ကြားဖြတ်သတင်း

ရိုးမမျက်ရည် တဖန်စီးတော့မည်

ရခိုင်ပြည်သူထုဆန္ဒမပါရှိဘဲ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ထုတ်ယူတင်ပို့ ရောင်းချထားပြီး အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ သတ္တုတူးဖော်ထုတ်လုပ်ခြင်း အခြားစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။

Admin 14 Dec 2022

DMG ၊ ဒီဇင်ဘာ ၁၄

(ဆောင်းပါး)

တောနက်ထဲတွင် အသွယ်လိုက်တဖုံ အတန်းလိုက်တမျိုးဖြင့် ငေါထွက်နေသော ကျောက်ချွန်များကို မြူမှုန်များ ရစ်သိုင်းနေ၏။ တဖန် ဘေးပတ်ပတ်လည်တွင် ချောက်ကမ်းပါးကြီးများ၊ ပုံစံမပျက် သဘာဝသစ်တောများ၊ တသွင်သွင်စီးဆင်းနေသော တောင်ကျချောင်းလေး၏ အလှအပကညှို့အား ပြင်းလွန်းလှသည်။

အဆိုပါ အလှတရားတို့ကို ငေးရင်းနှင့် ကျောက်တောင်ကြီး အောက်ခြေတွင် ဆန့်ကျင်ဘက်ဖြစ်စေသည့် အရာတစ်ခုလည်း ရှိနေပြန်၏။ အကြောင်းမှာ ကျောက်တောင်ကြီး၏ ခန္ဓာကိုယ်ကို လှီးဖြတ်ပြီး စုပုံထားသည့် ဆင်စွယ်ရောင်၊ အပြာနုရောင်နှင့် အဝါရောင်ခပ်ပြေပြေ ကျောက်ပြားစ အကျိုးအပဲ့များက ဝန်းကျင်အနှံ့တွင် ပြန့်ကြဲနေသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်နေပေသည်။

“တောင်က ချွန်းပြီးတော့ မဲပြာရောင်တောက်နေတဲ့ ဧရာမတောင်ကြီး။ တောင်မှာ သစ်ပင်တော့မရှိဘူး။ အဲဒီ တောင်ရိုးတလျှောက်ကို လွှနဲ့ဖြတ်ထုတ်ကြတာ။ ဖြတ်ထုတ်တဲ့ လွှစက်(ချိန်းစက်)ပေက ၃၀ ကျော်လောက် ရှိတယ်။ အဲဒါကို စက်နဲ့ချိတ်ပြီးတော့ ဖြတ်ထုတ်တာ”ဟု တောင်ကုတ်ဒေသခံ ကိုထွန်းထွန်း(အမည်လွှဲ)က ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က လုံခြုံရေး တင်းကျပ်စွာချထားသည့်ကြား အကြောင်းတစ်ခုခုဖြင့် အဆိုပါနေရာသို့ ကိုထွန်းထွန်း ရောက်ဖူးခဲ့သည်။

ထိုနေရာကား ရခိုင်ရိုးမ တောင်ကုတ်-ပန်းတောင်း တောင်ကြားလမ်း မိုင်တိုင်အမှတ် (၂၉ ဒသမ ၃)ဖာလုံမှတဆင့် တောင်ပေါ်လမ်းကြမ်းအတိုင်း ၃ မိုင်ခန့်မျှ လမ်းလျှောက်ဝင်သွားလျှင် ရောက်ရှိသည့် နေပူတောင် (မာဘယ်လ် ကျောက်ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်)ဖြစ်၏။

“လွှစက်တွေနဲ့ဖြတ်ထားတဲ့ ကျောက်ပြားတွေ ပြန့်ကျဲနေတာ၊ ထုထည်တွေနဲ့ တန် ၁၀ အတုံး လုပ်လို့ရရင် အတုံးယူတယ်။ မရရင် အပြားထုတ်တယ်။ အပြားက စားပွဲခုံတစ်ခုံစာ ရရင်လည်းသုံးတယ်။ လုံးဝသုံးစားမရရင် စွန့်ပစ်လိုက်ကြတယ်”ဟု ကိုထွန်းထွန်းက သူရောက်ခဲ့စဉ်က တွေ့ခဲ့ရသည့် မြင်ကွင်းကိုပြောပြသည်။

