UNHCR ဝန်ထမ်းတစ်ဦး မြန်မာစစ်တပ်ဆီမှာ ဘယ်လိုနှိပ်စက်ခံရပြီး သေဆုံးခဲ့သလဲ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကာလအတွင်းမှာ လူ ၁၀ ဦးထက်မနည်း အသတ်ခံရ ဒါမှမဟုတ် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

By Admin 30 Oct 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ UNHCR ဘုတ်ဆိပ်တွင် ဦးကျော်မောင် (ဝဲမှရေတွက်လျှင် တတိယမြောက်) ကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - Special Arrangement
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ UNHCR ဘုတ်ဆိပ်တွင် ဦးကျော်မောင် (ဝဲမှရေတွက်လျှင် တတိယမြောက်) ကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - Special Arrangement

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကာလအတွင်းမှာ လူ ၁၀ ဦးထက်မနည်း အသတ်ခံရ ဒါမှမဟုတ် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကံကြမ္မာကို ရင်ဆိုင်ခဲ့ရသူကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူ့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပမ်းခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆုံးပါးသွားသူ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ် ဦးကျော်မောင်ဟာ ဘူးသီးတောင်မြို့က UNHCR ရုံးမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူ့ကို ဘာကြောင့်ဆိုတာ မသိရဘဲ မြန်မာစစ်တပ်က ဧပြီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပြီးနောက် အဲဒီနေ့ ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ သူ့ကို ပြန်တွေ့ချိန်မှာတော့ ဦးကျော်မောင်ဟာ စကားပြောနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ သူတို့မှာ ရှိသမျှ မဖြစ်စလောက် အရင်းအမြစ်တွေနဲ့ အတတ်နိုင်ဆုံး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အလွန်တရာ နောက်ကျသွားခဲ့ပါပြီ။

ကျွန်တော်ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။ ဒီဒေသနှစ်ခုဟာ ထိကပ်နေပါတယ်။ ချင်းပြည်တောင်ပိုင်းကို AA က ဇွန်လ ၁၃ ရက်နဲ့ ဇူလိုင်လ ၆ ရက်ကြားမှာ သိမ်းပိုက်ခဲ့ပြီး အခုဆိုရင် လွတ်မြောက်နယ်မြေ အဖြစ် AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။

ဇွန်လ ၂၁ ရက်နေ့မှာ ကျွန်တော်ဟာ လုံခြုံရေးဝန်ထမ်းနှစ်ယောက်ဖြစ်တဲ့ ခိုင်မင်းထွန်းနဲ့ ဇော်မျိုးလွင်တို့ကို အင်တာဗျူးခဲ့ပါတယ်။ ဘူးသီးတောင်မြို့မှာ ကုလသမဂ္ဂရဲ့ ရုံးဌာန သုံးခုရှိတဲ့ထဲက UNHCR ရုံးမှာ အင်တာဗျူးခဲ့တာပါ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဦးကျော်မောင် ဧပြီလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို သူတို့မှတ်မိသလောက် ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။

■ မြန်မာစစ်တပ်ဆီမှာ ဖမ်းဆီးခံရခြင်း

ဘူးသီးတောင်မြို့မှာ ဧပြီလ ၁၂ ရက်နေ့က အစပြုခဲ့တဲ့ အကြမ်းဖက်မှုကို မြန်မာစစ်တပ်နဲ့ မွတ်ဆလင် အကြမ်းဖက်အုပ်စု အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့က ကြိုးကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က AA ရဲ့ ထိုးစစ်တွေ နှောင့်နှေးသွားစေဖို့အတွက် မွတ်ဆလင်တွေနဲ့ အခြားသော တိုင်းရင်းသား အုပ်စုတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင် ဖန်တီးတဲ့အနေနဲ့ အခုလိုလုပ်ခဲ့ကြတာပါ။

UNHCR ရုံးက ဝန်ထမ်းခြောက်ဦး အဖို့ကလည်း မသက်သာပါဘူး။

"ဒီမြို့က နိုင်ငံတကာအဖွဲ့အစည်း ရုံးအများစုဟာ တိုက်ခိုက်သူတွေရဲ့ ပစ်မှတ် ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းဆိုတော့ ကျွန်တော်တို့ရဲ့ရုံးကို တိုက်ခိုက်ခံရပါ့မလား ဆိုပြီး သိပ်မသေချာဘဲ ရှိနေခဲ့ပါတယ်" လို့ ဦးခိုင်မင်းထွန်းက ပြောပါတယ်။

"ဒီတော့ ကျွန်တော်တို့လည်း နောက်နေ့ ရုံးတက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်" လို့ သူကဆိုပါတယ်။

