ဒေါင်ချာစိုင်း မြန်မာစစ်ကောင်စီ ရွေးချယ်ရမည့် ဆေးခါးကြီးသုံးဖုံ (၁)

စစ်တပ်သည် မဟာဗျူဟာပိုင်းအရ ရွေးချယ်စရာ လမ်းကြောင်း သုံးသွယ်ရှိနေသည်။ သို့သော် လက်ရှိရင်ဆိုင်နေရသည့် ပုံစံအရဆိုလျှင် အဆိုပါနည်းလမ်းများသည်လည်း တစ်ခုမျှ နှစ်လိုဖွယ်ရာ ဖြစ်မနေပေ။ လက်ရှိရင်ဆိုင်နေရသည့် အရှုံးများကိုလည်း လမ်းကြောင်းပြောင်းနိုင်ဖွယ် မရှိပေ။ 

By Admin 19 Nov 2023

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တွင် ကျင်းပသည့် မင်္ဂလာအခမ်းအနား၌ တွေ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တွင် ကျင်းပသည့် မင်္ဂလာအခမ်းအနား၌ တွေ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

စောသန္တာအေး ဘာသာပြန်ပါသည်။

ဒုတိယကမ္ဘာစစ်၏ ပဲ့တင်သံများသာ ၂၁ ရာစု မြန်မာနိုင်ငံအထိ ရိုက်ခတ်မှု ရှိဦးမည်ဆိုပါက အဖြစ်အပျက်များသည် ၁၉၄၅ ခုနှစ် ဧပြီလဆုံမှတ်အထိ မရောက်သေးဟု ဆိုရမည်။ ထိုစဉ်က စစ်ရှုံးနေသည့် ဂျာမန်စစ်တပ်၏ ယုံမှားလွန်နေသော စစ်ဦးစီးချုပ်သည် မရှိတော့သည့် တပ်ခွဲများကို နိုင်ငံ့မြို့တော်၏ အပျက်အစီးပုံကြားရှိ မြေအောက်ဘန်ကာတစ်ခုမှနေ၍ ညွှန်ကြားချက်များ ပေးနေခဲ့လေသည်။

သို့သော်လည်း အဖြစ်အပျက်များမှာ ၁၉၄၄ သြဂုတ်လ အဆင့်လောက်နီးနီးတော့ ရှိနိုင်ပါသည်။ Falaise Pocket ဟု ခေါ်ဆိုကြသည့် ဒီဒေးထိုးစစ်အပြီး နှစ်လအကြာ ထိုအချိန်၌ ဂျာမန်တပ်ဖွဲ့များသည် အကြီးအကျယ် ရှုံးနိမ့်နေပြီဖြစ်သည်။ နာဇီဌာနချုပ်သည်လည်း ဂျာမန်ပြေပြင်၌ မဟာမိတ်တပ်များ အကြီးအကျယ် ချီတက်နေသည်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ 

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိုးစစ်ပုံစံကြောင့် နေပြည်တော် စစ်စခန်း၌ ရှိနေသည့် မြန်မာစစ်တပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ ဗိုလ်ချုပ်များသည်လည်း ယခုအခါ Falaise Pocket အခိုက်အတန့်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည့် ညီနောင်မဟာမိတ် သုံးဖော်သည် ပထမသီတင်းနှစ်ပတ်အတွင်း တရုတ်နယ်စပ်ရှိ မြို့အချို့ကို သိမ်းယူခဲ့သည်။ အဆိုပါမြို့များတွင် ချင်းရွှေဟော်နှင့် နမ့်ခမ်းတို့လည်း ပါဝင်သည်။ ထို့ပြင် စစ်တပ် အထိုင်စခန်းများနှင့် ရှေ့စခန်းများကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းမိခဲ့သည်။

ဤအရှုံးကို လာမည့်ရက်များအတွင်း မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းက မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို မကြသေးမီကမှ အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခဲ့ပြီးနောက် သိသိသာသာ ယိုယွင်းမှုရှိနေသည့်အတွက်လည်း တုံ့ပြန်မှုမှာ လွယ်ကူမည်မဟုတ်ကြောင်း သေချာနေသည်။

စစ်တပ်သည် မဟာဗျူဟာပိုင်းအရ ရွေးချယ်စရာ လမ်းကြောင်း သုံးသွယ်ရှိနေသည်။ သို့သော် လက်ရှိရင်ဆိုင်နေရသည့် ပုံစံအရဆိုလျှင် အဆိုပါနည်းလမ်းများသည်လည်း တစ်ခုမျှ နှစ်လိုဖွယ်ရာ ဖြစ်မနေပေ။ လက်ရှိရင်ဆိုင်နေရသည့် အရှုံးများကိုလည်း လမ်းကြောင်းပြောင်းနိုင်ဖွယ် မရှိပေ။ 

ရွေးစရာတစ်ချက်မှာ တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အထူးအရေးပါသည့် ပင်မကုန်သွယ်ရေး လမ်းကြောကို သိမ်းပိုက်ရေးအတွက် ဦးတည်သည့် တန်ပြန်ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ဖြစ်သည်။