ထိုအချိန်တုန်းက နေပူတောင် တောင်ကြောတစ်လျှောက်တွင် စက်လွှကြီးများ၊ ခေတ်မီ စက်ယန္တယားကြီးများ၊ ဘတ်ဟိုးကြီးများ၊ ကျောက်သယ်ကားကြီးများမှာ အသံဆူညံစွာဖြင့် ရသမျှ ကျောက်တုံး၊ ကျောက်ပြားများကို ထွင်းထုလှီးဖြတ်နေကြခြင်းဟု ကိုထွန်းထွန်းကဆိုသည်။

အဆိုပါနေပူတောင်ကို ခေတ်အဆက်ဆက် အာဏာပိုင်များက မျက်စိကျခဲ့ကြ၏။ အကြောင်းမှာ ထိုတောင်သည် အဖိုးတန်ရှားပါး မာဘယ်လ်ကျောက် အမျိုးအစားဖြစ်ခြင်းပင်။ ထိုကျောက်မှာ ရှားပါးပြီး မြန်မာနိုင်ငံ၌ ဦးနေဝင်းအစိုးရ လက်ထက်ကတည်းက ဂျပန်အစိုးရနှင့်ပူးပေါင်းပြီး ထုတ်လုပ်ရန် သဘောတူညီမှုများ ရရှိခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

သို့သော် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ယင်းကျောက်တောင်ကြီးက မာဘယ်လ်ကျောက်များကို အိမ်တွင်းအလှဆင်ကျောက်အဖြစ် ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံပိုင် SIMCO-Song Da Joint Stock ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

စီမံကိန်း သဘောတူညီချက်အရ ထိုတောင်မှကျောက်များအား တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၇၈၅၀ ကို ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၂၀ အထိ ထုတ်ယူမည်ဖြစ်သည်။

ယင်းအချိန်မှစပြီး စီမံကိန်းနှင့်ပတ်သက်၍ တောင်ကုတ်ဒေသခံနှင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက တောက်လျှောက် ကန့်ကွက်ခဲ့ကြသည်။ ထို့အတူ လွှတ်တော်မှတ်တမ်းများအရ ၂၀၁၃ မတ်လ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ယင်းစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဆက်လက်မလုပ်ရန် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က အဆိုတင်သွင်းခဲ့ဖူးသည်။

အလားတူ ၂၀၁၃ ခုနှစ်ကစတင်ပြီး တောင်ကုတ်ဒေသခံနှင့် ရခိုင်ပြည်သူများက ကျောက်တောင်ကြီးကို ဖြိုဖျက်မှုများ မလုပ်ရန်၊ ပြည်ပကို မရောင်းချရန်နှင့် နိုင်ငံခြားဝင်ငွေရရှိအောင် တခြားနည်းလမ်းများ လုပ်ဆောင်ရန် အကြံပြုခဲ့ကြသည်။

ထိုသို့ ဆန္ဒပြကန့်ကွက်သူများထဲတွင် တောင်ကုတ်ဒေသခံ ကိုထွန်းထွန်းလည်း ပါဝင်ခဲ့ဖူးသည်။ သို့သော် အာဏာပိုင်များက ပြည်သူ့အသံကို ဂရုမစိုက်ဘဲ ဆက်လက်၍ ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းကာ စာချုပ်ပါအတိုင်း လုပ်ဆောင်ခဲ့သည်။

