မြန်မာစစ်တပ်ကို လက်နက်ဖြည့်ပေးနေကြသူများ

ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ငန်း အများဆုံးကို ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကိုပြပါဆိုရင် မြန်မာစစ်တပ်ကိုပဲ လက်ညှိုးထိုးပြကြမှာပါပဲ။ မြန်မာစစ်တပ်ဟာ စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ လောက်ကို ချုပ်ကိုင်ထားပြီး အဲဒီက ရရှိနေတဲ့ အကျိုးအမြတ်တွေနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေထဲမှာ စီးကရက်၊ အရက်ကအစ ဘဏ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းတွေအထိပါ ပိုင်ဆိုင်ထားပြီး အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနေတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

By ရမ္မာကျော်စော 09 Apr 2022

DMG ၊ ဧပြီ ၉ ရက်

ဆောင်းပါး

ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ငန်း အများဆုံးကို ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကိုပြပါဆိုရင် မြန်မာစစ်တပ်ကိုပဲ လက်ညှိုးထိုးပြကြမှာပါပဲ။ မြန်မာစစ်တပ်ဟာ စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ လောက်ကို ချုပ်ကိုင်ထားပြီး အဲဒီက ရရှိနေတဲ့ အကျိုးအမြတ်တွေနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေထဲမှာ စီးကရက်၊ အရက်ကအစ ဘဏ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းတွေအထိပါ ပိုင်ဆိုင်ထားပြီး အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနေတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေထဲမှာ မြန်မာစစ်တပ်ဟာ အရက်ဘီယာ ၂၅ မျိုးထက်မနည်းကို ထုတ်လုပ်နေပြီး ပြည်တွင်းသာမက ပြည်ပအထိပါ တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။ တခြားစီးပွားရေးလုပ်ငန်းတွေ အဖြစ် ကျောက်မျက်ရတနာ လုပ်ငန်းတွေအပါအဝင် အာမခံလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

■ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေတစ်ခု

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ (စစ်အာဏာသိမ်းတဲ့နေ့) အထိ မြန်မာပြည်တွင်းမှာ ရောင်းအားအကောင်း ဆုံးဖြစ်ခဲ့တဲ့ အရက်ဘီယာတွေဟာ မြန်မာစစ်တပ်ပိုင် ကုမ္မဏီတွေကနေ ထုတ်လုပ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ စီးကရက်လုပ်ငန်းနှင့် အဖျော်ယမကာ လုပ်ငန်းတွေကို ချုပ်ကိုင်ထားတာကြောင့် ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ အရက်ဘီယာကုမ္မဏီတွေဟာလည်း မြန်မာစစ်တပ်နဲ့ မကင်းကြပါဘူး။

၂၀၂၀ ခုနစ်မှာ မြန်မာ ဘီယာရဲ့ တစ်နှစ်စာ အမြတ်ဝင်ငွေက အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်ထိ ရှိခဲ့တယ်လို့ “မသုံးနဲ့” ဆိုတဲ့ ကမ်ပိန်းအဖွဲ့ဆီက သိရပါတယ်။ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ပြည်သူလူထုက ဝိုင်းဝန်း သပိတ်မှောက်ခဲ့တာကြောင့် မြန်မာဘီယာရဲ့ ဈေးကွက်ဝေစုတွေ ကျဆင်းခဲ့ရပြီး ၂၀၂၁ တစ်နှစ်လုံးရဲ့ အမြတ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၅၄ သန်းသာရှိခဲ့ပြီး ယမန်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်နဲ့ယှဉ်ရင် သန်း ၅၀ ကျော် အနုတ်ပြခဲ့တာမှန်ပေမဲ့လည်း လက်ရှိအချိန်ထိ အမြတ်ငွေ ရရှိနေဆဲပဲဖြစ်ပါတယ်။ ဒါတောင် မြန်မာဘီယာတစ်ခုတည်းက ရရှိနေတဲ့အကျိုးအမြတ်သာဖြစ်ပြီး ကျန်တဲ့ အရက်ဘီယာ တံဆိပ်အမျိုးမျိုးကလည်း ဒေါ်လာသန်းချီ အမြတ်ရရှိနေပါသေးတယ်။

