- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အာရက္ခတပ်တော်၏ ထူးခြားသည့် အောင်မြင်မှုများ နောက်ကွယ်က အချက် ၅ ချက် အပိုင်း (၂)
လေ့လာသူတွေကတော့ AA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးပန်းတိုင်ဟာ အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါဟာ မြန်မာပြည်တွင်းမှာသာ မကဘဲ ပိုမိုကျယ်ပြန့်တဲ့ အရှေ့တောင်အာရှ ပထဝီနိုင်ငံရေးအထိ ပြတ်ပြတ်သားသား သက်ရောက်မှုတွေ ရှိလာဦးမှာလည်း ဖြစ်ပါတယ်။
14 Jan 2025
မေလ ၁၈ ရက်နေ့က ဘူးသီးတောင်မှာ AA က ရဲတပ်ဖွဲ့ဝင် ၅၅ ဦးကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေ ထဲက တစ်ဦးဖြစ်တဲ့ မြို့နယ်ရဲမှူးဦးအောင်ကျော်ကျော်က မြို့နယ်တစ်ခုလုံးကို AA က အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်မှုရဲ့ နောက်ကွယ်က သူယူဆတဲ့ အကြောင်းရင်းတွေကို အခုလိုပြောပြပါတယ်။
“AA ဟာ စွမ်းရည်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ် ဆိုတာကို သက်သေပြထားပါပြီ” လို့ ဦးအောင်ကျော်ကျော်က စာရေးသူကို ဇွန်လ ၂၃ ရက်နေ့မှာ ပြောပြပါတယ်။
“သူ့ရဲ့ အားသာချက်က ငယ်ရွယ်ပြီး ဇွဲရှိတဲ့ တပ်ဖွဲ့ဝင်တွေ အမြောက်အများရှိထားတာဖြစ်တယ်။ ဒီလူငယ်တွေဟာ ရခိုင်ပြည်အတွက် အသေခံတိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြတယ်” လို့ သူကပြောပါတယ်။
“ဒါဟာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေမှာမရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ စိတ်ဓာတ်ကျဆင်းနေကြသလို တက်ကြွမှုလည်း မရှိကြတော့ဘူး” လို့လည်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။
မြန်မာစစ်တပ်ကို AA က အနိုင်ရခြင်းရဲ့ နောက်ကွယ်က တခြားအကြောင်းရင်းတွေဟာ ဘာတွေဖြစ်မလဲလို့ စာရေးသူကမေးတော့ သူက အခုလို ဖြေပါတယ်။
“AA က လူထုထောက်ခံမှု ရရှိထားတဲ့သဘော ရှိတယ်။ ထောက်ခံမှုမပါရင် ဘယ်မဟာဗျူဟာမှ ထိရောက်မှာ မဟုတ်ဘူး။ အစ္စလာမစ်အကြမ်းဖက်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ မြန်မာစစ်တပ်ဟာ ဒီဒေသမှာ အရပ်သားတွေကို ပစ်မှတ်ထားတယ်။ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်ကို သိမ်းပိုက်ထားတဲ့ ပြည်ပစစ်တပ်လို့ပဲ အမြင်ခံထားရတယ်။ စစ်တပ်အနေနဲ့ မြို့နဲ့ကျေးရွာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမျိုးကို ရှောင်သင့်တယ်”
AA ရဲ့ထိုးစစ်တွေကို ဘယ်လိုမြင်သလဲ၊ မြန်မာစစ်တပ်ဟာ ဒီဒေသမှာ AA ကို ခုခံတွန်းလှန်နိုင်မှာလားလို့ မေးတော့ သူက အခုလို ဖြေပါတယ်။
“AA ဟာ ရခိုင်ပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကို သိမ်းထားပြီ” လို့ ရဲ့မှူးကပြောပါတယ်။
“ဒီအရှိန်အတိုင်း ဆက်ထိန်းထားမယ်ဆိုရင် ဒီဒေသတစ်ခုလုံးကို AA က သိမ်းပိုက်နိုင်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