ယင်းအပြင် စီမံကိန်းအကျိုးအမြတ်အဖြစ် နိုင်ငံတော်က အမြတ် ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရယူမည်ဟု သဘောတူခဲ့ကြသည်။ ထို့အတူ ကုမ္ပဏီရသည့် အမြတ် ၅၀ ရာခိုင်နှုန်းထဲကနေ ဒေသခံများအကျိုးအတွက် ၁၀ သို့မဟုတ် ၁၅ ရာခိုင်နှုန်း ခွဲဝေဆောင်ရွက်ပေးရန် သဘောတူထားကြောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၃ မတ်လက ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်သတ္တုတွင်းဝန်ကြီး ဉီးအောင်သန်းတင်က ပြောဆိုခဲ့မှုကို တွေ့ရသည်။

ယင်းကြောင့် နေပူတောင်စီမံကိန်း ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ကာ ၂၀၁၃ မှ ၂၀၁၇ ခုနှစ်ထိ ၅ နှစ်ကြာ ထုတ်ယူခဲ့ကြသည်။ စီမံကိန်းကာလတလျှောက် မာဘယ်လ်အလှဆင်ကျောက်တုံး ၈၆၅၆ ဒသမ ၉၄၇ မက်ထရစ်တန်ထုတ်လုပ်ခဲ့ပြီး ပြည်ပကို ၆၃၄ ဒသမ ၁၂၂ မက်ထရစ်တန် တင်ပို့ခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ နိုင်ငံတော်ကို ဓာတ်သတ္တုအခွန်ငွေ အမေရိကန်ဒေါ်လာ ၃၃၈၇ ဒသမ ၂၀ သန်းနှင့် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းကို ခွဲဝေမှုအချိုး အမေရိကန်ဒေါ်လာ ၂၁၉၀၃ ဒသမ ၉၅ သန်း ပေးသွင်းခဲ့ရကြောင်း ဆိုသည်။

ထိုသို့ တစတစတူးဖော်ခဲ့သည့် နေပူတောင်စီမံကိန်းလုပ်ကွက်သည် လျှပ်စစ်မီးမရဘဲ ဓာတ်အားပေး စက်သုံးနေရခြင်း၊ ပြည်ပပို့ရန် သယ်ယူရေးတွင် အထွေထွေကုန်ကျစရိတ်၊ ထုတ်လုပ်မှုစရိတ် မြင့်မားမှုများကြောင့် ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ယာယီရပ်နားလိုက်ကြောင်း NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော်တွင် ၂၀၁၈ စက်တင်ဘာ ၁၈ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုခဲ့သည်။

သို့သော်လည်း လတ်တလောတွင် ရပ်နားခဲ့ရသည့် စီမံကိန်းလုပ်ငန်းအချို့ကို စစ်ကောင်စီက မကြာမီပြန်စရန် စီစဉ်နေသည်။ အဆိုပါကိစ္စအတွက် မူလကုမ္ပဏီ SIMCO နှင့် စစ်ကောင်စီတို့ ခွဲဝေစနစ်ဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦး၊ ဗီယက်နမ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၂၅ ရက်က စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးရုံးက ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် စီမံကိန်းကို ရခိုင်ပြည်သူများမှာ တဖန်ကန့်ကွက်လာနေကြ၏။ နေပူတောင်၏ မာဘယ်လ်ကျောက် တည်ရှိမှု ဧရိယာဟာ စတုရန်းဧက ၅၈၀ ခန့်ရှိပြီး လက်ရှိကျောက်များကို ကုန်အောင် ထုတ်လုပ်လိုက်လျှင် ရခိုင်ရိုးမ၏ သဘာဝအလှတရားတို့မှာ လုံးဝပျက်စီးသွားနိုင်တဲ့ အခြေအနေ ရှိနေခြင်းဖြစ်သည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ့မှုတွေကို သူတို့ အများကြီးခေါ်ခဲ့တာ။ ဗီယက်နမ် ကုမ္ပဏီက ပြန်ပြီးတော့ဝင်လာတာကို တွေ့ရတယ်။ စီမံကိန်းရဲ့ရပိုင်ခွင့် အကျိုးခံစားခွင့်နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေမှာ အဆမတန်တဆ ဆုံးရှုံးလိုက်ရတဲ့ စီမံကိန်းသာဖြစ်တယ်”ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်ကပြောသည်။

