- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီကို တရုတ်ဘက်က ဘယ်အထိ ကူညီစောင်မနေဦးမှာလဲ
တရုတ်သည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သလို စစ်ကောင်စီအတွက် အဓိကကျသည့် လက်နက်ရင်းမြစ်တစ်ခုလည်း ဖြစ်နေသည်။ ဘေကျင်းသည် မြန်မာစစ်ကောင်စီ မကျရှုံးအောင် ဖေးမပေးရန် ဆုံးဖြတ်ထားသည့် သဘောရှိသည်။
15 Dec 2024
တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်များ အရှိန်မြင့်လာသည်နှင့်အမျှ တရုတ်သည် မြန်မာ့ပဋိပက္ခတွင် ပိုပို၍ ဝင်ပါလာနေသည်။ လက်ရှိတွင်လည်း ဘေဂျင်းသည် ပုဂ္ဂလိဂ္ဂ တရုတ်လုံခြုံရေး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လည်ပတ်ခွင့်ပြုရန် စစ်ကောင်စီကို တောင်းဆိုထားသည်။ မြန်မာစစ်ကောင်စီကတော့ တရုတ်၏ အဆိုကို သုံးသပ်နေဆဲဟု ကြားသိရသည်။
ပဋိပက္ခကာလ လေးနှစ်ကျော်လွန်လာပြီးနောက်တွင် မြန်မာ့ တော်လှန်ရေး တပ်ဖွဲ့များသည် နိုင်ငံဧရိယာ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားပြီဖြစ်သလို တရုတ်-မြန်မာ နယ်စပ်ရှိ အဓိက ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း စိုးမိုးထားသည်။ စစ်ကောင်စီသည် ပြီးခဲ့သော ၁၂ လ အတွင်း၌လည်း စစ်ရေးအရ ရှုံးနိမ့်မှုများ အများအပြား ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ တရုတ်အဖို့လည်း သတိပေးခေါင်းလောင်းသံ ညံနေပြီဖြစ်သည်။
“မြန်မာပြည်ထဲမှာ ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ တရုတ်ရဲ့ ပထဝီရေးရာ ဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိတယ်။ ဒီအထဲမှာ တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းလည်း ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တွေအတွက် တစ်ခုတည်းသော ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ် ပိုက်လိုင်းပဲ” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက DW သတင်းဌာနသို့ ဖြေကြားထားသည်။
“မြန်မာစစ်တပ်ရဲ့ လုံခြုံရေးဆိုင်ရာအရှုံးတွေ အခါခါ ထပ်လာပြီးနောက်မှာ တရုတ်ဟာ ပိုက်လိုင်း၊ အစိုးရပိုင် သတ္တုတူးဖော်ရေး စီမံကိန်းတွေ၊ အခြေခံအဆောက်အဦနဲ့ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေကို အကာအကွယ် ပေးဖို့အတွက် ပိုမိုတိုက်ရိုက်ကျတဲ့ ပါဝင်ပတ်သက်မှုတွေ ဆောင်ရွက်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်လာပါတယ်”ဟု တာဝါက ပြောကြားသည်။
မြန်မာအတွက် တရုတ်၏ “လက်သစ်ကိုလိုနီ လုပ်ငန်းစဉ်”
တရုတ်သည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သလို စစ်ကောင်စီအတွက် အဓိကကျသည့် လက်နက်ရင်းမြစ်တစ်ခုလည်း ဖြစ်နေသည်။ ဘေကျင်းသည် မြန်မာစစ်ကောင်စီ မကျရှုံးအောင် ဖေးမပေးရန် ဆုံးဖြတ်ထားသည့် သဘောရှိသည်။ ပြီးခဲ့သော သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံသို့ အလည်သွားသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နိုဝင်ဘာလတွင် ဝန်ကြီးချုပ်လီကျင်းနှင့် တွေ့ဆုံရန်၊ တရုတ်စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးတွင် မိန့်ခွန်းပြောရန် အစရှိသည့် အချိန်းအချက်များအတွက် တရုတ်ပြည်သို့ သွားသည်။
