- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းများ စတင်လာ
“ သဘာဝဓာတ်မြေဩဇာ သုံးစွဲခြင်းအားဖြင့် မြေတွေမပျက်ဘူး။ အပင်တွေ ကျန်းမာသန်စွမ်းတယ်။ တောင်သူတွေ အကျိုးစီးပွား အတွက် ဈေးနှုန်းသက်သာတဲ့အတွက် ဒီရည်ရွယ်ချက်နဲ့ သဘာဝ ဓာတ်မြေဩဇာတွေကို ထုတ်လုပ်ဖြစ် တာပါ”
04 Jan 2025
DMG ၊ ဇန်နဝါရီ ၄
ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုနှင့်အတူ မြေဆီဓာတ်မြေဩဇာ ဈေးအဆမတန်မြင့် တက်နေသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရ သည်။
ယင်းကြောင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာများကို ရေရှည်အသုံးပြုနိုင်ရန်အတွက် စမ်းသပ်ထုတ် လုပ်မှုလုပ်ငန်းများလည်း စတင်လာနေကြသည်။
ကျောက်တော်မြို့ RAG အဟာရစုံ သဘာဝမြေဩဇာစက်ရုံမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစ၍ သဘာဝဓာတ်မြေဩဇာများကို စမ်းသပ်ထုတ်လုပ်နေပြီး အောင်မြင်မှုရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ကျောက်တော်မြို့ RAG အဟာရစုံ သဘာဝမြေဩဇာစက်ရုံပိုင်ရှင် ကိုရဲထွန်းမြင့်က “ သဘာဝဓာတ်မြေဩဇာ သုံးစွဲခြင်းအားဖြင့် မြေတွေမပျက်ဘူး။ အပင်တွေ ကျန်းမာသန်စွမ်းတယ်။ တောင်သူတွေ အကျိုးစီးပွား အတွက် ဈေးနှုန်းသက်သာတဲ့အတွက် ဒီရည်ရွယ်ချက်နဲ့ သဘာဝ ဓာတ်မြေဩဇာတွေကို ထုတ်လုပ်ဖြစ် တာပါ” ဟု ပြောသည်။
လက်ရှိ ထုတ်လုပ်နေသည့် သဘာဝဓာတ်မြေဩဇာကို နွားချေး၊ ဖွဲပြာ၊ ဆန်မှုန့် စသည့် သဘာဝပစ္စည်းများ ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁ သိန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
ဓာတုဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၃ သိန်း ကျော်ရှိပြီး တောင်သူများမှာ ဝယ်ယူသုံးစွဲရန်အခက်အ ခဲရှိသဖြင့် ဒေသတွင်းထုတ်လုပ်သည့် သဘာဝမြေဩဇာများကို ဝယ်ယူသုံးစွဲမှုများရှိလာနေကြသည်။
“လောလောဆယ်မှာတော့ တချို့လယ်သမားတွေက သဘာဝဓာတ်မြေဩဇာကို စမ်းသုံးလာကြတယ်။ စိတ်ဝင်စားလာကြတယ်။ အသုံးပြုတဲ့ သူတွေကို ကျနော်မေးကြည့်တော့ အပင်သန်မာတယ်လို့ပြောတော့ ဝမ်းသာစရာပဲ။ ဒီထက်မက ထုတ်လုပ်နိုင်အောင် ကျနော်တို့လည်း ကြိုးစားနေပါတယ်” ဟု ကိုရဲထွန်းမြင့်က ဆိုသည်။
သို့သော်လည်း လက်ရှိ ရခိုင်ဒေသတွင် စက်သုံးဆီ ဈေးမြင့်တက်နေခြင်း၊ ကုန်ကြမ်းပစ္စည်းလိုအပ် များကြောင်း စက်ရုံလည်ပတ်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု ကိုရဲထွန်းမြင့်က ဆက်လက်၍ ပြောသည်။
မြောက်ဦးမြိုနယ်တွင်လည်း SAP ကွန်ပေါင်း ဓာတ်မြေသြဇာကို ထုတ်လုပ်နေပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံစသည့် မြို့နယ်များတွင် ဖြန့်ဝေရောင်းချနေကြောင်း သိရသည်။
ရခိုင်ကတောင်သူများမှာ ၂၀၂၄ ခုနှစ်က ဓာတ်မြေဩဇာဈေးမြင့်တက်မှု၊ သွင်းအားစုစရိတ်ကြီးမားမှုတို့ ကြောင့် ထွန်ယက်စိုက်ပျိုးချိန်ကာလ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ကြရသည်။
ထိုကြောင့် အချို့လယ်သမားများမှာ ဓာတ်မြေဩဇာကို မသုံးစွဲနိုင်၍ ပဲဖတ်၊ မူညှင်းဖတ်၊ဆန်မှုန့်၊ ဆန်ခွဲ များကို အသုံးပြုခဲ့ရပြီး သွင်းအားစုစရိတ်မစိုက်နိုင်သဖြင့် လယ်ဧကလျော့စိုက်သူများလည်းရှိခဲ့သည်။
“ဓာတ်မြေဩဇာ မသုံးနိုင်တဲ့အတွက် မူညှင်းဖတ်၊ ပဲဖတ်တွေကို အသုံးပြုကြတယ်။ တချို့ကလည်း ဆန်မှုန့်၊ ဆန်ခွဲတွေကို ဓာတ်မြေဩဇာတွေကို အသုံးပြုကြတယ်။ အရင်နှစ်တွေကတော့ ဒီလို မြေဩဇာတွေကို မသုံးဖူး ဘူး။ ဒီနှစ်မှာပဲ စသုံးဖူးတာ” ဟု ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ လယ်သမား ကိုကျော်ဝင်းမောင် ကပြောသည်။
ယခုကဲ့သို့ ဒေသထွက် သဘာဝမြေဩဇာများကို သင့်တော်သောဈေးနှုန်ဖြင့်ဝယ်ယူနိုင်ကာ အထွက်နှုန်း ကောင်းမွန်လာလျှင် ရခိုင်တောင်သူများအတွက် အကျိုးအမြတ်ရှိလာနိုင်မည်ဖြစ်ကြောင်း လယ်သမားများက ပြောဆိုနေကြသည်။
ရခိုင်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိပြီး အခက်အခဲအမျိုးမျိုးကြောင့် တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးဧက လျော့နည်းလျက်ရှိသည်။