အရှေ့အရပ်မှ ကြယ်ပွင့်သစ် အာရက္ခတပ်တော်

မြန်မာစစ်ကောင်စီက ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့မည်ဆိုလျှင် ရခိုင်လက်နက်ကိုင်များသည် လွတ်လပ်ရေးအတွက် အလောတကြီး ကြိုးပမ်းဦးမည် မဟုတ်ပေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားဖက်ဒရယ်ပုံစံအတွက် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းမျိုး လုပ်နိုင်ဖွယ်ရာရှိသည်။

By Admin 17 Jan 2025

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ၎င်း၏ စစ်ရေးအဖွဲ့ အာရက္ခတပ်တော် (AA) သည် ဖြစ်နိုင်ခြေမရှိဟု ယူဆရသည့် အရာတစ်ခုကို အောင်မြင်စွာ ရယူစွမ်းဆောင်နိုင်မည့် အခြေအနေတွင် ရှိနေသည်။ ဤသည်မှာ ၁၇၈၄ ခုနှစ်တွင် ၎င်းတို့ ဆုံးရှုံးခဲ့ရသည်ကို ပြန်လည်အရယူမည့် မဟာအာရက္ခအိပ်မက် (Arakan Dream) ဖြစ်သော မြန်မာနိုင်ငံမှ သီးခြားခွဲထွက်ပြီး လွတ်လပ်ရေး ယူမည့်အကြံဖြစ်သည်။

ULA - AA ကသာ ရခိုင်ပြည်နယ် တစ်ခုလုံးကိုသိမ်းပိုက်ပြီး လွတ်လပ်ရေး ကြေညာခဲ့မည်ဆိုပါက အာရှတွင် ၁၉၇၁ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွေးဖွားလာခဲ့သည့်နောက်ပိုင်း ပထမဆုံး အောင်မြင်သည့် ခွဲထွက်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယစစ်တပ်၏ ပြတ်ပြတ်သားသား ကြားဝင်ဆောင်ရွက်မှုကြောင့် လွတ်လပ်ရေး ရခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ပါကစ္စတန်စစ်တပ်သည် စစ်ပွဲရှုံးစရာအကြောင်း မရှိပေ။ ဘင်္ဂါလီ ပြောက်ကျား သောင်းပေါင်းများစွာကို အိန္ဒိယက စစ်သင်တန်းပေးခြင်း၊ လက်နက်တင်ဆင်ပေးခြင်း တို့လည်း ရှိသေးသည်။

အခြားတစ်ဘက်တွင်မူ ရခိုင်တော်လှန်ရေးသမားများသည် ကိုယ့်တိုက်ပွဲကို ကိုယ့်မြေပေါ်တွင်ဆင်နွှဲပြီး ဗမာစစ်တပ်က လေကြောင်းမှ မညှာမတာတိုက်ခိုက်မှုများ ပြုလုပ်နေသည့်ကြားမှ ပြတ်ပြတ်သားသား အောင်ပွဲများ ရရှိလာခြင်း ဖြစ်သည်။ AA ကို လက်နက်အင်အား ထောက်ပံ့ထားကြောင်း ထုတ်ဖော်ပြောကြားသည့် အင်အားကြီးပါဝါလည်း လက်ရှိအထိ မရှိသေးပေ။

AA စစ်ဗိုလ်ချုပ်ကြီးများသည် ပြောက်ကျားပုံစံ တိုက် - ပြေး စနစ်မှသည် သမားရိုးကျ ထိုးစစ်ပုံစံ စစ်ပွဲများအဖြစ် အသွင်ပြောင်းကာ စစ်တပ်ကိုဝိုင်းထားပြီး ထောက်ပံ့ရေးလမ်းကြောင်းကို ပိတ်ဆို့သည့် စနစ်ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိသည်။ AA သည် အဖွဲ့ထူထောင်ရန် ကူညီထောက်ပံ့ပေးခဲ့သည့် ကချင်လက်နက်ကိုင်တပ် KIA ထက်ပင် ပိုမိုအောင်မြင်နေခြင်း ဖြစ်သည်။ KIA သည် မည်ကာမတ္တမျှသာ ရှိတော့သည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) က အာရက္ခတပ်တော် AA ထူထောင်မှုကို အကူအညီပေးခဲ့သည့် အဖွဲ့ဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA သည်လည်း သူတို့၏ ပြည်နယ်အတွင်း၌ မြေရှားသတ္တုထွက်ရှိရာ ပန်ဝါမြို့အပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီ ဖြစ်သော်လည်း ရာနှုန်းပြည့်အောင်မြင်ရေး လမ်းကြောင်းကိုမူ မမြင်ရသေးပေ။

