောက်ဆုံးအားဖြင့် ဆိုရလျှင် နိုင်ငံတစ်ဝန်းတွင် ရှိနေသည့် တရုတ်ဆန့်ကျင်ရေး အမြင်သည် တရုတ်လုံခြုံရေး တပ်များကြောင့် ပိုမိုခိုင်မာသွားစေနိုင်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ၌ ဆိုလျှင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် ဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် ပျက်စီးမှုအချို့ရှိခဲ့သည်။

ဒေသတွင်းဂယက်

ယခုအပြောင်းအလဲများအား အိန္ဒိယက စိုးရိမ်ပူပန်မှုဖြင့် စောင့်ကြည့်နေမည်ကတော့ သံသယဖြစ်စရာ မလိုပါပေ။ ဤအစီအစဉ်သာ ရှေ့ဆက်တိုးလာပါက အိန္ဒိယ၏ ကုလားတန်စီမံကိန်းကြီး တည်ရှိရာ ရခိုင်ပြည်နယ်တွင် အခြေချသည့် တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင် အရေအတွက်သည် ပိုတိုးလာမည် ဖြစ်သည်။  

မြန်မာနိုင်ငံ၏ နောက်ထပ် အိမ်နီးချင်းများ ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းတို့သည်လည်း ၎င်းတို့၏ တံခါးဝတွင် တရုတ်လုံခြုံရေးတပ်များ ရှိနေသည်ကို စိုးရိမ်ကြမည်မှာ သေချာသလို မြန်မာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ရှိလာနိုင်သည်။

တရုတ်က အသစ်ကြံဆလာသည့် အကူအညီသည် စစ်ကောင်စီကို အသက်ဆက်ပေးနိုင်သည့် တချိန်တည်း၌ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည်လည်း မြန်မာ့ပဋိပက္ခနှင့် ပတ်သက်၍ လူအများပိုမိုအကျုံးဝင်မည့် နိုင်ငံရေး အဖြေတစ်ရပ် ရရှိအောင် ဆက်လက် ကြိုးပမ်းနေသည်။ ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံတွင် တရုတ်လုံခြုံရေး အဖွဲ့များ တိုးပွားလာသည့်အပေါ် အပြုသဘော ရှုမြင်ကြမည့်ဟန် ရှိမနေပေ။

The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Chinese security companies are putting boots on the ground in Myanmar. It could go disastrously wrong သဘောထားအမြင် ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Adam Simpson သည် South Australia တက္ကသိုလ် နိုင်ငံတကာလေ့လာရေး ဌာန၏ အကြီးတန်း ကထိကတစ်ဦး ဖြစ်သည်။