■ အမြတ်ငွေတွေကို မြန်မာစစ်တပ် ဘာလုပ်သလဲ

သဘာဝသယံဇာတတွေကို ရောင်းချလို့ရတဲ့ ဝင်ငွေအပါအဝင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေက ရရှိနေတဲ့ အကျိုးအမြတ်တွေဟာ မြန်မာစစ်တပ်အတွက် လက်နက်ခဲယမ်းဝယ်ယူရာမှာ အထောက်အပံ့ဖြစ်နေတာတော့ အမှန်ပါပဲ။ ဆိုတော့ ဒီလက်နက်ခဲယမ်းတွေဟာ ဘယ်သူတွေအတွက် အသုံးပြုနေသလဲဆိုတာကို လူတိုင်းလည်း သိကြမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ယခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အတွက်ပါ အဲဒီလက်နက်ခဲယမ်းတွေကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

စစ်တပ်ပိုင်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရရှိရာ အဓိကအရင်းအမြစ် တွေဖြစ်ပြီး စစ်တပ်ပိုင်ကုမ္ပဏီတွေကနေ ကုန်ပစ္စည်းတွေဝယ်ယူတာ၊ ဝန်ဆောင်မှုတွေရယူတာဟာ တိုင်းရင်းသား ပြည်သူတွေကို ဇီဝိန်ခြွေနေတဲ့ သူတို့ရဲ့သေနတ်မှာ ကျည်ဆံဖြည့်ပေးလိုက်တာနဲ့ တူနေပါတယ်။

မိမိတို့ရဲ့ နေ့စဉ်သောက်သုံးနေကြတဲ့ အရက်ဘီယာဖိုး ကုန်ကျငွေတွေဟာ မြန်မာစစ်တပ်အိပ်ထဲကို ပိုက်ဆံထည့်ပေးနေတာနဲ့ အတူတူပါပဲ။ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၄၀ လောက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ် ရာနဲ့ချီပြီး ဖြစ်ခဲ့ကြပေမဲ့ မြန်မာစစ်တပ်က အာဏာသိမ်းတဲ့အခါ ကြုံတွေ့ရတဲ့အဖြစ်မျိုးတော့ မကြုံတွေခဲ့ကြရပါဘူး။ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်အတွင်းမှာ ကုန်ဈေးနှုန်းဟာ ၃/၄ ဆလောက်အထိ တက်သွားတာကြောင့် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးကို ပိုမိုကျပ်တည်း စေပါတယ်။

■ မြန်မာစစ်တပ်ထုတ်ကုန်တွေကို ပြည်မနေ ပြည်သူတွေ သပိတ်မှောက်နေကြပေမယ့် ရခိုင်လူထုက သပိတ်မမှောက်ကြ

လက်ရှိအချိန်မှာ ပြည်မမှာနေထိုင်သူတွေက မြန်မာစစ်တပ်ပိုင် ထုတ်ကုန်တွေကို သပိတ်မှောက်ထားကြတဲ့ အတွက် ရန်ကုန်၊ မန္တလေးတို့ဘက်မှာဆိုရင် အဆင့်မြင့်ဟိုတယ်တွေမှာတောင် မြန်မာဘီယာတို့ အက်ဒမန်ဂိုးလ်တို့လို ဘီယာမျိုးတွေကို တင်မရောင်းကြတော့တဲ့အထိ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းက အရက်ဘီယာ သောက်သုံးသူအချို့ဟာလည်း မြန်မာစစ်တပ်နှင့် အေအေတို့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တဲ့ကာလအတွင်းက မြန်မာစစ်တပ်ပိုင် အရက်ဘီယာတွေကို သပိတ်မှောက်ခဲ့ကြ တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ပိုင် အရက်ဘီယာဈေးကွက်ဟာ ရခိုင်ပြည်မှာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေတာကို လေ့လာတွေ့ရှိချက်တွေအရ မြင်နေရပါတယ်။

အခြေခံစားသောက်ကုန်တွေ ခေါင်ခိုက်အောင် ဈေးနှုန်းတွေ မြင့်တက်နေပေမဲ့လည်း အရက်ဘီယာဈေးနှုန်းတွေ ကတော့ မဆိုစလောက်လေးသာ ဈေးနှုန်းတက်တာကိုတွေ့ရပြီး ပြည်မဖက်မှာ ရောင်းမစွံတဲ့ အရက်ဘီယာတံဆိပ် အမျိုးမျိုးဟာ ရခိုင်ဈေးကွက်မှာ ပျော်ပျော်ကြီး မင်းမူနေဆဲပါ။