ဧပြီလ ၁၃ ရက်နေ့မှာ ဦးကျော်မောင်ဟာ ဆံပင်သွားညှပ်မယ်လို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောပါတယ်။ ဆံသဆိုင်က ၂ မိုင်လောက် ဝေးတဲ့နေရာမှာ ရှိတာပါ။ လှည့်ပတ်သောင်းကျန်းနေကြတဲ့ လူအုပ်တွေ ရှိနေတဲ့အတွက် ရုံးကနေ လျှောက်မသွားဖို့ ပြောနေတဲ့ကြားကပဲ သူ့စိတ်ကူးအတိုင်းပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြို့ထဲမှာတော့ ရပ်ကွက် ၄ နဲ့ ၅ က အိမ်တချို့ မီးလောင်နေပါပြီ။

ဦးကျော်မောင်ဟာ နာရီပိုင်းအတွင်းမှာ ရုံးကို ပြန်ရောက်ရမှာပါ။ သူပေါ်မလာတော့ အခြားဝန်ထမ်းတွေလည်း စိတ်ပူနေခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့ထဲမှာက အကဲဆတ်တဲ့ အခြေအနေဖြစ်လို့ သူ့ကို ထွက်ရှာဖို့ လုံခြုံတဲ့အနေအထား မရှိခဲ့ပါဘူး။

ညနေ ၄ နာရီလောက်မှာတော့ UNHCR ဝန်ထမ်းနောက်တစ်ဦး (သူကတော့ မွတ်ဆလင်ပါ) ရုံးကိုရောက်လာပြီး ဦးကျော်မောင်ကို ဆံသဆိုင်က ထွက်ထွက်ချင်းပဲ စစ်တပ်က ဖမ်းသွားပြီလို့ အသိပေးလာပါတယ်။ ရုံးကဝန်ထမ်းတွေလည်း UNHCR ရဲ့ အထက်လူကြီးနှစ်ယောက်ကို ချက်ချင်း အကြောင်းကြားကြပါတယ်။

သူတို့လည်း ဘူးသီးတောင်မှာပဲ ရှိနေကြသူတွေ ဖြစ်ကြတဲ့ ဦးသန်းထိုက်ဝင်းနဲ့ ဦး တိုက်လင်းအောင်တို့ ဖြစ်ပါတယ်။ သူတို့ကလည်း ဦးကျော်မောင်ကို ခြေရာခံလိုက်ဖို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို အကြံမပေးနိုင်ခဲ့ကြပါဘူး။

■ လွှတ်ပေးချိန်မှာ နောက်ကျသွားခဲ့ပြီ

UNHCR ဝန်ထမ်းနှစ်ယောက်ဟာ မြို့အနီးက နေရာတစ်ခုမှာ မြန်မာစစ်တပ်ရဲ့ တပ်မှူးကို သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဦးကျော်မောင်ကို စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ တပ်မှူးကပြောပေမယ့် သူ့ကို ဖမ်းဆီးထားတဲ့ အကြောင်းရင်းကိုတော့ သူက ပြောဖို့ငြင်းပါတယ်။ ညနေ ၅ နာရီလောက်မှာ တပ်မှူးဟာ UNHCR ကြီးကြပ်ရေးမှူး ဦးသန်းထိုက်ဝင်းဆီ ဆက်သွယ်ပြီး ဦးကျော်မောင်ကို လွှတ်လိုက်ပြီလို့ ပြောပါတယ်။

ဒီနောက်တော့ ဝန်ထမ်းနှစ်ယောက်ဟာ ဦးကျော်မောင်ကို ရုံးဆီ ပြန်သယ်လာခဲ့ကြပါတယ်။ ဦးကျော်မောင်ကတော့ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သတိရတချက် မရတချက် ဖြစ်နေပါပြီ။ ရုံးကိုရောက်ပြီး မိနစ်ပိုင်းမှာပဲ ဦးကျော်မောင်လည်း သတိလစ်သွားပါတယ်။

"သူ့ကိုခေါ်သွားလို့ ရမယ့် ဆေးရုံလည်းမရှိဘူး။ ဆရာဝန်လည်း မရှိဘူး။ စစ်ဆေးရုံတစ်ခု ရှိပေမယ့် ရခိုင်ဗုဒ္ဓဘာသာတွေဆိုရင် မကုပေးဖို့ ကန့်သတ်ထားတယ်" လို့ UNHCR လုံခြုံရေးဝန်ထမ်း ဦးဇော်မျိုးလွင်က ပြောပြပါတယ်။