ULA - AA သည် မြန်မာနိုင်ငံ ရခိုင် (ယခင်အခေါ် အာရကန်) ပြည်နယ်ရှိ မြိ့နယ် ၁၈ ခုအနက် ၁၅ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်သည်။ အိန္ဒိယ၏ ကုလားတန်ဘက်စုံစီမံကိန်း အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ရေနက်ဆိပ်ကမ်းတည်ရှိရာ စစ်တွေမြို့၊ တရုတ်ငွေဖြင့်လည်ပတ်သည့် ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နှင့် မာန်အောင်ကျွန်းတို့သည် ဗမာစစ်ကောင်စီ၏ လက်ထဲတွင် ကျန်ရှိတော့သည်။ 

ဂွမြို့ကို သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

၂၀၂၄ ခုနှစ်၏ နောက်ဆုံးနေ့တွင် အာရက္ခတပ်တော်သည် ဂွမြို့ကို သိမ်းပိုက်လိုက်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမသီတင်းပတ်တွင် အမ်းကို သိမ်းသည်။ အမ်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာမြို့လည်း ဖြစ်သည်။ AA သည် မောင်တောကိုလည်း သိမ်းပိုက်ပြီးဖြစ်ရာ ယခုအခါ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်ခုလုံးသည် AA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

တကယ်တမ်း၌ ULA - AA သည် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အေဂျင်စီများအား မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ တိုက်ခိုက်နေသော မွတ်ဆလင်လက်နက်ကိုင်များကို အားပေးကူညီခြင်းမလုပ်ရန် မသိမသာ သတိပေးထားသည်။ 
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် စစ်တကောင်းတောင်တန်းများရှိ “ဗုဒ္ဓဘာသာဝင် လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပိုများလာနေခြင်း” ကိုလည်း ရခိုင်လက်နက်ကိုင်များသည် မကျေမနပ် ဖြစ်နေကြသည်။ ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရသည် ရခိုင်ဒေသရှိ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မကင်း ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်တွင် နေရာအများစုကို ထိန်းချုပ်ထားသလို ချင်းပြည်နယ်ရှိ ဗျူဟာမြောက် မြစ်ကမ်းပါးမြို့ ပလက်ဝကိုလည်း ထိန်းချုပ်ထားသည့် ULA-AA သည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် AA က မိမိတို့အနေဖြင့် “လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိပါကြောင်း” ဖော်ပြထားသလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် ခဏတဖြုတ် အပစ်ရပ်ခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်ကိုပါ ထည့်သွင်း ညွှန်းဆိုထားသည်။

တရုတ်ဘာသာဖြင့်လည်း ရေးသားထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်၌ (တရုတ်နှင့် အိန္ဒိယကို ရည်ညွှန်းကြောင်း သေချာသည့်) ရခိုင်ပြည်နယ်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုပါ မိမိတို့ အကာအကွယ်ပေးသွားမည်ဟု ဖော်ပြထားသည်။ 
“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တက်ကြွသောဦးဆောင်မှု” ဟုလည်း အမွှမ်းတင်ဖော်ပြထားသည့် ထိုကြေညာချက်၌ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရသည် “အာရက္ခဒေသအတွက် အကျိုးစီးပွား ဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆို” သည်ဟု ဖော်ပြထားသည်။
 
“ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဤကြေညာချက်သည် အာရက္ခတပ်တော် အကြီးတန်းခေါင်းဆောင်များက တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးမှ ထိပ်တန်းလုံခြုံရေးအရာရှိများနှင့် တိတ်တဆိတ် တွေ့မှုများအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း ULA - AA သည် စစ်တွေနှင့် ကျောက်ဖြူကိုသိမ်းပိုက်ရန် ထိုးစစ်ကို တိုက်ရိုက်စတင်မည်လား၊ တရုတ်နှင့် အိန္ဒိယမှ တုံ့ပြန်မှုများကို စောင့်ကြည့်ဦးမည်လား ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မရှိပေ။ 

AA ၏ အံ့အားသင့်ဖွယ် စစ်ရေးအောင်မြင်မှုများသည် ဗမာစစ်တပ်က လေတပ်နှင့် ရေတပ်အင်အားကို အကြီးအကျယ် အသုံးပြုနေသည့်ကြားမှ ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် နောက်ဆုံးပိတ် တိုက်ပွဲကြီးအတွက် ခဏတဖြုတ်ရပ်နားပြီး ပြန်လည်စုဖွဲ့ရန် လိုကောင်း လိုအပ်နိုင်သည်။

ဆေးကုသပေးနေသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - AA Info Desk

သို့သော်လည်း ဆွေးနွေးရန် ကမ်းလှမ်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အာမခံပေးခြင်းတို့၏ နောက်ကွယ်မှ အကြောင်းရင်းမှန်မှာ လွတ်လပ်ရေး အမှန်တကယ်ရရှိလာချိန်၌ သံတမန်ရေးရာ အသိအမှတ်ပြုမှုများ ရယူနိုင်မည့် အခွင့်အလမ်းများအတွက် ခြေလှမ်းပြင်ဆင်ခြင်း ဖြစ်နိုင်သည်။ အာရှနှင့် အနောက်တိုင်းမှ အဓိကကျသည့် နိုင်ငံများ၏ အသိအမှတ်ပြုမှုများ မရလျှင် ULA - AA သည် ၎င်း၏ လွတ်လပ်သောနိုင်ငံတော်ဆီသို့ ခရီးရှည်ကြီးကို အဆုံးသတ်နိုင်မည် မဟုတ်ပေ။

ညီနောင်မဟာမိတ်အဖွဲ့ဝင် နောက်ထပ်နှစ်ဖွဲ့ဖြစ်သော TNLA နှင့် MNDAA တို့သည်လည်း တရုတ်၏ ကြားဝင်ဖျန်ဖြေမှုအောက်တွင် မြန်မာစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြည်လည်စတင်ရန် သဘောတူထားသည်။ သို့သော်လည်း တရုတ်က လိုလားနေသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့ကို စစ်ကောင်စီလက်သို့ ပြန်ပေးရေးကိုမူ အဆိုပါအဖွဲ့များက ငြင်းဆန်ထားသည်။

အကယ်၍သာ မြန်မာစစ်ကောင်စီက ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့မည်ဆိုလျှင် ရခိုင်လက်နက်ကိုင်များသည် လွတ်လပ်ရေးအတွက် အလောတကြီး ကြိုးပမ်းဦးမည် မဟုတ်ပေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားဖက်ဒရယ်ပုံစံအတွက် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းမျိုး လုပ်နိုင်ဖွယ်ရာရှိသည်။ ဤသည်က စစ်ကောင်စီကို တိုက်ခိုက်နေကြသည့် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အောင်မြင်မှုအပေါ်တွင်လည်း တစိတ်တပိုင်း မူတည်နေသည်။

မြန်မာသည် အရှေ့တိုင်း၏ ဆီးရီးယားဖြစ်နေသည်ကတော့ ထင်သာမြင်သာ ရှိသည်။ သို့သော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုကတော့ ထင်သလောက် မရသေးပေ။

Eurasia Review ဝဘ်ဆိုက်တွင် ဖော်ပြထားသော New Star In The East: Arakan Army သဘောထားအမြင် ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် ဆူဘီယာဘော်မစ်သည် BBC နှင့် Reuters တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို အရှေ့တောင်အာရှ ပဋိပက္ခများနှင့် ပတ်သက်သည့် စာအုပ်များ ရေးသားထားသူလည်း ဖြစ်သည်။