ကြားဖြတ်သတင်း

ကျွန်တော့်မှာ ဖြေခွင့်မရှိပါ

စားပြီး၊သောက်ပြီး (အမှန်က သောက်ပြီး၊ စားပြီး)တော့ ဒီရွာကို လာရတဲ့အကြောင်းအရင်းလေးတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီလေးတွေ လမ်းပွင့်သွားစေဖို့ဆိုပြီး စကားစမြည် ပြောဖြစ်ကြတာပေါ့။ “ဒါနဲ့ စကားမစပ် ခင်ဗျားတို့ရွာမှာ လူဦးရေဘယ်လောက်ရှိလဲ”မေးတော့ “ကျနော့်မှာ ပြောခွင့်မရှိဘူး”တဲ့။ ဒါဆို အိမ်ခြေကရော”ဆိုတော့လည်း “ကျနော့်မှာပြောခွင့်မရှိဘူး”တဲ့။

Admin 17 Dec 2022

DMG | ဒီဇင်ဘာ ၁၇

(Satire)

တစ်နေ့ သတင်းထောက်ပေါက်စတစ်ယောက်က သူ့ရဲ့ သင်တန်းကအတွေ့အကြုံတွေနဲ့ ကျေးလက်ဒေသက ဓလေ့ထုံးတမ်းတွေကို အများပြည်သူသိအောင် ချပြချင်တာကြောင့် တောရွာတစ်ရွာကို ခရီးထွက်ခဲ့တယ်။ သွားရတဲ့လမ်းခရီးကလည်း ခက်ခဲတာကြောင့် ပင်ပန်းပေမဲ့လည်း ကိုယ်သွားလိုတဲ့ကျေးရွာကို အမြန်ရောက်လိုတာကြောင့် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပြီးချိန်မှာတော့ မြေပုံထဲမှာ မှတ်သားထားတဲ့ ရွာနားကို ရောက်ရှိလာပါတော့တယ်။

ဟိုငေး ဒီငေး လမ်းဆက်လျှောက်လာရင်း လမ်းခုလတ်မှာ ကလေးငယ်တစ်ယောက်ကိုတွေ့တော့ “သားလေး ညောင်ပင်လှရွာကို ဘယ်လိုသွားရမလဲ”ဆိုတော့ “အဲဒီရွာကို ကျနော်မသိဘူးခင်ဗျ”တဲ့။

ဒီလိုတော့ ဘယ်ရမလဲ သတင်းထောက်ပဲ ရအောင်စုံစမ်းရတာပေါ့ဆိုပြီး ရှေ့ကို ဆက်လျှောက်တယ်။ ရွာတစ်ရွာရဲ့အဝင် ချောင်းတံတားအနီးမှာ ရေကစားနေတဲ့ ကလေးတစ်အုပ်ကိုတွေ့တော့ “ဟေ့ ကလေးတို့ ဒီရွာက ဘယ်ရွာလဲ”ဆိုတော့ ကောင်လေးတွေက တပြိုင်နက်တည်း ဖြေလိုက်တယ် “ကျနော်တို့မှာ ပြောခွင့် မရှိပါဘူးဗျ”တဲ့။ အဲလေ ရွာဝင်ဝမှာ ဆိုင်းဘုတ်မှ မကပ်ထားတာ။ ဒါပေမဲ့ သူသွားလိုတဲ့နေရာကို ရောက်နေပြီဆိုတာကိုတော့ သူခံစားမိလာပြီပေါ့။

တဖြေးဖြေးနဲ့ ရွာထိပ်ကအိမ်နားကို ရောက်လာတော့ မောပန်းလာတဲ့အရှိန်ကြောင့် ရေတစ်ခွက် ဝင်တောင်းသောက်လိုက်တယ်။ ရေသောက်ပြီးလို့ အမောဖြေရင်း ခဏထိုင်နေဆဲမှာပဲ အိမ်ရှေ့မှာ ဆော့ကစားနေကြတဲ့ ကလေးတစ်စုကိုမြင်တော့ သတင်းထောက်ပီပီ စပ်စုချင်တာကြောင့် ခေါင်းရင်းခန်းမှာ ထိုင်နေတဲ့ အိမ်ထောင်ဦးစီးလို့ထင်ရသူကို “အစ်ကိုကြီးမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ”လို့ မေးကြည့်လိုက်တော့ “ကျနော့်မှာ ဖြေခွင့်မရှိဘူး”တဲ့။ အပေါ်ကလူ ဖြေလိမ့်မယ်ဆိုပဲ။