ဦးကျော်မောင်ရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ခြေထောက်တွေဟာ ရောင်ကိုင်းနေပါတယ်။ သူ့ကို ကုသပေးစရာ ဘာမှမရှိတဲ့အတွက် ဝန်ထမ်းတွေဟာ တစ်ညဉ့်လုံး သူ့တစ်ကိုယ်လုံးကို ဆေးလိမ်းပေးလိုက်၊ ဒဏ်ရာရတဲ့ နေရာတွေကို ရေနွေးအိတ် ကပ်ပေးလိုက်ပဲ လုပ်ပေးခဲ့ကြရပါတယ်။

ဦးကျော်မောင်ကတော့ သက်သာမလာဘဲ သတိမေ့နေခဲ့ပါတယ်။ သူအသက်ရှူ ရပ်သွားပြီဆိုတာကို အခြား UNHCR ဝန်ထမ်းတွေ သတိပြုမိခဲ့တဲ့အချိန်မှာ ရင်ဘတ်ကို အလောတကြီးပဲ ဖိနှိပ်ပေးခဲ့ကြပါတယ်။

"မိနစ်ပိုင်းလောက် အသက်ပြန်ရှူလိုက်သေးတယ်။ ပြီးတော့ ထအော်ဟစ်ပြီးရင် ပျော့ခွေသွားတော့တာပါပဲ။ သူသေပြီဆိုတာ ကျွန်တော်တို့ သိလိုက်ပါတယ်" လို့ ဦးဇော်မျိုးလွင်က ပြန်ပြောပြပါတယ်။ ဦးကျော်မောင်ဟာ ညနေ ၆ နာရီမှာ နောက်ဆုံးထွက်သက်ကို ရှူရှိုက်ခဲ့ပါတယ်။

ဦးကျော်မောင်ရဲ့ ရုပ်အလောင်းကို ဘယ်နေရာမှာ မြှုပ်နှံလို့ အဆင်ပြေနိုင်မလဲဆိုတာ UNHCR အရာရှိတွေက ဝန်ထမ်းတွေကို စုံစမ်းခိုင်းခဲ့ပါတယ်။

■ အလောင်းကို မြေမြှုပ်ခြင်း

ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ ရုပ်အလောင်းကို မြေမြှုပ်တဲ့ ထုံးတမ်းစဉ်လာမှာက လုပ်ငန်းစဉ်တွေ ရှည်လျားပြီး ဘုန်းကြီးမပါဘဲ မပြီးပါဘူး။ လူအများစုက မြို့ကထွက်သွားကြပြီဆိုတော့ ကူညီပေးမယ့် ဘုန်းကြီးလည်း ရှိမယ်လို့ ဝန်ထမ်းတွေက မထင်ကြတော့ပါဘူး။ ဘုန်းကြီးကျောင်းတစ်ခုက ဘုန်းကြီးတစ်ပါးက လုပ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ အခက်အခဲက ရုပ်အလောင်းသယ်ဖို့နဲ့ ဘုန်းကြီးကိုပင့်ပြီး သချင်္ုင်းကိုသွားဖို့ ကားမရှိတာပါပဲ။ သူတို့ အကူအညီတောင်းခဲ့တဲ့ လူတချို့ကလည်း စစ်တပ်ဆီမှာ အဖမ်းခံရမှာကြောက်လို့ ငြင်းကြပါတယ်။

"မထင်တဲ့ရပ်ကွက်ကနေ အကူအညီရတယ်။ ရုံးရှေ့ကနေ ကားနဲ့ဖြတ်သွားတဲ့ မွတ်ဆလင်တစ်ယောက်က ဘုန်းကြီးကိုပင့်ပြီး အလောင်းကို သချင်္ိုင်းဆီသယ်ပေးဖို့ သဘောတူခဲ့ပါတယ်" လို့ လုံခြုံရေးအရာရှိ ဦးခိုင်မင်းထွန်းက ပြန်ပြောင်းပြောပြပါတယ်။ အလောင်းကိုလည်း စစ်တပ်ဂိတ်တွေမှာ စစ်လားဆေးလားတွေ မဖြစ်ရအောင် အဝတ်တွေနဲ့ ပတ်လိုက်ကြပါတယ်။

မြေမြှုပ်သင်္ဂြိုလ်ပြီးတော့ ကားပိုင်ရှင်လည်း ဘုန်းကြီးကို ကျောင်းဆီပြန်ပို့ပြီး UNHCR ဝန်ထမ်းတွေကိုလည်း ရုံးမှာ ပြန်ချပေးခဲ့ပါတယ်။

