ရွေးကောက်ပွဲမတိုင်မီ စစ်ရှိန်မြှင့်ကြရန် NUG ပြော 

လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီသည် ၎င်းတို့၏ နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလာမည်ဟု ဩဂုတ် ၂၇ ရက်တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ 

By Admin 28 Aug 2024

NUG  ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲတစ်ခုတွင်  တွေ့ရစဉ်။ ဓာတ်ပုံ - NUG
NUG  ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - NUG

DMG ၊ ဩဂုတ် ၂၈

စစ်ကောင်စီက စီစဉ်နေသည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်းတွင် စစ်ရှိန်မြှင့်နိုင်သမျှမြှင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီသည် ၎င်းတို့၏ နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလာမည်ဟု ဩဂုတ် ၂၇ ရက်တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ 

“ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတချို့လည်း ရှိနေတာကြောင့် သူတို့(စစ်ကောင်စီ)ကလည်း ရတဲ့နည်းနဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်တယ်။ ဒါကို ကျနော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်းစဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မှာ ဖြစ်တယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

စစ်ရှိန်မြှင့်တင်မှုနှင့်အတူ နိုင်ငံခြားရေး၊ သံတမန်ရေးအခြေအနေများ၊ တော်လှန်ရေးအင်အားစုများနှင့် စုစည်းပြင်ဆင်မှုအခြေအနေများ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာများပါမကျန် ကဏ္ဍစုံ တိုးတက်မှုရှိအောင် ကြိုးစား ကြရမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က ဆိုသည်။ 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတဝန်း၌ ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားကြရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို အသိပေးထားသည်။ 

စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက “လက်ရှိ စစ်ကောင်စီပြောနေတဲ့ ရွေးကောက်ပွဲကို ခြုံပြီးပြောရရင် နိုင်ငံအလယ်ပိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ ကျင်းပနိုင်ဖို့ မရှိဘူး။ နောက်အခု နေပြည်တော်ကို ခြိမ်းခြောက်နေတဲ့ စစ်ဆင်ရေးကလည်း မြင့်တက်လာနေတာကြောင့် စစ်ကောင်စီအနေနဲ့ ကျင်းပနိုင်ရင်လည်း မာန်အောင်ကျွန်းတို့လို ကျွန်းပေါ်မြို့တွေလောက်ပဲ ကျင်းပနိုင်မယ်လို့ မြင်တယ်” ဟု ပြောသည်။ 

လက်ရှိတွင် ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများ၌ တိုက်ပွဲများပြင်းထန်နေပြီး မြို့ပေါင်း ၇၆ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

“စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင်ဖို့ဆိုတာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်တယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေ တူတူလက်တွဲလုပ်ရင်းနဲ့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်း အတူစဥ်းစားနိုင်ကြမှာ ဖြစ်တယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

သမိုင်းတစ်လျှောက် အဆိုးဆုံး စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ၎င်းတို့နှင့်အတူ အဆုံးစွန်ထိဆွဲချနေ၍ အထူးသတိထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း NUG က ပြောသည်။ 

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ရေးပဋိပက္ခအပြင် စီးပွားရေးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် နိုင်ငံမှာ အဘက်ဘက်တွင် ဆုတ်ယုတ်လာနေသည်။  

မဲမသမာမှုအကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်မှာ သုံးနှစ်ကျော်အထိရှိလာပြီး နိုင်ငံတဝန်းတိုက်ပွဲများမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။ 

တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းခန့် ရှိလာပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။