အပေါ်ကလူဆိုတာ ဘယ်သူလဲဆိုပြီး စိတ်ဝင်တစားကြည့်လိုက်တော့ ဝဝဖိုင့်ဖိုင့်နဲ့ အမျိုးသမီးကြီးတစ်ယောက် အပေါ်ထပ်က ဆင်းလာပြီးတော့ “ရှင့်ကို သတင်းထောက်တွေနဲ့ စကားမပြောပါနဲ့လို့ မပြောထားဘူးလား”ဆိုပြီး စူပုပ်ပုပ်မျက်နှာနဲ့ ဆင်းလာပါလေရော။

ပြီးတော့မှ “ဒီအိမ်မှာ ရှင်က အိမ်ထောင်ဦးစီးမဟုတ်လား ပြောလိုက်ပေါ့”ဆိုပြီး မျက်စောင်းခဲလိုက်တော့ လင်တော်မောင်လည်း နောက်ဖေးခနသွားအုံးမယ်ဆိုပြီး ထွက်သွားလိုက်တာ တစ်ခါတည်း ပျောက်သွားတော့တာပါပဲ။

သတင်းထောက်လည်း အခြေအနေမဟန်မှန်းသိတော့ ရွာလမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ နွားမွေးမြူရေးခြံတစ်ခုကိုတွေ့ပြန်တယ်။ မျိုးကောင်းမျိုးသန့် နို့စားနွားတွေကိုတွေ့တော့ စိတ်ဝင်စားတာနဲ့ ဘေးမှာလွယ်ထားတဲ့ ကင်မရာကိုထုတ်ပြီး ဓာတ်ပုံ တစ်ပုံ၊ နှစ်ပုံ ရိုက်လိုက်ပြီဆိုတာနဲ့ နွားစာကျွေးနေတဲ့ ကောင်လေးတစ်ယောက်ပြေးထွက်လာပြီး “ခင်ဗျား ဒါ ဘာလုပ်တာလဲ၊ ဒီနေရာမှာ လူကြီးခွင့်ပြုချက်မရရင် ဓာတ်ပုံမရိုက်ရဘူးဗျ”တဲ့။ ဟာ လူကြီးဆိုတဲ့ စကားလုံးတော့ ပါလာပြီ၊ အဲဒီလူကြီးဆိုတဲ့သူနဲ့တွေ့ရင်တော့ သူလိုချင်တဲ့ ဒီရွာရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာခွင့်ရပြီပေါ့။

ဒါနဲ့ပဲ ရင်းနှီးမှုရအောင်ဆိုပြီး မြို့ကပါလာတဲ့ ငါးရာတန်အချိုရည်တစ်ဘူးကို သူ့ကိုထုတ်ပြီးတိုက် “မင်းနွားခြံမှာ နွားဘယ်နှစ်ကောင်ရှိလဲကွာ၊ ပြီးတော့ တစ်နေ့ကို နွားနို့ ဘယ်နှစ်ပိဿာလောက်ထွက်လဲ”လို့ မေးလိုက်တော့ အစတုန်းကလောက်တော့ မျက်နှာထားမတင်းတော့ဘူး။ ပြီးတော့ သူက ပြောလိုက်သေးတယ် “ဒီခြံမှာ နွားကဘယ်နှစ်ကောင်၊ နို့က ဘယ်နှစ်ပိဿာထွက်တယ်ဆိုတာ ကျနော်သိတာပေါ့ဗျာ၊ ဒါက ရွာလူကြီးပိုင်တဲ့ နွားတွေလေ ဒါပေမဲ့ ကျနော့်မှာပြောခွင့်မရှိဘူးဗျ၊ ခင်ဗျားကို ကျနော်ပြောလိုက်ရင် ကျနော့်ရဲ့ နွားကျောင်းနေရတဲ့ ရာထူးလေးပါ ပြုတ်သွားမှာပေါ့”ဆိုပဲ။ အော် သူတို့က အထက်လူကြီးအပေါ်မှာတော့ တော်တော် သစ္စာစောင့်သိကြတာပါကလား။

ဒီလိုနဲ့ နွားကျောင်းသားဆရာရဲ့ လမ်းညွှန်ပြမှုကြောင့် အုပ်ကြီးအိမ်ကို ရောက်ရှိသွားပါတော့တယ်။ “ဗျို့ အုပ်ချုပ်ရေးမှူး ဗျို့ အုပ်ချုပ်ရေးမှူး”လို့ ခေါ်လိုက်တော့ ယောက်မတစ်ချောင်းကိုင်လို့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ပြီးတော့ “အုပ်ချုပ်ရေးမှူးမရှိဘူး၊ ဟိုဖက်ရွာမှာ အလှူရှိလို့ သွားနေတယ်၊ တွေ့ချင်ရင်တော့ ခဏထိုင်စောင့်ပါ”ဆိုပြီး ဖော်ဖော်ရွေရွေတော့ ပြောရှာပါတယ်။ အုပ်ကြီးကတော်ပဲ ဒီလောက်တော့ ပါးရည်နပ်ရည် ရှိတာပေါ့။ ပြီးတော့မှ လည်ပင်းမှာဆွဲထားတဲ့အရာက ကင်မရာမှန်းသိသွားတော့ သူနားလည်သွားပြီ” မောင်လေး အိမ်သာသွားချင်ရင် အိမ်နောက်ဖေးမှာ ရှိတယ်”တဲ့။