■ NGO ဝန်ထမ်းတွေ အဓိက ပစ်မှတ်ထားခြင်း ခံခဲ့ရ

ဦးကျော်မောင်ကို ဖမ်းဆီးရခြင်းရဲ့ နောက်ခံအကြောင်းရင်းက ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ စာနာမှုအကူအညီပေးရေး အေဂျင်စီတွေ အပါအဝင် NGO တွေနဲ့ NGO ဝန်ထမ်းတွေကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်နေပါတယ်။

ဘူးသီးတောင်မြို့မှာ ပြည်တွင်း NGO တစ်ခုနဲ့ ဆက်စပ်နေတဲ့ ဝန်ထမ်းတစ်ယောက်လည်း ပျောက်နေတယ်လို့ UNHCR ရုံးက ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီပျောက်ဆုံးမှုကိုတော့ The Diplomat သတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။

ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေမှာလည်း NGO ဝန်ထမ်းတွေ ပျောက်ဆုံးတဲ့သတင်းတွေ ထွက်ခဲ့ပါတယ်။ NGO ဝန်ထမ်း မသီတာစိုး ဆိုရင် ဂွမြို့နယ် ကျိန္တလီမှာ မတ်လ ၁၄ ရက်နေ့က ပျောက်ဆုံးသွားတာပါ။ သူ့သတင်းကို မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

"NGO တွေရဲ့ အကျိုးကျေးဇူးတွေက ရခိုင်တွေဆီ အများဆုံးရောက်သွားတယ်လို့ မြန်မာစစ်တပ်က ယူဆတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ သူကိုကို အကြမ်းဖက်နေတာ" လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။ AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ULA က သူ့ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားတာပါ။

"ဒေသခံ NGO တွေနဲ့ နိုင်ငံတကာ NGO တွေရဲ့ ဝန်ထမ်းအများစုက ရခိုင် ဗုဒ္ဓဘာသာတွေလေ။ ဒါကြောင့် NGO တွေနဲ့ သူတို့ရဲ့ အလုပ်သမားတွေကို စစ်တပ်က သီးသန့်ပစ်မှတ်ထားတာ" လို့ သူက ရှင်းပြပါတယ်။

မြန်မာစစ်တပ်ဟာ မွတ်ဆလင်တွေကို ပစ်မှတ်ထားလာတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ အဆိုးဝါးဆုံးကတော့ ၂၀၁၇ အဖြစ်အပျက်ပါ။ ဒီဖြစ်ရပ်မှာ မွတ်ဆလဆင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မောင်းထုတ်ခံခဲ့ရပါတယ်။

၂၀၁၀ အလွန်နှစ်တွေမှာတော့ AA ပေါ်ထွက်လာပြီး ရခိုင်ဒေသ စစ်အုပ်ချုပ်ရေးလက်က လွတ်မြောက်ဖို့ ကြိုးပမ်းမှုနဲ့အတူ အခြေအနေတွေ ပြောင်းလဲလာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ရခိုင် ဗုဒ္ဓဘာသာတွေကြားမှာ ထောက်ခံမှု အခိုင်အမာ ထူထောင်ထားနိုင်ပါတယ်။ ဒါကြောင့်ပဲ မြန်မာစစ်တပ်ဟာ ရခိုင်အသိုင်းအဝိုင်းအပေါ် ရန်လိုမုန်းထား ရှိနေတာ ဖြစ်ပါတယ်။

ဘူးသီးတောင်မှာ ကျွန်တော်ရှိနေခဲ့တဲ့ ခြောက်ရက်တာအတွင်း Medecins Sans Frontiers (MSF) ရုံး၊ Action La Faim (ACF) ရုံးတွေ မီးလောင်ပျက်စီးနေတာကို မြင်ခဲ့ရပါတယ်။ မြန်မာစစ်တပ်က အားပေးအားမြှောက် လုပ်ထားတဲ့ လူအုပ်ကြီးတွေ ဝင်ရောက်ဖျက်ဆီးချိန်မှာ ဒီနေရာတွေမှာ ရုံးဝန်ထမ်းတွေ ရှိမနေကြဘူးလို့တော့ ကြားသိရပါတယ်။

ဘူးသီးတောင်မြို့က ဦးကျော်မောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လက်ခံဖြေကြားဖို့ ကျွန်တော် အီးမေးနဲ့ ဆက်သွယ်ပေမယ့် UNHCR ဘက်က အကြောင်းမပြန်ခဲ့ပါဘူး။

■ The Diplomat တွင် ဖော်ပြထားသည့် How a UNHCR Employee Died After Being Tortured by Myanmar's Military ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦးဖြစ်သည်။