နောက်တစ်ချက်မှာ ရှမ်းမြောက်ရှိ စစ်စခန်းများနှင့် လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့ကို အခိုင်အမာ ခြေကုပ်ယူနိုင်အောင် ကြိုးပမ်းကာ တဖြည်းဖြည်း အချိန်ယူတိုက်ခိုက်သွားရန် ဖြစ်သည်။

ရွေးချယ်စရာ တတိယလမ်းကြောင်းမှာ ရှမ်းပြည်မြောက်ပိုင်းမှ၊ ထိုထက်ပိုလျှင် ရှမ်းပြည် အရှေ့ပိုင်းမှပါ စနစ်တကျ ဆုတ်ခွာရေးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရန်ဖြစ်သည်။ ဖြစ်နိုင်ပါက အချိန်ရခိုက်တွင် တပ်သားများသာ မကဘဲ အထိုင်လက်နက်ကြီးများကိုပါ ရုပ်သိမ်းပြီး နိုင်ငံဗဟိုချက်မ မန္တလေးပတ်လည်၊ ခံတပ်မြို့တော် နေပြည်တော်ပတ်လည်တွင် ခုခံကာကွယ်ရေး အတွက် နေရာချရမည် ဖြစ်သည်။

ဆိုခဲ့ပါ ရွေးချယ်စရာ သုံးချက်လုံး၌ အားသာချက်၊အားနည်းချက်များ ရှိနေသည်။ မန္တလေးကို စီးမိုးထားသော တောင်တန်းများရှိရာ ခံတပ်မြို့တော် ပြင်ဦးလွင်၌ အထိုင်ချသည် ဆိုလျှင် လေကြောင်းနှင့် သံချပ်ကာတပ်ရင်းများ အထောက်အကူဖြင့် တန်ပြန်ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲကာ တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်စတင်နိုင်သည်။ သံချပ်ကာတပ်ရင်းသည် ဤပဋိပက္ခအတွင်း၌ လက်ရှိအချိန်အထိ မယ်မယ်ရရ တိုက်ပွဲမဝင်ရသေးပေ။

ဤသို့ ဆောင်ရွက်နိုင်ပါက နေပြည်တော်အနေဖြင့်လည်း နယ်စပ်ရှိ အဓိကကျသည့် ပွိုင့်များကို ထိန်းချုပ်နိုင်စွမ်း ရှိသေးကြောင်း တရုတ်ကို ပြသရာရောက်မည် ဖြစ်သည်။ ညီနောင်သုံးဖော်အား တရုတ်က အားကိုးလိုက်ခြင်းသည် မှားယွင်းလောင်းကြေးထပ်မိခြင်းသာ ဖြစ်သည်ဟုလည်း သတင်းစကား ပေးနိုင်ပေမည်။ တပ်မတော်၏ စစ်ရေးဂုဏ်သိက္ခာကိုလည်း အဖတ်ဆယ်ပြီးသား ဖြစ်သလို စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာပိုင်း အကြီးအကျယ် ယိုယွင်းနေမှုကိုလည်း ပြန်လည် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အပေါ်မှအချက်များကို မြန်မာစစ်တပ်၏ ရန်လိုမုန်းထားသည့် သန္ဓေနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့မည် ဆိုလျှင်တောင် အခြားသော အချက်များကြောင့် ထေမိနိုင်သေးသည်။

ပထမနည်းလမ်း

ပထမဆုံး ပြောရမည်မှာ တန်ပြန်ထိုးစစ်သည် အန္တရာယ်များလွန်းသည့် ပင်မလမ်းကြောကြီးမှတစ်ဆင့် သွားလာလှုပ်ရှားရန် လိုအပ်နိုင်သည့် အနေအထားဖြစ်သည်။ ပြင်ဦးလွင်မှတစ်ဆင့် နောင်ချို၊ ကျောက်မဲနှင့် သီပေါ၊ ထိုမှသည် သိန္နီနှင့် ကွတ်ခိုင်ကိုဖြတ်ကာ လားရှိုး၊ ပြီးလျှင် မူနယ်မှတစ်ဆင့် နယ်စပ်အထိ ရောက်မည့် အဝေးပြေးလမ်းမကြီး မှတစ်ဆင့် ချီတက်ရမည် ဖြစ်သည်။

နေပြည်တော်မှ ခြေမြန်တပ်ရင်းများ၏ ဦးဆောင်မှုနှင့်အတူ သံချပ်ကာတပ်နှင့် လေတပ်၏ အားဖြည့်ကူညီမှုဖြင့် ဆိုလျှင် ကနဦးချီတက်မှုသည် အဝေးပြေး လမ်းမကြီးတစ်လျှောက် တောင်ကုန်းတောင်တန်းများတွင် ပြန့်ကြဲနေသည့် TNLA တပ်များကို ထိုးဖောက်နိုင်ခြေရှိသည်။

