- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
စစ်မျက်နှာ ၅ ခု ဆင်နွှဲနေသည့် အာရက္ခတပ်တော်
တိုက်ပွဲ တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အရက္ခတပ်တော် (AA) သည် ပြည်တွင်းနှင့် ပြည်မ တိုက်ပွဲနယ်မြေ ၅ ခုကို ဆက်လက် အရှိန်အဟုန်မြင့်ကာ ဆင်နွှဲနေသည်။
04 Mar 2025

DMG ၊ မတ် ၄
တိုက်ပွဲ တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အရက္ခတပ်တော် (AA) သည် ပြည်တွင်းနှင့် ပြည်မ တိုက်ပွဲနယ်မြေ ၅ ခုကို ဆက်လက် အရှိန်အဟုန်မြင့်ကာ ဆင်နွှဲနေသည်။
AA ထိုးစစ်ဆင်နေသည့် စစ်မျက်နှာ ၅ ခုမှာ ရခိုင်ပြည်ထဲက စစ်တွေ၊ ကျောက်ဖြူနှင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ ဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းက စကာ တိုက်ခိုက်နေခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို သိမ်းပြီးနောက် AA နှင့် ပူးပေါင်းတပ်များသည် အမ်း-ပဒါန်းလမ်း အတိုင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ မကွေးတိုင်းအတွင်းရှိ ငဖဲမြို့နယ်မှ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး စခန်းတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် နတ်ရေကန်စခန်းမှ စစ်ကောင်စီ တပ်သားအများအပြား လက်နက်ချအညံ့ခံနေသလို ထွက်ပြေးခြင်းများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပဲခူးတိုင်း စစ်မျက်နှာတွင်လည်း ရခိုင်ရိုးမတောင်တန်း တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီ တပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များက ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက နတ်စင်ကုန်းစခန်းနှင့် တာဝါတိုင်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ညောင်ကျိုးစခန်း၌ အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံနေသည့် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်းမှာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် သေဆုံးခဲ့ကြောင်း သူ၏ မိခင် ဒေါ်ခင်ညိုညို က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အာရက္ခတပ်တော် တိုက်ခိုက်နေသည့် မကွေးနှင့် ပဲခူးတိုင်း စစ်မျက်နှာတွင် စစ်ကောင်စီ၏ ကပစ စက်ရုံများ အခြေစိုက်ပြီး ငဖဲမြို့နယ်အတွင်းက ကပစ ၁၄ နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးရှိ ကပစ ၆ အနားသို့ တဖြည်းဖြည်း နီးကပ်လာနေခြင်း ဖြစ်သည်။
ကပစ စက်ရုံများအား ခြိမ်းခြောက်လာခြင်းကြောင့် စစ်ကောင်စီကလည်း အပြင်းအထန် ခုခံနေပြီး စစ်မှုထမ်း ဝင်လာသူအများအပြားကို AA နှင့် ပူးပေါင်းတပ်တို့နှင့် တိုက်ခိုက်ရန် ရှေ့တန်းသို့ ပို့နေကြောင်း သိရသည်။
အာရက္ခတပ်တော်၏ တိုင်း ၃ တိုင်း ထိုးစစ်သည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ပြီး နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီရန်အတွက်ဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။
" တစ်ဖက်မှာက မကွေး၊ ပဲခူး၊ ဧရာဝတီ ဖက်ကတော့ နွေဦးတော်လှန်ရေးနဲ့ သွားပြီး ဆက်စပ်တယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အာရက္ခတပ်တော် ထုတ်ပြန်ချက်တွေထဲမှာ ပါတာရှိတယ်။ စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရေးဆိုတာ တစ်ခုရှိတယ်။ အဲစစ်အာဏာရှင် အမြစ်ပြတ်ရေးကို အကောင်အထည် ဖော်မယ်ဆိုရင် ဒီတိုင်း ရပ်နေလို့ မရဘူး။ အခြားတစ်ဖက်မှာ ပူးပေါင်းတိုက်နေကြတဲ့ မဟာမိတ်တွေ ရှိတယ်။ နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့တွေကို ကူညီဖို့အတွက် ပြည်မဘက်ကို ထိုးစစ်ဆင်တာလို့ မြင်တယ် " ဟု ရခိုင် စာရေးဆရာ ဝေဟင်အောင် က သုံးသပ်သည်။
ဧရာဝတီတိုင်းအတွင်း AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်မှာ လက်ရှိ သာပေါင်းမြို့နယ်အတွင်း ရောက်ရှိနေပြီး သဲဖြူကျေးရွာအနီး သာပေါင်း - သဲဖြူ - မကျီးဇင် ကားလမ်းမှ စစ်ကောင်စီ တပ်စခန်းတို့အား တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာတို့အား စစ်ကောင်စီ၏ သာပေါင်းမြို့အခြေစိုက် ခမရ (၃၀၈) တပ်ရင်းမှ လက်နက်ကြီး ပစ်ကူများပေးနေပြီး ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းကလည်း ပါရာမော်တာ (ခေါ်) စက်တပ် လေထီးများဖြင့် ဗုံးကြဲနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော်သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး ဘောမိရွာရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း ဇန်နဝါရီ ၁၈ ရက်က သိမ်းပိုက်ထားသည်။
