- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
လက်ရှိတွင် ညောင်ကျိုးပင်မစခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ကူလမ်းကြောင်းများကိုလည်း ဖြတ်တောက်တိုက်ခိုက်မှုများလုပ်နေကြောင်း မြေပြင်အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
13 Mar 2025

DMG ၊ မတ် ၁၃
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ စစ်ကူပို့နေသည့် ညောင်ကျိုးနှင့် ညောင်ခြေထောက် လမ်းပိုင်းကိုလည်း ပူးပေါင်းတပ်များက ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် ညောင်ကျိုးပင်မစခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ကူလမ်းကြောင်းများကိုလည်း ဖြတ်တောက်တိုက်ခိုက်မှုများလုပ်နေကြောင်း မြေပြင်အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" ညောင်ကျိုးစခန်းက လက်ရှိ ပင်မစခန်းကုန်းကို တိုက်နေတယ်။ ဒီစခန်းက စစ်ကောင်စီ ကာလရှည်ကြာ အခိုင်အမာတည်ဆောင်ထားတာကြောင့် ခက်ခဲမှုတော့ ရှိကြတယ်။ ပြီးတော့ လက်ရှိ စစ်ကောင်စီ စစ်ကူပို့တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေတာ " ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော်သည် တောင်ကုတ်- ပန်းတောင်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ ပန်းကန်ကွဲစခန်းနှင့် နတ်စင်ကုန်းစခန်းတို့ကို ဖေဖော်ဝါရီလက AA က ဆက်တိုက်သိမ်းပိုက်ပြီးနောက် ဥသျှစ်ပင်တပ်နယ်၏ နောက်ဆုံး ကာကင်းညောင်ကျိုးစခန်းကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရ စစ်သည်များကိုလည်း ဥသျှစ်ပင်မြို့သို့ ပို့ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ညောင်ကျိုးစခန်းတွင် မတ်လဆန်းပိုင်းကလည်း ရန်ကုန်မြို့ မှော်ဘီအခြေစိုက် ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂ နှင့် ခမရ ၇၀၃ တပ်ရင်းတို့က ထုတ်နုတ်အင်အားများကို ဖြည့်တင်းထားခဲ့သည်။
ညောင်ကျိုးစခန်းမကျစေရေးအတွက် စစ်ကောင်စီသည် စက်တပ်လေထီးဖြင့် လေကြောင်းပစ်ကူ အများဆုံး ပေးနေပြီး၊ ကပစ-၆ ကလည်း လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသည်ဟု သိရသည်။
ညောင်ကျိုးစခန်းသိမ်းပိုက်နိုင်လျှင် ကပစ-၆ ကို ဦးတည်လာနိုင်ပြီး စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ အဟန့်အတား ပြုလုပ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော် က သုံးသပ်သည်။
" ဒီစခန်းကိုသာ သိမ်းပိုက်နိုင်မယ်ဆိုရင် ကပစ-၆ ကို ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်။ ကပစ-၆ ဟာ သံရည်ကျို စက်ရုံဖြစ်တာကြောင့် ဒီစက်ရုံကို တိုက်ခိုက်နိုင်ရင် စစ်ကောင်စီရဲ့ စက်လက်နက် ထုတ်လုပ်နိုင်မှုကို အတိုင်းအတာတစ်ခုအထိ အဟန့်အတားပြုလုပ်နိုင်တယ်" ဟု သူက ပြောသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးစခန်းတွင် စစ်ကောင်စီ၏ သံရည်ကျိုစက်ရုံ ကပစ-၆ တည်ရှိပြီး ညောင်ခြေထောက်ကျေးရွာနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးသည်။
ပဲခူးတိုင်းအနောက်ဖက် ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်တပ်နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံအဖြစ် ကပစ-၅၊ ကပစ-၆၊ ကပစ-၉နှင့် ကပစ-၁၆ တို့ တည်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်သည် တောင်ကုတ်၊ အမ်း၊ ဂွမြို့နယ်တို့ကို သိမ်းပိုက်ပြီးနောက် ပဲခူး၊ မကွေးနှင့် ဧရာဝတီ တိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်များနှင့် ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။