- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
တရုတ်နိုင်ငံအပြင် မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ထားခြင်းများ မရှိခြင်းကြောင့် ပြစ်ဒဏ်ကင်းလွတ်စွာ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း Human Rights Myanmar က ဆိုထားသည်။
13 Mar 2025

DMG ၊ မတ် ၁၃
တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာနေသည်ဟု Human Rights Myanmar ၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို တရုတ်စစ်တပ် (သို့မဟုတ်) ရဲအရာရှိဟောင်းများက ဦးဆောင်လေ့ရှိပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်ယန္တရားအတွင်း နက်ရှိုင်းစွာ ပေါင်းစည်းထားကာ စစ်ကောင်စီအတွက် အင်အားတိုးပွားစေရန် ဆောင်ရွက်ပေးကာ ဆိုက်ဘာ စွမ်းဆောင်ရေးများကိုလည်း ကူညီးပေးနေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။
အခြေခံအဆောက်အဦးများအား လုံခြုံမှုပေးခြင်းက စစ်ကောင်စီအား လူ့အခွင့်အရေးချိုးဖောက်ရန် အားပေးအားမြှောက်ပြုလုပ်ပေးခြင်း ဖြစ်ပြီး ပြည်သူနှင့် နိုင်ငံရေး အခွင့်အရေးများကို ဖိနှိပ်ခြင်းများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြှင့်တင်ခြင်းလည်း ဖြစ်ကြောင်း ဖော်ပြသည်။
တရုတ်နိုင်ငံအပြင် မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ထားခြင်းများ မရှိခြင်းကြောင့် ပြစ်ဒဏ်ကင်းလွတ်စွာ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း Human Rights Myanmar က ဆိုထားသည်။
" မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးမှာ ထိရောက်တဲ့ ဥပဒေဆိုင်ရာ ကြီးကြပ်တာမရှိတာကြောင့် တရုတ်ရဲ့ ပြည်သူ့ဝန်ဆောင်မှု ကော်မတီတွေက အပြစ်ကင်းကင်းနဲ့ လုပ်နိုင်ကြသလို မြန်မာနိုင်ငံ ဥပဒေမှာလည်း အင်အားသုံးတာကို မထိန်းသိမ်းတာကြောင့် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေက ကြိုက်သလိုလုပ်နေကြတာ ဖြစ်တယ်" ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
စစ်ကောင်စီသည် တရုတ်ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများအတွက် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ယခုနှစ်အစပိုင်းက ပြဌာန်းထားသည်။
တရုတ်စီမံကိန်းများအတွင် လုံခြုံရေးကုမ္ပဏီများ တပ်စွဲထားခြင်းသည် အနီးပတ်ဝန်းကျင်မှ လူမှုအသိုင်းအဝိုင်းများအတွက် အန္တရာယ်များ၊ ပဋိပက္ခအား ဆက်လက်တည်မြဲစေခြင်းနှင့် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုများအတွက် ဥပမာပေးနေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် အလေးထား ဖော်ပြသည်။
တရုတ်လုံခြုံရေး ကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ခိုင်မာလာနိုင်ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများနှင့် ပတ်သက်၍ ကြီးကြပ်မှုပြုလုပ်ရန်၊ လုံလောက်သော စည်းမျဉ်းမရှိဘဲ ပဋိပက္ခဇုန်များတွင် အသုံးပြုမှုကို တားမြစ်ရန်၊ နိုင်ငံတကာ ဥပဒေဘောင်များကို ခိုင်မာစေရန်၊ ပစ်မှတ်ထားသော ဒဏ်ခတ်မှုများကို ချမှတ်ရန်နှင့် PSCs ကြောင့် ထိခိုက်ခံရသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံ အသိုင်းအဝိုင်းများအား ထောက်ပံ့ရန် အပါအဝင် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် Human Rights Myanmar က အကြုံပြုထားသည်။
" မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကုန်လုံးက စစ်ကောင်စီမှာပဲ တာဝန်ရှိတာ မှန်ပေမယ့် နောက်က ကျောထောက်နောက်ခံပြုပေးပြီး အကျိုးအမြတ်ယူနေတဲ့ တရုတ်လည်း ပတ်သက်မှုတွေ ရှိတယ်။ သူတို့ အကျိုးစီးပွားအတွက် အင်မတန် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကိုတောင် တရုတ်က မျက်ကွယ်ပြုထားနိုင်တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့က စစ်ကောင်စီ ပြုတ်ကျဖို့ပဲ အရေးကြီးတယ်" ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုမြတ်ကို က ပြောသည်။
တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လိုက်နာသည့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများနှင့် မတူဘဲ လုံခြုံရေးကိုသာ ဦးစားပေးပြီး ထုတ်ဖော်ပြောဆိုခွင့်များကို ဖိနှိပ်တတ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်ရန် စစ်ကောင်စီနှင့် ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) အား တည်ထောင်ထားသည်။
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်းရှိ အကြီးမားဆုံးလုံခြုံရေး ကုမ္ပဏီများတွင် De Wei Security Group Ltd ၊ Hua Xin China Security ၊ Guan An Guan An Security Technology ၊ China Overseas Security Group နှင့် Frontier Services Group တို့ ပါဝင်ကြောင်း သိရသည်။