- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
လုပ်သားရှားပါး၍ ရသေ့တောင်က လယ်သမားများ တစ်ဝက်ပေးစနစ်ဖြင့် စပါးရိတ်သိမ်းနေရ
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ လယ်သမားများမှာ စပါးရိတ်သိမ်းရန် လုပ်သားရှားပါးမှုကြောင့် လယ်တစ်ဧက ရိတ်သိမ်းရာမှ ရရှိလာသည့် စပါးများကို အလုပ်သမားတစ်ဝက်၊ လယ်ရှင်တစ်ဝက် စနစ်ဖြင့် ခွဲယူနေရသည်။
07 Dec 2024

DMG ၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ လယ်သမားများမှာ စပါးရိတ်သိမ်းရာတွင် ဒေသတွင်းလုပ်သားရှားပါးသဖြင့် အလုပ်သမားများကို စပါးတစ်ဝက်ပေးစနစ်ဖြင့် ရိတ်သိမ်းနေရကြောင်း သတင်းရရှိသည်။
လယ်တစ်ဧကရိတ်သိမ်းရာမှ ရရှိလာသည့် စပါးများကို အလုပ်သမားတစ်ဝက်၊ လယ်ရှင်ထက်ဝက် စနစ်ဖြင့် ခွဲဝေယူနေရခြင်းဖြစ်သည်။
“စပါးရိတ်မယ့်သူတွေကို အသည်းအသန်ရှာနေရတာ။ ရိတ်တဲ့သူရှားတော့ ကြိုပြောထားရတယ်။ တစ်ချို့လယ်သမားတွေမှာဆိုရင် အိမ်မှာစပါးရိတ်နိုင်တဲ့ သူမရှိရင် စပါးရိတ်တဲ့သူကို ထက်ဝက်စားဆိုပြီး ပေးရတယ်။ ထက်ဝက်စားရိတ်တာတောင်မှ စပါးခြွေတဲ့ ကုန်ကျစရိတ်ကို လယ်သမားတွေဆီက ပေးရသေးတယ် ” ဟု ရသေ့တောင်မြို့နယ်၊ မော်ထက်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ရသေ့တောင်ဒေသခံများမှာ လယ်ယာစိုက်ပျိုးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လက်ရှိကာလတွင် စပါးဝယ်ယူသူမရှိ၍ ယခင်နှစ်ဟောင်းစပါးများမှာ ရောင်းမထွက်ဘဲ သောင်တင်နေသဖြင့် စပါးရိတ်သိမ်းရန် ငွေးကြေးကအစ အခက်အခဲများစွာ ရှိနေကြသည်။
“စပါးဟောင်းတွေလည်း ရောင်းမထွက်သေးဘူး။ စပါးရောင်းမထွက်တော့ စပါးရိတ်တဲ့သူ သွားငှားရင်လည်း ပိုက်ဆံပေးဖို့က အဆင်မပြေပြန်ဘူး။ ဒီမှာ တစ်ရက် စပါးရိတ်ရင် စပါး ၅ တောင်း၊ ပိုက်ဆံဆိုရင် ငွေ သုံးသောင်း ပေးရတယ်။ စပါးရိတ်စက်တွေလည်း မထွက်တာများတယ်။ စက်ကိုသာစောင့်နေရင် ဒီနှစ် စပါးတွေ စားရမှာ မဟုတ်ဘူး” ဟုစေတီပြင်ကျေးရွာမှ လယ်ပိုင်ရှင် ဒေါ်လှလှက ပြောသည်။
ရခိုင်ပြည်ရှိ အခြားမြို့နယ်များတွင် စပါးရိတ်ခြွေစက်များဖြင့် ရိတ်သိမ်းနေကြသော်လည်း ရသေ့တောင်တွင် ရိတ်သိမ်းခြွေလှေ့စက် နည်းပါးပြီး စက်ပစ္စည်းရှာမရခြင်း၊ စက်သုံးဆီဈေး အဆမတန်မြင့်မားခြင်း တို့ကြောင့် လယ်သမားများအတွက် အဆင်မပြေကြပေ။
စစ်ရေးပဋိပက္ခကြောင့် ရခိုင်က လယ်သမားများမှာ ပြီးခဲ့သည့် စပါးစိုက်ရာသီတွင် ဓာတ်မြေဩဇာ ရှားပါးမှု၊ သွင်းအားစု စရိတ်ကြီးမြင့်မှု စသည့် အကျပ်အတည်းများကြောင့် လယ်ဧကများ လျှော့စိုက်ခဲ့ရပြီး စပါးပေါ်ချိန်တွင်လည်း ဝယ်ယူသူမရှိခြင်း၊ စပါးဈေးမကောင်းခြင်းတို့ကြောင့် အရှုံးနှင့်ရင်ဆိုင်နေကြရသည်။