သို့သော် ဘေဂျင်းနှင့် မြန်မာစစ်ကောင်စီတို့ နီးကပ်မှုသည် မြန်မာပြည်တွင်းရှိ တရုတ်ဆန့်ကျင်ရေး အယူအဆကို မီးထိုးပေးသလို ဖြစ်နေသည်။ ပြီးခဲ့သောလအတွင်းက ဆိုလျှင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် အသေးစား ပေါက်ကွဲရေး ပစ္စည်းတစ်ခုဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ကြုံခဲ့ရသည်။
ဗမာလူမျိုး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို ရှေ့ပြေးအသံ (Progressive Voice of Myanmar) အဖွဲ့ ထူထောင်သူလည်း ဖြစ်သည့် ဒေါ်ခင်ဥမ္မာက စစ်ကောင်စီကို တရုတ်က ထောက်ခံသည်ကတော့ ရှင်းနေသည်ဟု ပြောသည်။
“တရုတ်က မြန်မာပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို ရန်လိုမုန်းထား ပြုမူတာ ပိုများလာပြီး စစ်လက်နက်ပစ္စည်တွေ ပိုထောက်ပံ့နေတဲ့ တချိန်တည်းမှာ မြန်မာ့တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း ခြိမ်းခြောက်မှုတွေ လုပ်လာနေတယ်”ဟု သူက DW ကိုပြောသည်။
စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အားပေးကူညီနေသလို စစ်ကောင်စီကိုလည်း “မှားယွင်းသော တရားဝင်မှု” (False Legitimacy) ပေးထားသည်ဟု သူကဆိုသည်။
တရုတ်သည် အိမ်နီးချင်း နိုင်ငံငယ်အပေါ်တွင် “လက်သစ်ကိုလိုနီ လုပ်ငန်းစဉ်” ကျင့်သုံးပြုမူနေသည် ဟုလည်း ဒေါ်ခင်ဥမ္မာက စွပ်စွဲသည်။
တရုတ်အကူအညီအတွက် ပေးဆပ်ရမယ့်တန်ဖိုးက ဘာလဲ
ဘေဂျင်းသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာစစ်တပ် မြန်မြန်ဆန်ဆန် ရှုံးနိမ့်ပြီး တော်လှန်ရေးတပ်များက တရားဝင်စစ်တပ်ကို တရုတ်နယ်စပ် မြို့များထိတိုင် မောင်းထုတ်လာနေသည့်အပေါ် သဘောမကျနိုင် ဖြစ်လျက်ရှိသည်။
“မကြာသေးခင်က မြန်မာပြည်ထဲက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတာ၊ အရေးပါတဲ့ သတ္တုစီမံကိန်းတွေ ပြန်စဖို့အတွက် လိုအပ်တဲ့ လုံခြုံရေးကို မြန်မာစစ်တပ်က မပေးနိုင်တာ နှစ်ပေါင်းများစွာ ကြာလာတာတွေ ရှိလာပြီးနောက်မှာ တရုတ်က လုံခြုံရေးပိုင်းမှာ ပိုမိုပြီး တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု အခြေစိုက် သုတေသီ ဂျေဆင်တာဝါက ပြောသည်။
လက်ရှိ အဆိုပါပြုထားသည့် ပူးတွဲလုံခြုံရေး အစီအစဉ်အပေါ် မှတ်ချက်ပေးရာ၌ တာဝါက တရုတ်၏ တောင်းဆိုချက်သည် “မြန်မာစစ်တပ်က တိုင်းပြည်၏ အချုပ်အခြာအာဏာကို အလျှော့ပေး လိုက်လျောရမည် အထိ ကြီးမားသော လိုအပ်ချက်” ဖြစ်နေသည်ဟု ဆိုသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ကို သံတမန်ခရီးစဉ်ဖြင့် ဖိတ်ခေါ်ရန် တရုတ်အား ဆွယ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ ဘေဂျင်း၏ တောင်းဆိုချက်များသည် မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ် ပြုသည့်သဘော သိဒ္ဓိတင်ပေးခြင်းအတွက် အလဲအထပ်အဖြစ် ရှုမြင်၍ ရနိုင်သည်ဟု တာဝါက ထောက်ပြသည်။
နယ်စပ်သူပုန်တွေနဲ့ မိတ်ဆွေဘဝမှသည် ရန်သူအဆင့်ဆီ
ဘေဂျင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည်မှာ စစ်ကောင်စီတစ်ဖွဲ့တည်းတော့ မဟုတ်ပါပေ။ တရုတ်နယ်စပ် ကိုးကန့်ဒေသတွင် လှုပ်ရှားနေသည့် MNDAA တပ်လည်း ပါသည်။