မြို့နယ်ခုနစ်ခုမှာ စာရေးသူတွေ့ဆုံခဲ့တဲ့ AA တပ်ဖွဲ့ဝင်အများစုဟာ အသက် ၂၀ နဲ့ ၃၀ ကြားတွေ ဖြစ်ပါတယ်။ စာရေးသူ အင်တာဗျူးခဲ့တဲ့ စစ်ဒေသမှူး ဗိုလ်ကြီးနှစ်ဦးနဲ့ လူသူကင်းမဲ့နေတဲ့ ပေါက်တောမြို့က အရာရှိတစ်ဦးတို့ကတော့ အသက် ၃၀ နှောင်းပိုင်း ၄၀ နားကပ်တဲ့ပုံ ရပါတယ်။
AA မှာ အသက် ၁၄ နှစ်အောက် တပ်ဖွဲ့ဝင်မရှိပါဘူး။ လူတစ်ယောက်ကို အဖွဲ့ဝင်အဖြစ်လက်မခံခင်မှာ သူ့ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အတိတ်ကာလ လုပ်ဆောင်ချက်တွေကို အသေအချာစိစစ်ပါတယ်။ အသက် ၃၅ နှစ်ထက်ပိုကြီးတဲ့ သူတွေကတော့ များသောအားဖြင့် ULA မှာ ထမ်းဆောင်ရတာများပါတယ်။ တခြား ပါတီဝင် ဝါရင့် နိုင်ငံရေးသမားတွေကိုလည်း ULA မှာ ပါဝင်ခွင့်ပြုထားပါတယ်။
ရခိုင်ဒေသလူဦးရေနဲ့ လူမှုဘဝ ပုံသဏ္ဌာန်ကလည်း AA နဲ့ ULA အတွက် လူသစ်စုဆောင်းရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အစိုးရ စာရင်းဇယားတွေအရ ရခိုင်ပြည်နယ်ဟာ စတုရန်းကီလိုမီတာ ၃၆,၇၇၈ ကျယ်ဝန်းပြီး လူဦးရေ ၃.၂၂ သန်းခန့် ရှိပါတယ်။ အလုပ်လက်မဲ့ဦးရေ အလွန်ပေါများပြီး လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်း နီးပါးဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်နေကြရသူတွေပါ။ AA အတွက် တပ်ဖွဲ့ဝင်ရှားပါးခြင်း တစ်ခါမှမကြုံဖူးတာ၊ နိုင်ငံတစ်ဝန်းက အခြားသော တော်လှန်ရေးအဖွဲ့တွေလို အတင်းအဓမ္မ လူသစ်စုဆောင်းရခြင်းမျိုး မရှိတာဟာ အံ့သြစရာ မဟုတ်ပါဘူး။
ရခိုင်ပြည်မှာ AA အတွက် စင်ပြိုင်မရှိ
မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာ ဆိုရင် တော်လှန်ရေး အုပ်စုတွေအကြား ပြိုင်ဆိုင်ရတာ၊ အချင်းချင်း ပဋိပက္ခ ဖြစ်ရတဲ့အထိ ဦးတည်သွားတာမျိုး မြင်ရကြားရပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းကဆိုရင် ခေါင်းဆောင်ပိုင်းကို မကျေနပ်လို့ ကလေး PDF ကနေ ခွဲထွက်သွားတဲ့ ချင်းရိုင်ဖယ်တပ် (Chin Rifles) အဖွဲ့ဝင်နှစ်ဦးကို စစ်ကိုင်းတိုင်း ကလေးမြို့မှာ စာရေးသူ အင်တာဗျူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်ကလည်း ချင်းပြည်နယ်ထဲမှာ ပြိုင်ဘက် လက်နက်ကိုင်တပ်တွေ အချင်းချင်း တိုက်ခိုက်ကြလို့ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ဗုဒ္ဓဘာသာ လူများစု နေထိုင်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အာရက္ခဒေသမှာက AA အတွက် ပြိုင်ဘက်မရှိလို့ ဆိုခဲ့ပါ ပဋိပက္ခမျိုး ဖြစ်နိုင်ခြေလည်း မရှိပါဘူး။ CDF ပလက်ဝ ဆိုရင်လည်း အဓိကအားဖြင့် ချင်းအသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ ရပ်တည်ပြီး ချင်းပြည်တောင်ပိုင်းမှာ လှုပ်ရှားတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ ပလက်ဝက အကြီးတန်း AA တပ်ဖွဲ့ဝင်တစ်ဦးက နှစ်ဖွဲ့အကြား ဆက်ဆံရေးဟာ “လှိုက်လှိုက်လှဲလှဲနဲ့ ပူးပေါင်းဆောင်ရွက်မှု” ရှိတယ်လို့ စာရေးသူကို ပြောပါတယ်။
AA ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ မွတ်ဆလင် အကြမ်းဖက် အုပ်စုတွေနဲ့ တင်းမာတဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒီလက်နက်ကိုင်တပ်ဖွဲ့ဝင် အများစုဟာ ဒီဒေသကို AA က စစ်ကောင်စီလက်ကနေ တိုက်ခိုက်သိမ်းယူအပြီးမှာ ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးသွားကြပါတယ်။