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အများဆုံးရှာပေးနေကြောင်း ရခိုင်ဒေသခံများကမြင်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်၊ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်မှာ ရခိုင်ပြည်သူ တရပ်လုံးက မကျေနပ်ကြပေ။

ရခိုင်ပြည်သူထုဆန္ဒမပါရှိဘဲ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ထုတ်ယူတင်ပို့ ရောင်းချထားပြီး အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ သတ္တုတူးဖော်ထုတ်လုပ်ခြင်း အခြားစီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် စစ်ကောင်စီအကောင်အထည်ဖော်နေသည့် စီမံကိန်းများမှာ စစ်တွေ ကုလားတန်ဆိပ်ကမ်းစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတို့ကို တွေ့ရ၏။

“အခုက နေပူတောင်မှာ ရှိတဲ့ကျောက်တွေက လေးပုံသုံးပုံ လောက်က ကုန်သွားပြီ။ တောင်ကို မှီခိုနေထိုင်တဲ့သူတွေအတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာမယ်။ မြေပြိုတာတွေဖြစ်လာမယ်ပေါ့။ တောတောင်ဂေဟစနစ်တွေ ပျက်ပြီ”ဟု ဦီးထွန်းကြည်ကဆိုသည်။

မူလနေပူတောင်၏ အတိုင်းအတာသည် မြေပေါ်မျက်မြင်ထုထည် ကုဗပေ (၃၄၉,၂၃၇,၅၀၀)ရှိပြီး အပေါ်သို့ ပေ ၃၀၀ ကျော်ခန့်မျှ ထိုးထွက်နေကြောင်းနှင့် အောက်ခြေသို့ ပေ ၃၅၀ ခန့်မျှ နက်ရှိုင်းကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ယှေလကျောက်(Copper Cretaceous)၊ သဲကျောက်(Agillaceous)၊ ကယ်လ်စီယမ်ကာဗွန်နိတ်၊ အလူမီနီယံအောက်ဆိုက်ဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် ဆိုဒီယံမိုနောက်ဆိုဒ် စသော ဒြပ်ပေါင်းများပါဝင်ကြောင်း လေ့လာသူများကဆိုသည်။

လက်ရှိကာလသည် စစ်ကောင်စီက နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံနေရ၏။ ထို့အတူ နိုင်ငံခြား ဝင်ငွေများကို ကမ္ဘာ့နိုင်ငံအများစုက ကန့်သတ်ထားသည့်အတွက် နိုင်ငံတကာတွင် မျက်နှာပန်းလှရန် စစ်ကောင်စီက စီမံကိန်းများကို အကြောင်းပြနေကြောင်း ပြောဆိုမှုတို့ ကြားနေရသည်။

ရခိုင်ဝါရင့် နိုင်ငံရေးသမား ဉီးဖေသန်းက “ပြည်သူတွေအတွက် အကျိုးမဖြစ်၊ စစ်ကောင်စီရဲ့အသုံးချဖို့ ဝင်ငွေတွေဆိုရင်တော့ ဒါတွေဟာ မလိုလားအပ်တဲ့ လုပ်ရပ်တွေလို့မြင်တယ်”ဟု သုံးသပ်သည်။

အခြားတဘက်တွင်လည်း ရခိုင်ရှိ အကောင်အထည်ဖော်သည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှာ စစ်ကောင်စီ ရှင်သန်ရပ်တည်ရေး တိုင်းရင်းသားလက်နက်ကိုင်နှင့် အတိုက်အခံများကို နှိမ်နှင်းမည့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးအတွက် ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးသမားများက ထင်မြင်နေ၏။

အဆိုပါ နေပူတောင် ကျောက်ထုတ်လုပ်မှု ပြန်လည်စတင်တော့မည့် အကြောင်းနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ရခိုင်သယံဇာတရေးရာဝန်ကြီး ဉီးသန်းထွန်း၊ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဉီးလှသိန်းကို DMG က တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ သို့ရာတွင် ပြည်နယ်စစ်ကောင်စီ စီးပွားရေးဝန်ကြီး ဉီးစံရွှေမောင်က နေပူတောင်ကိစ္စကို သူ့အနေဖြင့် လုံးဝမသိကြောင်း ဆိုသည်။