ဒေသတွင်း အရက်ချက်လုပ်ငန်းတွေကလည်း ကန့်သတ်ခံထားရတာကြောင့် ရခိုင်လူငယ်တွေအနေနဲ့လည်း ဈေးနှုန်းနည်းပါးတဲ့ မြန်မာစစ်တပ်ပိုင် အရက်ဘီယာတွေကို သောက်သုံးနေကြရပါတယ်။ အရည်အသွေးပြည့်ဝတာ မပြည့်ဝတာထက် ဈေးနှုန်းလျော့နည်းတဲ့ အရက်ဘီယာတွေကို သောက်သုံးနေကြရတာ ကြောင့်လည်း ရောဂါအမျိုးမျိုးဖြစ်ပွားနေကြတာကိုလည်း မြင်တွေ့ကြမှာပါ။

အဆမတန်ပြင်းထန်တဲ့ အရပ်အခေါ် BE အရက်ဆီတွေဟာဆိုရင် ရခိုင်ပြည်က ကျေးလက်ဒေသတွေမှာ ယခုအချိန်ထိ သောက်သုံးနေကြဆဲပဲဖြစ်ပါတယ်။ ဒီနေရာမှာ BE အရက်ဆိုတာ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ တွေနဲ့ ဘာမှပြုလုပ်ထားတာ မဟုတ်တဲ့အတွက် အသက်အန္တရာယ်ကို ချက်ချင်းပေးနိုင်တဲ့ အဆိပ်တစ်ခွက်နဲ့ တူတယ်လို့ ရခိုင်ပြည် ကျောက်တော်မြို့နယ်မှာ တာဝန်ကျနေတဲ့ ကျေးလက်ကျန်းမာရေးမှူး တစ်ဦးက ထောက်ပြပါတယ်။ ဝင်ငွေနိမ့်တဲ့ လူတန်းစားတွေအနေနဲ့လည်း နိုင်ငံခြားဖြစ် အရက်ဘီယာကို မသောက်သုံးနိုင်တာကြောင့် စစ်တပ်နှင့် စစ်တပ်နဲ့နီးစပ်တဲ့အသိုက်အဝန်းက ထုတ်လုပ်နေတဲ့ အရက်ဘီယာတွေကိုသာ သောက်သုံးနေကြရပါတယ်။ အရည်အသွေးမမီတဲ့ အပေါစားအရက်တွေကို ဝယ်ယူသောက်သုံးနေတာဟာဆိုရင် ငွေပေးပြီး ရောဂါဝယ်နေတာနဲ့ တူနေပါတယ်။

ဟိုအရင်က ရခိုင်ပြည်က ပွဲတွေထဲမှာ မင်္ဂလာဆောင်တဲ့ ပွဲတွေမှာသာ အရက်သောက်ကြပေမဲ့ အခုအချိန်မှာတော့ ရှင်ပြုပွဲ ကထိန်ပွဲတွေမှာပါ အရက်ဟာ မပါမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်လို့နေပါပြီ။ သင်္ကြန်ရက်တွေ နီးလာတာနဲ့အမျှ အရက်ဘီယာဈေးတွေ ထိုးတက်လာသလို ဖြန့်ဖြူးရေးကို လုပ်ကိုင်နေသူတွေက ချုပ်ကိုင်ထားတာကြောင့် လိုချင်သလောက် ဝယ်ယူလို့မရတဲ့ အနေအထားကို ရင်ဆိုင်နေကြရပြန်ပါတယ်။ လက်လီရောင်းချမယ့်သူတွေဟာ လက္ကားရောင်းချနေတဲ့သူတွေဆီကနေ ခွဲတမ်းစနစ်နဲ့ပဲ ရရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်က DMG ရဲ့ စုံစမ်းချက်အရ အမ်းမြို့နဲ့ တောင်ကုတ်မြို့က ဖြတ်ပြီး ရခိုင်ပြည်အတွက် သင်္ကြန်အတွင်း ဖြန့်ဖြူးဖို့ဆိုပြီး မြန်မာစစ်တပ်ထုတ်ကုန် အရက်နဲ့ ဘီယာကို ကုန်တင်ကားကြီး ၁၀ စီခန့်နဲ့ သယ်ဆောင်သွားတယ်လို့ အဲဒီမြို့ရဲ့ ဒေသခံတွေဆီက သိရပါတယ်။