AA က နယ်မြေတိုးချဲ့ဖို့ ပြင်ဆင်ခဲ့ချိန်တုန်းကတော့ ရခိုင်ဒေသမှာ ပြိုင်ဘက် လက်နက်ကိုင်အုပ်စုတွေ ရှိခဲ့ပါတယ်။ ရခိုင်အမျိုးသားကောင်စီ (ANC) ဆိုရင် ၂၀၁၁ ခုနှစ်တုန်းက တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ အခုတော့ ဒီအဖွဲ့လည်း မရှိတော့သလောက် ဖြစ်သွားပါပြီ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ သူ့ရဲ့ လက်နက်ကိုင်တပ် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) ကတော့ တခြား တိုင်းရင်းသားအုပ်စု ရှစ်စုနဲ့အတူ ၂၀၁၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ပါ။ ဒီအဖွဲ့ဟာလည်း ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာ နှစ်ဖွဲ့ကွဲသွားပါတယ်။ တစ်ဖွဲ့က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး နောက်တစ်ဖွဲ့က NCA အတိုင်း လိုက်နာပါတယ်။
ALA မှာ အခုလက်ရှိ အဖွဲ့ဝင် အယောက် ၁၀၀ ခန့်ထက် မပိုတော့ဘူးလို့ AA ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ALA ဟာ စစ်တွေမှာ အခြေစိုက်ထားပြီး မြန်မာစစ်ကောင်စီနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ရှေးယခင်က ရှိခဲ့တဲ့ ရခိုင်အဖွဲ့အစည်းတွေနဲ့ မတူတဲ့ အချက်က AA နဲ့ ULA တို့ဟာ အဖွဲ့အပေါ် ထောက်ခံအားပေးမှု ရရှိဖို့အတွက် ပြည်သူလူထုရဲ့ ကြေကွဲဖွယ်ရာ အရင်းခံ ကိစ္စရပ်တွေကို ထုတ်ဖော် အသုံးချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက သူတို့ ကြေညာခဲ့တဲ့ “ရက္ခိတလမ်းစဉ်” နဲ့ “အာရက္ခအိပ်မက်” တို့ဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ ရခိုင်ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ထူထောင်ရေး ပန်းတိုင်တွေကို အနှစ်ချုပ်ထားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်တွေဟာ ရခိုင်လူထုကို တစ်စုတစ်စည်းတည်း ညီညွတ်သွားစေပါတယ်။
နယ်မြေအသာစီးရမှု
အာလဖာ ၂ စစ်ဒေသမှူး ဗိုလ်ကြီးထွန်းယိုင် (Twan Yai) က ရခိုင်ပြည်မှာ နယ်မြေအနေအထား အသာစီးရမှုဟာ AA ရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေမှာ အရေးပါတဲ့နေရာမှာရှိတယ်လို့ ထောက်ပြပါတယ်။ ဇွန်လ ၂၈ ရက်နေ့က ရသေ့တောင်မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက အခုလို ဖြေခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဒီမှာ (ရခိုင်ပြည်မှာ) မွေးပြီး ဒီမှာပဲ ကြီးပြင်းခဲ့တာ။ ကိုယ့်ဒေသနဲ့ပတ်သက်လို့ ကျွန်တော်တို့ သိတယ်၊ ကျွမ်းကျင်တယ်။ မြန်မာစစ်တပ်မှာ ရခိုင်အရာရှိ မရှိဘူး။ ဒီကိုရောက်နေတဲ့ အရာရှိအကုန်လုံးဟာ တခြားက ရောက်လာသူတွေချည်းပဲ။”
ရခိုင်ပြည်ရဲ့ မြေမျက်နှာသွင်ပြင်ဟာ မြန်မာနိုင်ငံရဲ့ အခြား နယ်စပ်ဒေသတွေနဲ့မတူဘဲ ကျဉ်းမြောင်းရှည်လျားတဲ့ ပုံစံဖြစ်ပါတယ်။ အများစုက မြေပြန့်ဧရိယာဖြစ်ပြီး ဒီကြားထဲမှာ မြစ်ချောင်းတွေကလည်း ရောယှက်ဆက်စပ်နေပါတယ်။ ရခိုင်ပြည်အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေသလို မြောက်ဘက်မှာလည်း အိန္ဒိယနဲ့ထိစပ်နေပါတယ်။
