ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့ ပိတ်ဆို့ထိုးစစ်ဆင်နေသည့် တောင်ကုတ် - ပန်းတောင်းလမ်းပိုင်း ဥသျှစ်ပင်မြို့အနီးရှိ ညောင်ကျိုးစခန်းမှ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား အများအပြား တပ်ဆုတ်ခွာထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 14 Mar 2025

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

DMG ၊ မတ် ၁၄

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့ ပိတ်ဆို့ထိုးစစ်ဆင်နေသည့် တောင်ကုတ် - ပန်းတောင်းလမ်းပိုင်း ဥသျှစ်ပင်မြို့အနီးရှိ ညောင်ကျိုးစခန်းမှ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား အများအပြား တပ်ဆုတ်ခွာထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါစခန်းသို့ စစ်ကူလာမည့်လမ်းကြောင်းများကို AA နှင့် ပူးပေါင်းတပ်တို့က ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ပြီးနောက် ယမန်နေ့ မတ်လ ၁၃ ရက်တွင် အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများသည် ကပစ ၆ တည်ရှိသည့် ညောင်ခြေထောက်ရွာဘက်သို့ ဆုတ်ခွာသွားခြင်း ဖြစ်သည်။

"ညောင်ကျိုးက အပြီးသတ်သိမ်းနိုင်ပြီလို့ ပြောလို့တော့ မရသေးဘူး။ AA က ထောက်ပို့လမ်းကြောင်းဖြတ်တောက် လိုက်တာကြောင့် ခံမတိုက်နိုင်တဲ့ အရာရှိတွေ တပ်ဆုတ်သွားတဲ့ သဘောဖြစ်တယ်။ သိမ်းနိုင်ဖို့တော့ နီးစပ်နေတဲ့ အနေအထားလို့ ပြောရမယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ညောင်ကျိုးဗျူဟာစခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၄၀၀ ကျော်ဖြင့် အင်အားဖြည့်တင်းထားပြီး ခံစစ်အခိုင်အမာပြင်ဆင်ထားသည့် စခန်းတစ်ခုလည်း ဖြစ်သည်။

လက်ရှိ ညောင်ကျိုးစခန်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သားအချို့နှင့် AA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် စကခ ၅ ရှိသည့် တောင်ကုတ်မြို့နယ်ကို သိမ်းပြီးနောက် တောင်ကုတ် - ပန်းတောင်း လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။

လက်ရှိ မိုးထိတောင်တပ်စခန်းကို သိမ်းပိုက်ထားပြီးဖြစ်ကာ ညောင်ကျိုးခစန်းကို သိမ်းပိုက်နိုင်ရေး ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

"စစ်ကောင်စီက ကပစ စက်ရုံတွေကိုတော့ လုံးဝအထိခံမှာ မဟုတ်ဘူး၊ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်ခုခံပြီး ညောင်ကျိုးကို ထိန်းချုပ်ဖို့ ပြန်ကြိုးစားလာနိုင်တယ်။ ညောင်ကျိုးပြီးတော့ ကပစ ၆ ရောက်ပြီလေ။ အဲဒါကြောင့် တိုက်ပွဲကတော့ အခုထက် ပိုပြင်းလာဖို့ပဲရှိတယ်" ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်လေ့လာနေသူ တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီသည် ညောင်ကျိုးစခန်းမကျရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အခြေစိုက် ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂ နှင့် ခမရ ၇၀၃ တပ်ရင်းတို့က ထုတ်နုတ်အင်အားများကို ဖြည့်တင်းထားခဲ့သည်။

AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် ပဲခူးတိုင်းအတွင်း စစ်ကောင်စီ၏ ကပစ စက်ရုံများစွာ အခြေစိုက်ပြီး တောင်ကုတ်မြို့နှင့် ပြည်မြို့အကြားတွင် စစ်ကောင်စီ၏ ကပစ-၃ (ဆင်တဲ)၊ ကပစ-၆ (ညောင်ခြေထောက်)၊ ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်) တို့ရှိနေသည်။