DMG က စုံစမ်းရသမျှ နေပူတောင်စီမံကိန်း ပြန်လည်စတင်တော့မည့်ကိစ္စမှာ ပြည်နယ်စစ်ကောင်စီကို အသိမပေးဘဲ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်သည့် လုပ်ငန်းဖြစ်ကြောင်းသာ သိရသည်။

“ပြည်ထောင်စုအစိုးရ တစ်ရပ်လုပ်ရင် ပြည်နယ်အစိုးရတစ်ရပ်က မသိလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ပြည်နယ်ထဲက သယံဇာတတွေဖြစ်တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ အဲဒီဆိုးကျိုးတွေကိုလည်း ထည့်တွက်ဖို့လိုတယ်”ဟု ဉီးဖေသန်းက ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဝေဖန်သည်။

ထို့အတူ နေပူတောင်စီမံကိန်းမှာ စစ်ကောင်စီ အသက်ရှင်ရပ်တည်ရေးနှင့် ၎င်းတို့၏ အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒေသခံများအတွက် လုံးဝအကျိုးမရှိကြောင်း ရခိုင် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများက ဝေဖန်သည်။

ရခိုင်သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကိုမျိုးလွင်က “နေပူတောင်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အများကြီးဆုံးရှုံးသွားတယ်။ ဒေသခံတွေရဲ့ ရေအရင်းအမြစ်တွေ ဆုံးရှုံးသွားနိုင်တယ်”ဟု ဝေဖန်သည်။

ထို့အပြင် ရခိုင်တွင် စစ်ကောင်စီနှင့် စင်ပြိုင်အာဏာစက်ရှိနေသည့် ရက္ခိုင့်တပ်တော်(AA)အား နေပူတောင် ကျောက်ထုတ်လုပ်မှု စတင်တော့မည့်အကြောင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထားကိုသိစေဖို့ DMG က ဆက်သွယ်ခဲ့သော်လည်း အကြောင်းမပြန်သေးပေ။

သို့သော်လည်း ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပြီး ရခိုင်ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွဲလုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

အခြားတဘက်တွင်လည်း မူလက နေပူတောင်စီမံကိန်းသည် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့အတွက် ကုန်ချောထုတ်လုပ်သည့် စက်ရုံဖြစ်လာစေရေး မျှော်လင့်ခဲ့ကြသော်လည်း ကျောက်တုံးကြမ်းများကိုသာ ကားကြီး၊ စက်ယန္တယားများဖြင့် သယ်ထုတ်ပြီး ရန်ကုန်မှတဆင့် ဗီယက်နမ်နှင့် တခြားနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ခဲ့ခြင်းဖြစ်သည်။

“ကျောက်ဖြတ်ထားတဲ့ နေရာတွေကိုသွားကြည့်ရင်လည်း တနေရာဆို တနေရာ ဖြတ်ထားတာမဟုတ်။ ဒီကနည်းနည်း ဟိုဘက်ကနည်းနည်း သူတို့လိုချင်တဲ့ဟာကို အတင်းဖြတ်ထားတာတွေ့ရတယ်”ဟု ယခင်က စီမံကိန်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သည့် နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဉီးက ရှင်းပြသည်။

အဆိုပါ မာဘယ်လ်ကျောက်များကို အိမ်တွင်းအလှဆင်ပစ္စည်းများ၊ စားပွဲထိုင်ခုံ စသည့်ပရိဘောဂများတွင် အသုံးပြုသည်။ ယင်းကျောက်မှာ အေးမြသည့်အဆင်းရှိသဖြင့် အပူဒဏ်ခံရသည့် နေရာများတွင် အလှဆင်နိုင်ပြီး နိုင်ငံတကာတွင် ဈေးကွက်ကောင်းကြောင်း သိရသည်။