ဒီလို မြေမျက်နှာသွင်ပြင်ရှိသလို ကုန်လမ်း အဝေးပြေးလမ်းကြောတွေကလည်း ကောင်းကောင်းကန်းကန်း မဖြစ်တာကြောင့် မြစ်ကြောင်းတွေဟာ ရခိုင်လူထုအတွက် အသွက်သွေးကြောဖြစ်ပါတယ်။ မြစ်ကြောင်းတွေတလျှောက်မှာ ကုန်စည်နဲ့ ခရီးသည်တွေတင်ထားတဲ့ အကြီးစားနဲ့အလတ်စားဘုတ်တွေ နေ့စဉ်နဲ့အမျှ ခုတ်မောင်းနေကြတာကို စာရေးသူ သတိထားမိခဲ့ပါတယ်။
စစ်ပွဲမဖြစ်ခင်တည်းက AA ဟာ လူနဲ့ ပစ္စည်းကိရိယာတွေကို မြစ်ကြောင်းတွေတလျှောက် မြန်မြန်ဆန်ဆန် သယ်ပို့နိုင်မယ့်ထိရောက်တဲ့ စနစ်တစ်ရပ်နဲ့ အထိုင်ကျနေပါပြီ။ အသင့်ရှိနေတဲ့ စပိဘုတ်တွေအပြင်ကို AA ဟာ ဒေသခံတွေဆီက ဘုတ်တွေကိုလည်း ချောဆွဲပြီး သုံးပါတယ်။
မြန်မာစစ်တပ်အတွက် ကျတော့ မြစ်ကြောင်းတွေမှာ သွားလာလှုပ်ရှားရတာ အဆင်မပြေတဲ့အတွက် ချိုင့်ခွက်ဗလပွ ရှိတဲ့ အဝေးပြေးလမ်းတွေအပေါ်မှာ မှီခိုရပါတယ်။ ဒါနဲ့ပဲ စစ်တပ်ရဲ့ ကားတွေဟာ လမ်းမှာ ပိတ်မိပြီး စစ်သားတွေဟာလည်း ချုံခိုတိုက်ခိုက်ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။
ရခိုင်ပြည်တဝန်းမှာ ထိရောက်တဲ့ ဆက်သွယ်ရေးစနစ် တည်ဆောက်ထားတဲ့အတွက်လည်း AA ဟာ အကျိုးရှိနေပါတယ်။ AA နဲ့ ULA ရုံးတွေမှာ (ဂြိုဟ်တုကတစ်ဆင့်) အင်တာနက် အဆက်အသွယ်၊ ဖုန်းအဆက်အသွယ်နဲ့ ဝေါ်ကီတော်ကီ ဆက်သွယ်မှုတွေ ရှိကြပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက် တွေကို အပို့အယူလုပ်ဖို့ သီးသန့်အသံလွှင့်စက်တွေ သုံးကြပါတယ်။
မြောက်ဦးနဲ့ မင်းပြားထဲက ULA တပ်ဖွဲ့ဝင်တွေ ဆက်သွယ်ရခက်တဲ့ တချို့နေရာတွေမှာ ဆိုရင် “တခြားနေရာတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ULA အဖွဲ့ဝင်တွေကို တောင်ထိပ်တွေမှာ အထိုင် နေရာချထားတယ်” လို့ ဒေသ ဒုတိယနိုင်ငံရေးမှူး ဦးအောင်ဇံဖြူက ဒီပလိုမက် သတင်းဌာနကို ပြောပါတယ်။
အားသာချက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်မှုနဲ့ ထိရောက်တဲ့ ဗျူဟာအခင်းအကျင်းတွေကို ကြည့်ရင် AA ဟာ လာမယ့်လတွေအတွင်းမှာ ရခိုင်မြောက်ပိုင်းက တခြားနေရာတွေမှာလည်း ခြေလှမ်း တိုးချဲ့လာဦးမယ့်သဘော ရှိနေပါတယ်။ လေ့လာသူတွေကတော့ AA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးပန်းတိုင်ဟာ အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါဟာ မြန်မာပြည်တွင်းမှာသာ မကဘဲ ပိုမိုကျယ်ပြန့်တဲ့ အရှေ့တောင်အာရှ ပထဝီနိုင်ငံရေးအထိ ပြတ်ပြတ်သားသား သက်ရောက်မှုတွေ ရှိလာဦးမှာလည်း ဖြစ်ပါတယ်။
ရာဗီချန်ဒရာကူးမား
The Diplomat မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Rajeev Bhattacharyya ရဲ့ 5 Factors That Catapulted Arakan Army to Unprecedented Success Against the Myanmar Military ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ Rajeev Bhattacharyya ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။