■ ရခိုင်လူထု ဘာကြောင့် သပိတ်မှောက်သင့်သလဲ

ပြည်မဖက်မှာတော့ ရေမစိုသပိတ်ဆိုတဲ့ ကမ်ပိန်းမျိုးတွေ ပြုလုပ်မယ်လို့ အသံတွေထွက်နေပေမဲ့လည်း ရခိုင်ပြည်နယ်စစ်ကောင်စီကတော့ ရိုးရာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
အမျိုးကိုထိမှ နာတယ်ဆိုတာထက် လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်လို့ ရခိုင်လူထုအနေနဲ့ ခံယူကြဖို့တော့ လိုလာပြီထင်ပါတယ်။ ကျွန်တော်တို့တွေ နောက်ထပ် ကျည်ဆန်တွေ ထပ်ဖြည့်ပေးသင့်ရဲ့လားလို့ စဉ်းစားရပါတော့မယ်။ ပြည်သူ့ဖက်ကိုလှည့်ထားတဲ့ ပြောင်းဝပေါ်မှာ အမွှေးနံ့သာတွေ ပက်ဖျန်းပေးနေကြ ဦးမှာလား။ အလှည့်ကျစနစ်လို လည်ပတ်နေတဲ့ စစ်ယန္တရားကို လောင်စာဆီ ဖြည့်ပေးနေကြဦးမှာလား။ အဲဒီ စစ်ယန္တရားကို မဖျက်ဆီးနိုင်သ၍ကတော့ ခင်ဗျားတို့ လိုချင်တဲ့ လွတ်လပ်ရေးပဲ ဖြစ်ဖြစ်၊ ကိုယ့်ကံကြမ္မာပဲ ဖြစ်ဖြစ် ရမှာ မဟုတ်ဘဲ အိမ်မက်ပဲ ဖြစ်နေအုံးမှာလို့ ပြောပါရစေ။

အုပ်စိုးသူအဆက်ဆက်က နိုင်ငံရေးအရ မျက်နှာသာအပေးမခံခဲ့ရတဲ့ ရခိုင်တွေကတော့ စစ်ကောင်စီဆီမှာ အရက်ဘီယာဈေးကွက်အတွက် အရေးပေးခံလာရပြီ။ ဂုဏ်ယူစရာတစ်ခုလို့ ခံယူဖို့ သင့်ပါ့မလား။ ဒဂုံဘီယာ၊ မန္တလေးဘီယာ၊ အက်ဒမန်ဂိုးလ်တို့ မြန်မာဘီယာတို့သောက်ပြီး အောင်ပွဲခံသင့်တဲ့ အချိန်အခါတော့ မရောက်သေးဘူးလို့ ခံစားမိတာပါပဲ။ ရခိုင်တို့ အမြဲပြောနေတဲ့ “ကြိုး” မယ်ဆိုတဲ့ စကားက မြန်မာစစ်တပ်ကို လက်နက်တွေ ဝယ်ပေးတာနဲ့ တူတယ်လို့ ခပ်ပြင်းပြင်း ပြောပါရစေ။

■ မြန်မာစစ်တပ်ထုတ်ကုန် ဘယ်သူတွေကို ဦးတည်နေသလဲ

အရင်တုန်းက ရှိခဲ့ဖူးတဲ့ အစဉ်အလာတစ်ခုကတော့ မြန်မာစစ်တပ်အတွက် ပြန်လည်သုံးစွဲနိုင်တဲ့ စီးပွားရေးနည်းဗျူဟာတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချို့နဲ့ ပူးပေါင်းပြီး MPG (Myanmar Peace Group) တံဆိပ်တွေနဲ့ ရေသန့်ဘူးကအစ ဝီစကီအရက်ထိ ထုတ်လုပ်ရောင်းချခဲ့ဖူးတဲ့ အတွေ့အကြုံတွေက ရှိပြီးသားဖြစ်နေလို့ပါ။ နောက်ထပ်လည်း ဒီလိုခြေလှမ်းမျိုးတွေက ရှေ့ဆက်လာနိုင်ပါသေးတယ်။