သို့သော်လည်း အဝေးပြေး လမ်းမကြီးမှာ ကီလိုမီတာ ၄၀၀ နီးပါးရှည်လျားပြီး တိုက်ခိုက်ရေးအားကောင်းသည့် လက်နက်ကိုင်တပ်များ တောက်လျှောက်ရှိနေမည် ဖြစ်သည်။ ယာဉ်များနှင့် တပ်များသည်လည်း လမ်းကြောတစ်လျှောက် အားလျော့လာနိုင်ရာ တပ်စုကြီးတစ်ခုလုံး၏ တန်ဖိုးကို မေးခွန်းထုတ်စရာ ရှိလာသည်။

တန်ပြန်ထိုးစစ် ပြုလုပ်ရန်အတွက် လူအင်အား အနည်းဆုံး ၂၀၀၀၊ ၃၀၀၀ ခန့်ပါဝင်သည့် တပ်မကြီးတစ်ခုစာခန့် လိုအပ်သည်။ တပ်မတော်သည် လက်ရှိ၌ နေရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ထားရသည်ဖြစ်ရာ အခြားသော အရေးကြီးသည့် စခန်းနေရာများသည်လည်း အားနည်းလျက်ရှိသည်။

ဤကဲ့သို့သော စစ်ဆင်ရေးမျိုး အောင်မြင်ရန် ဆိုသည်မှာလည်း ဦးဆောင်မည့် ဗိုလ်ချုပ်ကြီးအပေါ် မူတည်နေသည်။ သူ့အနေဖြင့် ရှေ့မှဦးဆောင် ညွှန်ကြားရမည် ဖြစ်သလို စိတ်ဓာတ်ယိုယွင်းနေသည့် တပ်ဖွဲ့ဝင်များအတွက်လည်း အားတက်စရာ ဖြစ်နေရမည့် အချက်ကလည်း အရေးကြီးနေပြန်သည်။

စစ်တပ်၏ ဗျူရိုကရေစီယန္တရားသည် ပျက်စီးနေပြီး ဗိုလ်မှူးကြီးအဆင့်ထက် ရာထူးပိုကြီးသူများသည် ရှေ့တန်းတွင် တိုက်ပွဲကိုဦးဆောင်သည်မှာ မရှိသလောက်ရှားသည်။ ဤသို့သော ထူးချွန်ပြောင်မြောက်သည့် တပ်မှူးများကို မမြင်မတွေ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

ယနေ့ခေတ်တွင် ထိုကဲ့သို့သော ဗိုလ်ချုပ်ကြီးတစ်ဦး ပေါ်ထွက်လာရန်မှာ စစ်ကောင်စီအမာခံ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အဆင့်နှင့် တပ်မတော် ခြေမြန်တပ်မ ဆယ်ခု၏ တပ်မမှူးများအဆင့် အကြားရှိ ရာထူးများမှ ဖြစ်ရန်လိုအပ်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ လက်ရှိတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးသည် ၎င်း၏ စစ်ပညာရေးနောက်ခံ အနေအထားဖြင့် ဆိုလျှင် အဆိုပါရာထူးအတွက်သာ အခြားတစ်ဦးဦးကို ခန့်ထားစရာ ရှိမည်ဆိုလျှင် ဤနေရာနှင့် သင့်တော်သူ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

အဝေးပြေးလမ်းမကြီး၏ အရေးပါသည့် တံတားတစ်စင်းမှာ ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းအချိန်များတည်းက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ မူဆယ်သည်လည်း စစ်တပ် တန်ပြန်ထိုးစစ် စတင်ချိန်လောက် ဆိုလျှင် လက်လွှတ်ထားရပြီး အခြေအနေတွင် ရောက်ပြီးသား ဖြစ်နေနိုင်သည်။ ထိုအနေအထားမျိုးဖြင့် တန်ပြန်ထိုးစစ်ကို သိန္နီကဲ့သို့ မြို့များမှတစ်ဆင့် ချီတက်မှုများ ပြုလုပ်ရမည် ဖြစ်ရာ ဆုံးရှုံးမှုကြီးမားသည့် မြို့ပြတိုက်ပွဲကြီးများလည်း ဖော်ဆောင်ရန် လိုအပ်မည်ဟု ယူဆရသည်။

ရှမ်းပြည်မြောက်ပိုင်းအား တန်ပြန်ထိုးစစ် အရဲစွန့်ဆင်နွှဲမည်ကို ဖော်ပြခဲ့သည့် အချက်များအားလုံးက အင်တိုက်အားတိုက် ဆန့်ကျင်လျက်ရှိသည်။

ဒုတိယနည်းလမ်း

ဤနည်းလမ်းမှာ ဒေသတွင်းရှိ အရေးပါသည့် ပွိုင့်စခန်းများကို ကာကွယ်ရန်ဖြစ်သည်။ သို့ဆိုပါက ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်တည်းက အထူးအရေးပါနေသည့် တပ်ကူများစေလွှတ်ရေးအတွက် အကျိုးကျေးဇူး ရနိုင်မည်ဖြစ်သည်။

Anthony Davis ၏ No good options for Myanmar’s mortally wounded regime ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ 

ဒေါင်ချာစိုင်း မြန်မာစစ်ကောင်စီ ရွေးချယ်ရမည့် ဆေးခါးကြီးသုံးဖုံ (၂)

ဗီဒီယိုများ