- ထရမ့်ကို ပူတင် ချီးမွမ်း၊ ဆွေးနွေးညှိနှိုင်းရန် ရုရှားဘက်က အသင့်ရှိဟုပြော
- AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
- ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
- အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
- ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
သတင်းသမားများအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများ အပြစ်ကင်းလွတ်ခြင်းမဖြစ်ရေး ကြိုးပမ်းသွားမည်ဟု NUG ထုတ်ပြန်
ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ကျရောက်သည့် သတင်းသမားများ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် NUG က ထုတ်ပြန်ထားခြင်းဖြစ်သည်။
02 Nov 2024
DMG ၊ နိုဝင်ဘာ ၂
မြန်မာနိုင်ငံတဝန်းရှိ သတင်းသမားများအပေါ် စစ်ကောင်စီက ကျုးလွန်နေသည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်းမျိုး မဖြစ်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ကျရောက်သည့် သတင်းသမားများ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် NUG က ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတင်းသမားများအပေါ် ကျုးလွန်နေသည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်း မျိုးမဖြစ်စေရေး စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ပြသခြင်း ပြုလုပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် စဉ်ဆက်မပြတ် ထိရောက်စွာ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ အကြမ်းဖက်စစ်တပ်ရဲ့ စနစ်တကျ ကျူးလွန်နေတဲ့ အကြမ်းဖက်ရန်ပြုတာ နှောင့်ယှက်စော်ကားတာ ခြိမ်းခြောက်တာတွေကြောင့် သတင်းသမားအလုပ်ဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်တစ်ခုအဖြစ် ရောက်ရှိနေပါတယ်” ဟု NUG က ဆိုသည်။
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ဖိစီးနှိပ်စက်မှုများကို ရင်ဆိုင်နေရသော်လည်း မြေပြင်အမှန်တရားကို ဖော်ထုတ်ရန်နှင့် ပြည်သူတို့၏ သတင်းသိပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်တိုကို ကာကွယ်ရန် ကြိုးပမ်းနေသည့် မြန်မာသတင်းသမားများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။
NUG အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို လေးစားအသိမှတ်ပြုသော သတင်းသမားများ၊ ကြောက်ရွံ့မှု ကင်းစွာဖြင့် အလုပ်လုပ်နိုင်သော လူ့အဖွဲ့အစည်းတစ်ခု ဖော်ဆောင်နိုင်ရေးကို အစဉ်အလေးထားကြောင်း ဆိုထားသည်။
သတင်းလွတ်လပ်ခွင့်သည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်ပြီး တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေသော ရုန်းကန်မှုတို့တွင် အဓိကျသော ဒေါက်တိုင်တစ်ခုအဖြစ် အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်တွင် မွန်ပြည်နယ်မှ သတင်းသမားနှစ်ဦးဖြစ်သည့် ကိုထက်မြတ်သူနှင့် ကိုဝင်းထွဋ်ဦးတိုမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်တပ်သားများ၏ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်း အချိန်မှစ၍ ယနေ့အချိန်ထိ သတင်းသမား (၇) ဦး သတ်ဖြတ် ခံရပြီး (၆၄) ဦး မှာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း နယ်စည်းမခြားသတင်းထောက်များ (RSF) က ထုတ်ပြန်ထားသည်။
“ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ရကိုင်ရ တော်တော်လေး ခက်လာတယ်။ အထူးသဖြင့် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်တာကို ပြည်သူတွေ သိအောင်လုပ်ပေးရတာက ကျနော်တို့ အတွက်တော့ သိပ်တော့ မလွယ်လှဘူး။ လိုက်ဖမ်းလို့ မနည်းရှောင်ခဲ့ရတယ်” ဟု ရခိုင်အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် သတင်းဌာနများအား ပိတ်သိမ်းခြင်း သတင်းသမားများအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေ၍ သတင်းသမားများမှာ သတင်းလွတ်လပ်ခွင့်ဆုံးရှုံနေကြရသည်။
သတင်းသမားများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ရရှိရေး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တောင်းဆိုထားသည်။
အလွတ်တန်းသတင်းထောက် အမျိုးသားတစ်ဦးက “ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာနေပြီး သတင်းသမားအဖြစ် ရပ်တည်နေရတာက တော်တော် အန္တရာယ်ကြီးပါတယ်။ စစ်တပ်ကိုတော့ ဘယ်လို အရေးယူပေးပါ၊ ဖိအားပေးပါလို့တော့ မတောင်းဆိုချင်တော့ဘူး။ သူတို့ ကျူးလွန်သမျှ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်နိုင်အောင်ပဲ ကြိုးစားနေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် ကမ္ဘာ့အဆင့် ၁၇၁ ထိ နိမ့်ကျ နေကြောင်း (RSF)၏ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရနေသည့် အဆိုးရွားဆုံးနိုင်ငံများထဲတွင် အဆင့် ၁၀ အထိ သတ်မှတ်ခံထားရသည်။