စိန်ခေါ်မှုများစွာရှိနေသည့် ရခိုင်ပြည် ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်း

ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အားကောင်းစွာလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ဓာတ်မြေဩဇာဈေး မြင့်တက်မှုနှင့် အလုပ်သမားရှားပါးသဖြင့် တောင်သူများမှာ လုပ်ငန်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

By Admin 20 Oct 2024

မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသမှ တောင်သူတစ်ဦးအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသမှ တောင်သူတစ်ဦးအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၀

ဒေသမတည်ငြိမ်မှုနှင့် စစ်ရေးပဋိပက္ခ အကျိုးဆက်ကြောင့် ရခိုင်ပြည်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ စိန်ခေါ်မှုများစွာရှိနေကြောင်း တောင်သူများထံမှ သိရသည်။

ရခိုင်တွင် မြေပဲ၊ ပြောင်း၊ ခရမ်း၊ ငရုတ်၊ သခွားစသည့် ဆောင်းသီးနှံတို့ကို ယခု အောက်တိုဘာလတွင် စတင် စိုက်ပျိုးလေ့ရှိသော်လည်း တောင်သူများမှာ လယ်ထွန်စက်လိုအပ်ချက်နှင့် အထွေအထွေအကျပ်အတည်းများ မြင့်မားနေကြောင်း ပြောဆိုကြသည်။

မြောက်ဦးမြို့နယ်၊ လေမြို့ချောင်းဒေသတွင် ဆောင်းသီးနှံစိုက်ပျိုးရန် လက်ရှိတွင် လယ်ထွန်စက်တစ်စီးသာရှိပြီး မကြာခဏ စက်ချို့ယွင်းမှုများ ရှိနေသောကြောင့် မြေပဲစိုက်ပျိုးရန် အချိန်နှောင့်နှေးမှုများရှိနေသည်။

လေးမြို့ချောင်းဒေသမှ တောင်သူဒေါ်ခင်နုက “ မြေပဲစိုက် ဧကပေါင်း သောင်းကျော်ရှိနေတဲ့အထဲမှာ ထွန်စက်က တစ်စီးတည်းပဲရှိနေတယ်။ ပြီးတော့ မကြာမကြာ စက်ချွတ်ယွင်းတာတွေဖြစ်နေတော့ မြေပဲစိုက်ရမယ့်ဟာက တော်တော်နောက်ကျနေပြီ။ ဒါပေမယ့် မစိုက်လို့လည်း မရဘူး။ စားဝတ်နေရေးက အရေးကြီးတယ် ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဆောင်းသီးနှံ စိုက်ဧက ၁၁,၃၇၇ ရှိကြောင်း သိရသည်။ လက်ရှိ တောင်သူများမှာ ငွေကြေးအပြင် လုပ်သားအင်အားနှင့် ကျွဲ၊ နွားရှားပါးခြင်းတို့ကို ကြုံနေရ၍ ထွန်စက်များကိုသာ အားကိုးလုပ်ကိုင်နေကြရသည်။

သိုသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုတို့ကြောင့် လယ်ထွန်စက်နှင့် အပိုပစ္စည်းများ ပြတ်လပ်နေပြီး လိုအပ်သည့် ပစ္စည်းရှာမရဖြစ်လာနေကြောင်း ဒေသခံများက ပြောသည်။

“ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးမှာ ထွန်စက်ကိုပဲ အဓိက အားကိုးလာကြတော့ ထွန်စက်ကတော့ အလုပ်ဖြစ်ပါတယ်။ ခက်တာက စက်ချွတ်ယွင်းတာတွေများနေတော့ အပိုပစ္စည်းတွေ မရှိတာနဲ့ အဆင်ပြေသလို ပြုပြင်ပြီးလုပ်ရတယ်။ ဒါကြောင့် အရင်နှစ်တွေထက်တော့ ပိုနှောင့်နှေးတာပေါ့ ” ဟု လေးမြို့ချောင်းဒေသက ထွန်စက်ပိုင်ရှင် ကိုလမင်းက ပြောသည်။

ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အားကောင်းစွာလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ဓာတ်မြေဩဇာဈေး မြင့်တက်မှုနှင့် အလုပ်သမားရှားပါးသဖြင့် တောင်သူများမှာ လုပ်ငန်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

ယင်းအပြင် အခြေခံလုပ်အားခ ဈေးနှုန်းမှာ ယခင်နှစ်က အလုပ်သမားတစ်ဦးကို တစ်ရက်အတွက် ငွေကျပ် ၁၂,၀၀၀ သာရှိခဲ့ရာ ယခုနှစ်တွင် ငွေကျပ် ၁၈,၀၀၀ ကျပ်အထိ ပေးရကြောင်း သိရသည်။

“ ဦးလေးတို့ တောင်သူတွေအတွက်က အလုပ်သမားရှာရတာကလည်း ခက်ခဲတဲ့ အလုပ်ဖြစ်လာပြန်တယ်။ ကောင်းကောင်း အလုပ်လုပ်နိုင်တဲ့သူတွေက နိုင်ငံခြားသွားတာနဲ့ ရွာမှာမရှိတာတွေကြောင့် အလုပ်ကြန့်ကြာတယ်။ ရှိတဲ့ တစ်ယောက်နှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ လုပ်ခမြှင့်ပေးမှ ရတာ ” ဟု ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ တောင်သူ ဦးမျိုးလင်းက ပြောသည်။ 

ဆောင်းသီးနှံစိုက်ပျိုးရေး စိန်ခေါ်မှုများ ရှိနေခြင်းကြောင့် ယခုနှစ်တွင် ဟင်းသီးဟင်းရွက်များ အထွက်နှုန်း လျော့နည်းမှု၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုအပိုင်းတွင် ထိခိုက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ရခိုင်ပြည်သူများမှာ ယခင်ကတည်းက ပြည်မဘက်မှ စားသုံးကုန် အပါအဝင် ငရုတ်၊ ကြက်သွန်၊ ဂေါ်ဖီထုပ်၊ မုန် လာဥ စသည့် ဟင်းသီးဟင်းရွက်များကို အားကိုးနေခဲ့ကြရသည်။

“ ရခိုင်ပြည်တွင်းမှာပဲ ဆောင်းသီးနှံမျိုးစုံကို စိုက်ပျိုးနိုင်ရင် စားနပ်ရိက္ခာဖူလုံရေး အပိုင်းက အာမခံချက်ရှိမယ်။ တောင်သူတွေ အများစုက အခုအချိန်မှာ တော်တော်လေးရုန်းကန်နေကြရတယ်။ သူတို့ကို လက်ရှိ အုပ်ချုပ်နေတဲ့ ULA အနေနဲ့ နည်းနည်းဝိုင်းကူပေးရင် အများကြီးလုပ်နိုင်ကြမှာပါပဲ ” ဟု တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးစိုးနိုင်က ပြောသည်။

ရခိုင်ပြည်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့်ဒေသဖြစ်သော်လည်း အခြားဒေသများကဲ့သို့ ဆည်ရေသုံးပြီး သီးထပ်စိုက်ပျိုးရေးစနစ် မရှိဘဲ မိုးစပါးနှင့် ဆောင်းသီးနှံများကိုသာ စိုက်ပျိုးလုပ်ကိုင်ကြသည်။ 

ရခိုင်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော်ရှိသည့်အနက် ဆောင်းသီးနှံဧက ၅၄၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ဧက ၆၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။