စစ်တွေမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးနေသည့် ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်တင်ခဲ့သူနှင့် ဖခင်ဖြစ်သူ ဖမ်းဆီးခံရ

မောင်မြတ်ထူးနိုင်သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ကန်တော်ကြီးရပ်ကွက်နှင့် မင်းဂံရပ်ကွက်အတွင်း စစ်ကောင်စီတပ်က စစ်ကား ၅ စီးဖြင့် ဒေသခံများအား ဖမ်းဆီးနေသည်ကို ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သည်။

By Admin 18 Nov 2023

ဖမ်းဆီးခံထားရသော မောင်မြတ်ထူးနိုင်
ဖမ်းဆီးခံထားရသော မောင်မြတ်ထူးနိုင်

DMG ၊ နိုဝင်ဘာ ၁၈ 

ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့ခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးနေသည့် ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့သူနှင့် ဖခင်ဖြစ်သူကို စစ်ကာင်စီက နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

ကန်တော်ကြီးရပ်ကွက်နေ တက္ကသိုလ်ကျောင်းသား မောင်မြတ်ထူးနိုင်နှင့် ဖခင် ဦးမောင်သန်းဝင်း တို့ကို စစ်ကောင်စီတပ်က ယမန်နေ့ ည ၉ နာရီကျော်အချိန်တွင် နေအိမ်သို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

“စစ်သားတွေ မျက်နှာဖုံးစွပ်ပြီး ဝင်လာတယ်။ ဧည့်စာရင်းစစ်သလိုမျိုးစစ်တယ်။ ပြီးတော့ တစ်အိမ်လုံးကိုမွှေနှောက်ပြီး ကောင်လေးနဲ့ အဖေဖြစ်သူကို ခေါ်သွားတယ်။ မေးမြန်းစရာရှိတယ်ပြောပြီး ဘယ်ကိုခေါ်သွားလဲ မသိဘူး” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။ 

မောင်မြတ်ထူးနိုင်သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ကန်တော်ကြီးရပ်ကွက်နှင့် မင်းဂံရပ်ကွက်အတွင်း စစ်ကောင်စီတပ်က စစ်ကား ၅ စီးဖြင့် ဒေသခံများအား ဖမ်းဆီးနေသည်ကို ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သည်။

ဖမ်းဆီးခံရသူများနှင့် လက်ရှိအချိန်အထိ အဆက်သွယ်မရသေး၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။ 

“အဖေဖြစ်သူက နားလည်းမကြားဘူး။ အစာအိမ်ရောဂါဖြစ်လို့ ဆေးကုနေရတာ။ နှစ်ယောက်လုံးကို အရမ်းစိတ်ပူတယ်။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ စစ်ဆေးစရာရှိလို့ စစ်ဆေးပြီးရင်လည်း ပြန်လွှတ်ပေးစေချင်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ 

‌မောင်မြတ်ထူးနိုင် ဗီဒီယိုရိုက်တင်ခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် မင်းဂံရပ်နှင့် ကန်တော်ကြီးရပ်ကွက်တွင် ဒေသခံ ၄ ဦးထက်မနည်းနှင့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် အဝေးသင်တက္ကသိုလ် ကျောင်းသား ၈ ဦးအား လောကာနန္ဒာဘုရားအနီးမှ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

“စစ်သားတွေက ဗီဒီယိုရိုက်ထားတဲ့ ရှုထောင့်ကို စစ်ဆေးပြီး သွားဖမ်းတာ။ အမှန်တရားကို ဖော်ထုတ်ပြတာက ဒီအချိန်မှာ မလုံခြုံဘူး။ ကိုယ့်အိမ်မှာနေရင်း ဝင်ဖမ်းခံနေရတယ်။ လွတ်လပ်မှုဆိုတာ မရှိတော့ဘူး။ အခုလည်း စစ်တွေမြို့ထဲမှာ စစ်ကားတွေ သွားလာနေကြတော့ ဒေသခံတွေက အလိုလိုကြောက်နေရတယ်” ဟု စစ်တွေမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသည်။ တိုက်ပွဲစဖြစ်သည့်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများတပ်ဆင်ကာ သံချပ်ကာကားများဖြင့် စစ်တွေမြို့တွင်း၌ လှည့်လည်အင်အားပြခဲ့သည်။

#D004 #DMG

ဗီဒီယိုများ