ဆက်သွယ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ Ooredoo ကုမ္မဏီဟာ မြန်မာပြည်ကို စတင်ဝင်ရောက်ချိန်က မြန်မာပြည်သားအများစုရဲ့ သပိတ်မှောက်တာကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က ပါဝင်ပတ်သက်နေတဲ့ mytel ကုမ္မဏီ ဝင်ရောက်လာချိန်မှာတော့ မြန်မာပြည်သားအများစုဟာ ထောက်ခံအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာပြည်တလွှားမှာ Mytel ဆင်းကတ်တွေကို ဝယ်ယူသုံးစွဲသူ နည်းပါးသွားပြီး တချို့ဒေသတွေမှာဆိုရင် တာဝါတိုင်တွေဖျက်ဆီးခံရတဲ့အထိပါ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဗမာလူမျိုးဟာ အများဆုံးပါ။ ဗမာလူမျိုးက သပိတ်မှောက်လိုက်တာနဲ့ အဲဒီကုန်ပစ္စည်းတွေဟာ ဈေးကွက်မှာနေရာရဖို့ မလွယ်ကူတော့ပါဘူး။

လက်ရှိမှာလည်း မြန်မာစစ်တပ်ပိုင် ကုမ္မဏီတွေက ထုတ်လုပ်လိုက်တဲ့ အရက်ဘီယာတွေဟာ ပြည်မဈေးကွက်မှာ အကျဘက်ကို ဦးတည်နေတာကြောင့် ပြည်နယ်တွေဖက်တွေမှာ ဈေးကွက်တွင်ကျယ်လာတဲ့သဘောပါ။

■ ရခိုင်ပြည်အတွင်း အရက်တိုက်ဖျက်ခဲ့ချိန်

၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်က သံဃာတော်တွေ ဦးဆောင်ပြီး အရက်ဆီနှင့်အရက်တုများ ရခိုင်ပြည်ကို တင်းသွင်းနေတာ တားဆီးပေးဖို့ နိုင်ငံတော်သမ္မတထံ စာပို့ပြီးတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အရက်ဆီနဲ့ အရက်တုတင်းသွင်းနေမှုဟာ လျော့ကျမသွားခဲ့ပါဘူး။ ၂၀၁၆ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်က မြို့နယ်အများ စုမှာ အမျိုးသမီးတွေက ဦးဆောင်ပြီး အရက်သောက်သုံးမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ BE အရက် သောက်သုံးမှုကြောင့် ၁၀ ဦးထက်မနည်း အသက်သေဆုံးခဲ့တဲ့ ရသေ့တောင်မြို့နယ်က ဖြစ်ရပ်ကို အားလုံးမှတ်မိကြမှာပါ။ အဲဒီနောက်ပိုင်း ရခိုင်အမျိုးသမီးအများစုက အရက်လုံးဝမသောက်ရ ဆိုပြီး ကော်မတီဖွဲ့ကာ ပြင်းပြင်းထန်ထန် တိုက်ဖျက်ခဲ့ပေမယ့် ဒေသအာဏာပိုင်တွေ ပူးပေါင်းပါဝင်မှုမရှိတာကြောင့် အောင်မြင်မှု မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