MNDAA သည် ပြီးခဲ့သည့်နှစ်တွင် မြန်မာနယ်စပ်မြို့များ၌ လှုပ်ရှားနေကြသည့် တရုတ် ရာဇဝတ်ကွင်းဆက်များကို နှိမ်နင်းခြင်းဖြင့် တရုတ်ကို ကူညီခဲ့သည်။ ရာဇဝတ်သားများအား တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
သို့သော် တရုတ်က နယ်စပ်ဒေသများရှိ MNDAA ၏ ထိုးစပ်များကိုပါ ရပ်တန့်စေလိုသည့် အချိန်မှစ၍ နှစ်ဘက်ဆက်ဆံရေးသည် ယိုယွင်းလာခဲ့ပုံပေါ်သည်။
MNDAA သည် AA နှင့် TNLA တို့လည်း ပါဝင်သည် ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။ ဤသုံးဖွဲ့သည် ပြီးခဲ့သော နွေရာသီ၌ ကိုးကန့်ဒေသနှင့်အတူ စစ်ရေးအချက်အချာ လားရှိုးမြို့ကိုပါ သိမ်းပိုက်ခဲ့ကြသည်။
အောက်တိုဘာလတွင် MNDAA ခေါင်းဆောင် ဖုန်းတားရွှင် တရုတ်ပြည်သို့ သွားရောက်ပြီး ဆေးကုသမှု ခံယူရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည် ဟူသောသတင်း ထွက်လာသည်။
ဘေဂျင်း၏ဖိအားက MNDAA ကို မတားဆီးနိုင်
ဝါရှင်တန် အမျိုးသားစစ်ပွဲကောလိပ် (National War College) မှ ပါမောက္ခတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံရေးကို လေ့လာနေသူ ဇာခါရီအဘူဇာက တရုတ်သည် MNDAA အား ထိုးစစ်ရပ်တန့်ဖို့ ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု ပြောသည်။
MNDAA သည် တရုတ်အတွက် စစ်ကောင်စီထက်ပို၍ တာဝန်ယူမှု ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြသနိုင်ဖို့ ကြိုးစားနေသည်ဟု သူကပြောသည်။ သို့သော်လည်း ဖုန်းတားရွှင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်းသည် ညီနောင်မဟာမိတ်က တရုတ်အတွက် ရေပူစည်းဖြစ်သော အရေးပါသည့် လားရှိုးမြို့ကို ထိုးစစ်ဆင်နေခြင်းအား ရပ်တန့်ရန် ငြင်းဆိုခြင်းအပေါ် ဒေါ်သထွက်နေသည့် လုပ်ရပ် ဖြစ်ပုံရသည်ဟုလည်း အဘူဇာက ပြောသည်။
ဒါကတော့ တရုတ်အတွက် တော်တော်ကြီးကို ခြေလှမ်းကျွံထားတာ ဖြစ်တဲ့အတွက် သူတို့အပေါ် တန်ပြန်သက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ တိုက်ပွဲဝင်နေတာဟာ သူတို့ရဲ့ အကျိုးအတွက် ဖြစ်ပါတယ်။ သူတို့မှာ ကိုယ်စားပြုမှုတွေ ရှိတယ်။ စစ်ကောင်စီကို ဆထက်တိုး ထောက်ပံ့နေတဲ့ တရုတ်ဆီမှာ အနိုင်ကျင့်ခံမှာ မဟုတ်ဘူးဆိုတာကို ဘေဂျင်းက နားမလည်ပါဘူး” ဟုလည်း အဘူဇာက ပြောသည်။
အခြားသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ကဲ့သို့ပင် MNDAA သည်လည်း မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို တော်လှန်တိုက်ခိုက်ကာ ပူးပေါင်းထိုးစစ်ဖြင့် ရှေ့ဆက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု အဘူဇာက ပြောသည်။
“MNDAA ဟာ သူငယ်နှပ်စား မဟုတ်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူတို့ရဲ့ အဓိက ဦးစားပေးကိစ္စရပ်ကတော့ ၁၀၂၇ စစ်ဆင်ရေးကို စီစဉ်အကောင်အထည်ဖော်ရေး ဖြစ်ပြီး ဒီစစ်ဆင်ရေးကိုလည်း ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ပြောလို့ ရနိုင်ပါတယ်”ဟူ သူကဆိုသည်။
DW သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် How far will China go to keep Myanmar junta afloat? ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။