လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်မှာ နှစ်ပတ်အတွင်း လူ ၄၀ ကျော်သေဆုံး

၂၀၂၅ ခု နှစ်ဆန်းမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နေရာအနှံ့ကို လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် နှစ်ပတ်အတွင်း အရပ်သား ၄၀ ကျော် သေဆုံးခဲ့ရသည်။

By Admin 13 Jan 2025

ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က လေကြောင်းတိုက်ခိုက်ခံရသည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို တွေ့ရစဉ်။ (ဓာတ်ပုံ- AA Info Desk)
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က လေကြောင်းတိုက်ခိုက်ခံရသည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို တွေ့ရစဉ်။ (ဓာတ်ပုံ- AA Info Desk)

DMG ၊ ဇန်နဝါရီ ၁၃

၂၀၂၅ ခု နှစ်ဆန်းမှစတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နေရာအနှံ့ကို လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် နှစ်ပတ်အတွင်း အရပ်သား ၄၀ ကျော် သေဆုံးခဲ့ရသည်။

ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်နေ့အထိ ရခိုင်ပြည်အတွင်း လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးထက်မနည်း ရှိခဲ့သည်။

လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာဖြစ်စဉ်နှင့် ကျောက်တော်မြို့ဖြစ်စဉ်တို့ ဖြစ်ကြသည်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက်တွင် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် မီးအပြင်းအထန် လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်အတွင်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုအများအပြား မီးထဲပါသွားခဲ့ကာ အရပ်သား၂၆ ဦးသေဆုံးပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီက အရပ်သားများကို ဦးတည်တိုက်ခိုက်လာနေသဖြင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိကြောင်း ရခိုင်ဒေသခံ အမျိုးသမီးကပြောသည်။

“အလိုလိုနေရင်း ကြောက်စိတ်က ဝင်နေတော့ ဘယ်မှမသွားရဲတော့ဘူး” ဟု ၎င်းကပြောသည်။

ဇန်နဝါရီ ၁၁ ရက်ကလည်း ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နှင့် ဈေးတို့ကို စစ်ကောင်စီက ဗုံး ၁၅ လုံး ကြဲချခဲ့ကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။

ကျောက်တော်ဗုံးကြဲမှုဖြစ်စဉ်အတွင်း အရပ်သား ၁၀ ဦးအထိ သေဆုံးခဲ့ပြီး ၂၇ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ဈေးဆိုင်များ၊ ဆေးရုံလူနာဆောင်၊ ပြင်ပလူနာဌာနနှင့် ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့ ပျက်စီးသွားခဲ့ပြီး လူနာအချို့နှင့် ဆေးရုံဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းလည်း သိရသည်။

“အနားကဆိုင်ခန်းကို တည့်တည့်ကြီး တစ်လုံးလာကျတယ်။ ဆိုင်ခန်းမှာရှိတဲ့ ပစ္စည်းတွေ အကုန်ပျက်စီးသွားတယ်။ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းလေးတွေ ဒဏ်ရာရကြတယ်” ဟု ကျောက်တော်မြို့မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုင်းရင်းသားဒေသများတွင် လေကြောင်းပစ်ခတ်မှု ဆက်တိုက်လုပ်နေခြင်းကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် လက်တွေ့မဆန်ကြောင်း သုံးသပ်ကြသည်။

“စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ ပုံစံမျိုးမသွားဘဲ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်လာတယ်။ ရှုံးမဲမဲပြီး လေကြောင်းကနေ ပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး ဦးတည်တိုက်ခိုက်လာတာဖြစ်တယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ပြီး လူမဆန်စွာ သတ်ဖြတ်နေသည့်လုပ်ရပ်အား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA)က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။