ထို့အတူ ယခင်က နေပူတောင်စီမံကိန်းတွင် ဒေသခံတို့မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ မရှိခဲ့ကြဘဲ အချို့မှာ အောက်ခြေအလုပ်သာ ရှိခဲ့သည့်အတွက် ဆက်လက်ကျောက်ထုတ်ယူမည့်အပေါ် ကန့်ကွက်ကြောင်း တောင်ကုတ်ဒေသခံများက ပြောဆိုကြသည်။

“စီမံကိန်းတစ်လျှောက်မှာ ဒေသခံတွေက သူတို့မလုပ်ချင်တဲ့ အောက်ခြေပိုင်းအလုပ်တွေ၊ သန့်ရှင်းရေးအလုပ်၊ ထမင်းချက်တာတွေအတွက်ပဲဆိုတော့ ဒေသခံပြည်သူတွေကို အကျိုးပြုတယ်လို့ ပြောလို့မရဘူး”ဟု အဆိုပါ တောင်ကုတ်ဒေသခံကဆိုသည်။

ကုလသမဂ္ဂကြေညာစာတမ်း အပိုဒ်(၃၂)တွင် ဌာနေတိုင်းရင်းသားများသည် ၎င်းတို့၏ လယ်ယာမြေများနှင့် သဘာဝသယံဇာတများကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အစိုးရအနေဖြင့် ဒေသခံလူမျိုးများ ပိုင်ဆိုင်သော သသဘာဝသယံဇာတများကို စီမံကိန်းများလုပ်လိုပါက ဌာနေတိုင်းရင်းသားများနှင့် သဘောတူညီချက်ရယူရမည်ဟု ကုလက တရားဝင်ထုတ်ပြန်ထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေတွင် တိုင်းနှင့် ပြည်နယ်မှ ထွက်ရှိသော သဘာဝသယံဇာတများကို ပြည်ထောင်စုက တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ပြဌာန်းထားသည့်အတွက် ရခိုင်ဒေသခံများမှာ ပိုမိုနစ်နာနေခြင်းဟု ဒေသခံတို့ကဆိုသည်။

လက်ရှိတွင်လည်း စီမံကိန်းကိစ္စနှင့်ပတ်သက်၍ စီမံကိန်းအကျိုးအမြတ်၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကောင်းကျိုး ဆိုးကျိုးများကို စစ်ကောင်စီဘက်က ပြည်သူတို့ထံ တစုံတရာချပြခြင်း မရှိသေးပေ။

မည်သို့ပင်ဆိုစေကာမူ ယခင်က သဘာဝအလျောက် ငေါထွက်နေသော ကျောက်ချွန်များကို မြူမှုန်များ နမ်းရှိုက်နေသည့် နေပူတောင်ကြီးကတော့ သူ၏ ခန္ဓာကိုယ်အား နိုင်ငံခြားသို့ရောင်းစားရန် တဖန်ကြုံလာပြီဟု ပြောရမည်ပင်။

ယင်းကြောင့် ရိုးမတောင်ကြောထဲရှိ နေပူတောင်ကြီးကတော့ နောက်ထပ်ဖန် ငို‌ကြွေးရအုံးမည်ဟု ကိုထွန်းထွန်းတယောက် ရင်နာနာဖွင့် ကဗျာဆန်ဆန်အတွေးထက် မတတ်နိုင်တော့ပေ။

“ကျနော်တို့သွားခဲ့တဲ့ အချိန်ကတော့ တောင်ကြီးရဲ့ သုံးပုံတစ်ပုံလောက်ကို ဖြိုထုတ်ထားပြီ။ ဒါပေမယ့် ရခိုင်ရိုးမ တောင်ကြောထဲမှာ မြုပ်နေတဲ့ကျောက်တွေ အများကြီးရှိသေးတယ်။ ဒီတခါတော့ ဘယ်အထိ ထုတ်ကြအုံးမလဲ”ဟု ကိုထွန်းထွန်းက စိတ်မကောင်းစွာဖြင့် မေးခွန်းထုတ်နေတော့သည်။

ဂေါင် - ရေးသားသည်။

ဗီဒီယိုများ