■ ရခိုင်က အရက်ဖိုးငွေ မြန်မာစစ်တပ် ဘယ်လောက်ရနေသလဲ

လက်ရှိမှာတော့ ရခိုင်ပြည်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ အရက်ဘီယာဖြန့်ချိတဲ့ဆိုင်ကြီးတွေမှာ DMG ရဲ့ စုံစမ်းချက်အရ တစ်ရက်ကို ကျပ် သိန်း ၃၀ ဖိုးကနေ ၅၀ ဖိုးလောက်အထိ ရောင်းချနေကြရပြီး ဆိုင်သေးတွေ၊ စတိုးဆိုင်နဲ့ တွဲဖက်ဖွင့်ထားတဲ့ အရက်အရောင်းဆိုင်တွေမှာ တစ်ရက်ကို ကျပ် ၅ သိန်းဖိုးကနေ ၁၅ သိန်းဖိုးလောက်အထိကို ရောင်းချနေရ ပါတယ်။ စစ်တွေမြို့မှာ ကျပ် သိန်း ၃၀ ဖိုး ရောင်းရတဲ့ဆိုင် ၅၀ အထက်ကို ရှိပါတယ်။ ဆိုင် ၅၀ နဲ့တွက်ရင် တစ်ရက်မှာ ၁၅၀,၀၀၀,၀၀၀ ကျပ်ဖြစ်ပြီး တစ်လ ဆိုရင် ကျပ် သန်း ၄၅၀၀ ရောင်းရပါတယ်။ ဒါက စစ်တွေမြို့တစ်ခုတည်းပါ။ ၁၇ မြို့နဲ့ တွက်လိုက်မယ်ဆိုရင် တစ်လမှာ - ကျပ် သန်း ၄၅၀၀ x ၁၇ = ကျပ် သန်း ၇၆၅၀၀ ရောင်းရမယ်ဖြစ်ပြီး တစ်ဝက်လျော့ချလိုက်ရင်တောင် ရခိုင်ပြည်အတွင်း တစ်လ ကျပ် သန်း ၄၀၀၀၀ လောက်ဟာ ရခိုင်ကထွက်ငွေပြနေပြီး မြန်မာစစ်တပ်က အမြတ်ပဲဖြစ်ဖြစ်၊ အရင်းပဲဖြစ်ဖြစ် အဲဒီထွက်ငွေရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိနေပါတယ်။ ဒါတောင် တစ်လစာပဲ တွက်သေးတာ၊ တစ်နှစ်စာနဲ့တွက်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ လက်နက်တွေ ဘယ်လောက်ဝယ်ယူလို့ ရနိုင်မလဲ သေသေချာချာ သုံးသပ်စဉ်းစားဖို့ လိုအပ်ပါတယ်။

■ ရခိုင်လူထု ဘာလုပ်သင့်သလဲ

ဒါကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်မှာ အရက်ဘီယာသောက်သုံးသူဦးရေဟာ များပြာလာနေတယ်လို့ ကောက်ချက်ဆွဲလို့ရနိုင်ပါတယ်။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင် အရက်ဘီယာရောင်းချရမှုဟာ တရက်မှာ သိန်းထောင်ချီရှိပြီး အများစုကတော့ မြန်မာစစ်တပ်ပိုင်နဲ့ မြန်မာစစ်တပ်နဲ့နီးစပ်တဲ့ အသိုက်အဝိုင်းတွေကနေ ထုတ်လုပ်နေတဲ့ အရက်ဘီယာတွေကို သောက်သုံးနေကြခြင်းလည်း ဖြစ်ပါတယ်။

ဆိုတော့ ကျနော်တို့တွေ နေ့စဉ်သောက်သုံးနေကြတဲ့ အရက်ဘီယာဖိုးငွေတွေဟာ တနည်းနည်းနဲ့ မြန်မာစစ်တပ်ရဲ့အိပ်ကတ်ထဲကို ရောက်ရှိသွားပြီး အဲ့ဒီအကျိုးအမြတ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေကို သွေးမြေကျစေတဲ့ သေနတ်ပြောင်းဝမှာ ကျည်ဆံထပ်ဖြည့်ပေးနေတယ်ဆိုတာ သင့်တော်ပါ့မလားလို့ စဉ်းစားကြစေလိုပါတယ်။

မှတ်ချက်။  ။ Burma Campaign (UK) က ထုတ်ပြန်ထားတဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းကနေ ထုတ်လုပ်ရောင်းချနေတဲ့ အရက်ဘီယာ စာရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Andaman Gold Blue
၂။ Andaman Gold Special
၃။ Black Shield Stout
၄။ Dagon Beverages
၅။ Dagon Dairy Plant
၆။ Dagon Extra Strong Beer
၇။ Dagon Fresh Lemon Sparkling
၈။ Dagon Fresh Soda
၉။ Dagon Gin
၁၀။ Dagon Lager Beer
၁၁။ Dagon Light Lager Beer
၁၂။ Dagon Malta Fresh
၁၃။ Dagon Rum
၁၄။ Dagon Single Malt Lager Beer
၁၅။ Dagon Super Lager Beer
၁၆။ Kirin Ichiban
၁၇။ Mandalay Beer
၁၈။ Mandalay Brewery
၁၉။ Mandalay Spirulina Anti-aging Beer
၂၀။ Mandalay Strong Beer
၂၁။ Mandalay Super Fresh Lager
၂၂။ Myanmar Beer
၂၃။ Myanmar Brewery
၂၄။ Myanmar Premium Beer

ရမ္မာကျော်စော_ရေးသားသည်

ဗီဒီယိုများ