ရခိုင်ထိစပ်နယ်မြေ မကွေး၊ ပဲခူး၊ ဧရာဝတီဖက်စစ်မျက်နှာတွင် စစ်ကောင်စီက တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဆိုထားသည်။
ရခိုင်ပြည်အတွင်းမှာလည်း AA က လက်ကျန် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။
ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်မှစပြီး စေမော်၊ ကြပ်တိန်၊ စိုင်ခြုံရွာနှင့် ရှောက်ချောင်း ကျေးရွာများဘက်သို့ စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်နေသည့်အတွက် အာရက္ခတပ်တော်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း AA က ဆိုထားသည်။
အာရက္ခတပ်တော်အနေဖြင့် ကျောက်ဖြူနှင့် စစ်တွေကို အင်အားသုံး ထိုးစစ်ဆင်ပြီး သိမ်းပိုက်မည်ဆိုလျှင် အပျက်အစီးများနိုင်၍ လက်နက်ချရန် ရာဇသံပေးနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
" ထင်မြင်ယူဆမှု ဆိုရင် ကူမင်းမှာ သွားပြီး ဆွေးနွေးဖို့ ရှိတယ်။ စကားပြောဖို့ ရှိတယ်။ ကျောက်ဖြူနဲ့ စစ်တွေရဲ့ မြေပြင်အနေအထားက ကျွန်းမြို့ အနေအထားဖြစ်တယ်။ အဲတော့ တိုက်ခိုက်သိမ်းပိုက် ပြီးရင်တောင် စစ်ကောင်စီ နေဗီက နှောင့်ယှက်ဖျက်ဆီးပြီး ပစ်ခတ်တာတွေ လုပ်ဆောင်လာနိုင်တဲ့ အနေအထားရှိတယ်။ အဲလိုဆို မြို့ပျက် သွားမယ်ပေါ့နော်။ AA ရဲ့ သဘောက လက်နက်ချပြီး အလင်းဝင်လာအောင် နှိုးဆော်ပြီး ရာဇသံပေးနေတာလို့ မြင်တယ် " ဟု CDM ဗိုလ်ကြီး ဇင်ယော် က သုံးသပ်သည်။
စစ်ကောင်စီကလည်း ဓညဝတီ ရေတပ်စခန်း အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ရေတပ်သင်္ဘောများမှ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲ ဖြစ်လာသည်နှင့်အမျှ စစ်ကောင်စီက ရေတပ်အင်အားနှင့် စစ်သင်္ဘောများနှင့် ခံစစ်ပြင်ဆင်ထားပြီး တရုတ်စီမံကိန်း တည်ရှိသည့် မဒေးကျွန်းဘက်တွင်လည်း လုံခြုံရေး အင်အားများ တိုးချဲ့ချထားသည်။

ရခိုင်ပြည် မြို့တော် စစ်တွေတွင်လည်း စစ်ကောင်စီတပ်စွဲ ခံစစ်ပြင်ထားသည့် ဇော်မဒတ်၊ ကံ့ကော်ကျွန်း အခြေစိုက် စခန်းများနှင့် တောကန်ကျေးရွာအခြေစိုက် တပ်စခန်းများကို AA က ဇန်နဝါရီ လလယ်ပိုင်းမှ စ၍ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီဘက်ကလည်း ဝါဘိုကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများနှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း AA ပြောခွင့်ရက ပြောကြားထားသည်။
စစ်ကောင်စီသည် AA နှင့် စစ်ရေးတင်းမာလာချိန်မှ စ၍ စစ်တွေမြို့နယ်ရှိ ရခိုင်ကျေးရွာ ၂၀ ကျော်မှ ဒေသခံများကို နှင်ထုတ်ခဲ့ပြီး အဆိုပါကျေးရွာများ၌ တပ်စွဲနေထိုင်ကာ ခံစစ်ပြင်ဆင်ထားခြင်း ဖြစ်သည်။
လက်ရှိ စစ်ကောင်စီက စစ်ရေးအင်အားဖြည့်တင်းမှုနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အစပ် နေရာများကို ဒရုန်း၊ လက်နက်ကြီး/ငယ်များဖြင့် နေ့စဉ်ပစ်ခတ်နေပြီး လေကြောင်းမှ တစ်ဆင့်လည်း ဗုံးကြဲနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်က စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာဘက်သို့ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အာရက္ခတပ်တော် AA က နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးရန် အသင့်ရှိကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာထာပြီး စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တုံ့ပြန်ထားခြင်း မတွေ့ရသေးပေ။
တိုက်ပွဲများ ပြင်းထန်နေသော်လည်း စစ်ကောင်စီနှင့် AA အကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး တရုတ်အနေဖြင့် MNDAA နှင့် TNLA ကဲ့သို့ AA ကို ဖိအားပေးနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
" အာရက္ခတပ်တော်နဲ့ တရုတ်နဲ့က တော်တော်လေးကို အလှမ်းဝေးတဲ့ နေရာဖြစ်တယ်။ MNDAA နဲ့ TNLA ကို ဆက်ဆံတဲ့ပုံစံမျိုး အာရက္ခတပ်တော်ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး ဖိအားပေးတဲ့ ပုံစံမျိုးမသက်ရောက်နိုင်ဘူး။ ဖိအားပေးရင်တောင် မထိရောက်နိုင်ဘူးလို့ ပြောလို့ရပါတယ် " ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။
AA အနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးမည်ဆိုလျှင်လည်း ရခိုင်ပြည်အတွင်းက လက်ကျန်မြို့ ၃ မြို့ကို စစ်ကောင်စီ ဆုတ်ပေးရေး ကမ်းလှမ်းနိုင်ပြီး စစ်ကောင်စီဖက်ကလည်း အလျှော့မပေးနိုင်ခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင်စသည့် တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် ရခိုင်က မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေသည်။