သူလည်း နောက်ဖေးကပြန်လာရော အုပ်ကြီးက ကုလားထိုင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့။ ဟိုဖက်ရွာနဲ့ ဒီဖက်ရွာက မိုးပျံရထားနဲ့များ သွားနေသလား အောက်မေ့ရတယ်။ မြန်လိုက်လေခြင်း။

နောက်တော့မှ သိခဲ့ရတာက သူတို့နယ်တစ်ကြောမှာ အုပ်ချုပ်ရေးမှူးလို့ ခေါ်သံကြားလိုက်ရရင် ကြက်သီးတွေထလို့ ရင်းနှီးတဲ့သူတွေခေါ်ကြသလို အုပ်ကြီးလို့ခေါ်မှ သူ့စိုးရိမ်စိတ်တွေ လျော့နည်းသွားရတယ်ဆိုပဲ။ ခုနကလည်း အိမ်ရှေ့က အုပ်ချုပ်ရေးမှူးဆိုတဲ့ အသံကိုကြားတာနဲ့ မီးဖိုချောင်ထဲ ဝင်ပုန်းဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်။

တွေ့ဖြစ်ကြတော့လည်း မြို့ကပါလာတဲ့ ဘီစကစ်၊ သစ်သီး၊ ချိုချဉ်နဲ့ တခြား စားသောက်ဖွယ်ရာလေးတွေကို လက်ဆောင်အဖြစ်ပေးပြီပေါ့။ စားတာပါပဲ၊ ရွာမှာက စားရခဲတာကိုး။

စားပြီး၊သောက်ပြီး (အမှန်က သောက်ပြီး၊ စားပြီး)တော့ ဒီရွာကို လာရတဲ့အကြောင်းအရင်းလေးတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီလေးတွေ လမ်းပွင့်သွားစေဖို့ဆိုပြီး စကားစမြည် ပြောဖြစ်ကြတာပေါ့။ “ဒါနဲ့ စကားမစပ် ခင်ဗျားတို့ရွာမှာ လူဦးရေဘယ်လောက်ရှိလဲ”မေးတော့ “ကျနော့်မှာ ပြောခွင့်မရှိဘူး”တဲ့။ ဒါဆို အိမ်ခြေကရော”ဆိုတော့လည်း “ကျနော့်မှာပြောခွင့်မရှိဘူး”တဲ့။

တကယ်တော့ အုပ်ကြီးက လူကသာ သနားကမား၊ လေးတန်းလောက်ပဲ အောင်ခဲ့တာ။ သူ့မိန်းမဖြစ်သူက ဆယ်တန်းကို သုံးနှစ်လောက်ဖြေဖူးတော့ စာရင်းဇယားတွေ၊ ငွေကြေးပိုင်းဆိုင်ရာကအစ သူကပဲ ကိုင်တွယ်ပေးနေရတာ။

နောက်တစ်နေ့မနက် မိုးလင်းတော့ အုပ်ကြီးက သူဒီရွာကို တာဝန်ယူအုပ်ချုပ်နေစဉ်ကာလမှာ ဘယ်လောက်ထိအောင် စွမ်းဆောင်ပြနိုင်ခဲ့သလဲဆိုတာကို ကြွားချင်တာနဲ့ ရပ်ရွာထဲမှာ ရှိသမျှ ကော်မတီခေါင်းဆောင်တွေ မဖြစ်မနေလာရမယ်ဆိုပြီး ကျေးရွာစာသင်ကျောင်းကို ဆင့်ခေါ်တော့တာပါပဲ။

အားလုံးနီးပါး ရောက်ကြပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌ၊ သာရေးနာရေးအသင်းဥက္ကဌ၊ ကျေးရွာလမ်းပြုပြင်ရေးကော်မတီဥက္ကဌ၊ အမျိုးသမီးရေးရာဥက္ကဌ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ ဥက္ကဌ၊ …ဥက္ကဌ…ဥက္ကဌ….ဥက္ကဌ…..။ ကော်မတီတွေ၊ ဥက္ကဌတွေဆိုတာ ပလူကို ပျံလို့။

သတင်းထောက်ပေါက်စကလည်း သိချင်လွန်းအားကြီးလို့ မေးကြည့်လိုက်ပါတယ်။ “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌအနေနဲ့ လာမည့်နှစ်မှာ ဘယ်လိုအစီအစဉ်တွေကို ဆောင်ရွက်သွားဖို့ရှိပါသလဲ”မေးတော့ “ကျနော့်မှာဖြေခွင့်မရှိပါ”တဲ့။ “ဟုတ်ပြီ ဒါဆို ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌမှာကော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ” ဆိုပြန်တော့လည်း “ကျနော့်မှာ ဖြေခွင့်မရှိပါ”တဲ့။

နောက်ဆုံးတော့ ရပ်အကြောင်းရွာအကြောင်းသိချင်ရင် ဆရာတော်ကို သွားမေးလိုက်ပါ ညီလေးဆိုပြီး တိုးတိုးလေးကပ်ပြောတော့ သဘောပေါက်ပြီလေ၊ ဆရာတော်ကို လျှောက်တင်ကြည့်ရင်တော့ သိသင့်သလောက်တော့ သိရလိမ့်မယ်ပေါ့ဆိုပြီး မေးရမယ့်မေးခွန်းတွေကို အစီအရီ ချရေးထားလိုက်တယ်။

မနက်ပိုင်းကျတော့ ဘုန်းကြီးကျောင်းကိုသွား လှူဖွယ်ဝတ္ထုလေးတွေကပ်ပြီးတော့ “ဆရာတော် တပည့်တော် မေးမြန်းစရာလေး နည်းနည်းရှိလို့ပါ”ဆိုတာနဲ့ “ဒကာလေး နေ့လည်မှ တစ်ခေါက်ပြန်လာခဲ့ပါလား၊ အခုတော့ ဘုန်းဘုန်း ခေါင်းကိုက်နေလို့ ခနနားအုံးမယ်”လို့ မိန့်လာပါတယ်။ ဒါနဲ့ပဲ နေ့လယ်ပိုင်းကျမှ ကျောင်းဝင်းထဲဆီ တစ်ခေါက်ပြန်သွားတော့ ကျောင်းလှေကားထိပ်က ကိုရင်လေးက ပြောရှာပါတယ် “ဒကာ သတင်းထောက်ကြီး၊ ဆရာတော် အခုထိ မသက်သာသေးဘူး၊ ညနေပိုင်းမှ တစ်ခေါက်ပြန်လာခဲ့ပါ”ဆိုလာပြန်တော့လည်း ညနေပိုင်း တစ်ခေါက်ပြန်သွားတာပါ့။

ဒီတစ်ခါတော့ ကျောင်းခြံထဲတောင် မဝင်ရသေးဘူး သူတော်ပေါက်စလေးက အပြေးအလွှားလာပြီးပြောတယ် “သတင်းထောက်ကြီး ဆရာတော် တရားမှတ်နေတယ်၊ တွေ့လို့မရဘူး၊ သူတရားမှတ်နေတုန်း စကားလာပြောရင် အရမ်းစိတ်ဆိုးတတ်တာ”ဆိုတာနဲ့ပဲ နောက်လှည့်ပြန်ခဲ့ရတော့တယ်။

မနက်မိုးလင်းတော့ သိမ်းဆည်းစရာတွေ သိမ်းဆည်းပြီး အထုပ်အပိုးတွေပြင်ကာ လာလမ်းအတိုင်း ခေါင်းငိုက်စိုက်နဲ့ သွားနေတုန်းမှာ အနောက်က ပြေးလိုက်လာတဲ့ ခြေသံတစ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဘုန်းကြီးကျောင်းက ကျောင်းသားလေးဖြစ်နေတယ်။

သူ့လက်ထဲမှာလည်း စာရွက်ခေါက်လေးတစ်ခုကိုင်လို့ “အကိုကြီးကို ဘုန်းဘုန်းက ပေးခိုင်းလိုက်တာ”ဆိုပြီး ပြန်လှည့်ပြေးသွားပါလေရော။ သတင်းတစ်ခုမှမရဘဲ မြို့ပြန်ရောက်ရင် အယ်ဒီတာတွေဆီမှာ အဆူခံရမှာကို စိုးရိမ်သောကရောက်နေရပြီး စိတ်ညစ်နေရတဲ့အချိန်မှာ ဆရာတော်ပေးလိုက်တယ်ဆိုတဲ့ စာရွက်ကို ဖြန့်ကြည့်ပြီးမှ ပြုံးနိုင်သွားတော့တယ်။

ဆရာတော်ပေးခိုင်းလိုက်တဲ့ စာမှာတော့ “ဒကာ... ဒကာသိချင်တာတွေ ဘုန်းဘုန်းအကုန်လုံးပြောပြလို့ရတယ်၊ ဒါပေမဲ့ “ဘုန်းဘုန်းမှာ ပြောခွင့်မရှိဘူး”တဲ့။

ဖိုးဇော်-ရေးသည်။

ဗီဒီယိုများ