စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ အားလုံးကို ရပ်နား

ကမ္ဘာ့နိုင်ငံအများအပြားသည် မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်နေသဖြင့် မြန်မာစစ်ကောင်စီသည် ငွေကြေးပြဿနာရပ်များကို ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်နေရသည်။

By Admin 02 Sep 2023

ဓာတ်ပုံ - UOB Group
ဓာတ်ပုံ - UOB Group

DMG ၊ စက်တင်ဘာ ၂

စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံစုံဘဏ်တစ်ခုဖြစ်သည့် United Overseas Bank (UOB) ဘဏ်သည် မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရပ်နားလိုက်ပြီဖြစ်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာဘဏ်များထံမှ ငွေထုတ်မှု၊ ငွေသွင်းမှုများအားလုံးကို ကန့်သတ်မည်ဖြစ်သလို မြန်မာနိုင်ငံမှ ဗီဇာနှင့် မာစတာကတ်များဖြင့် ငွေပေးချေမှုများကိုလည်း ရပ်နားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားသည် မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်နေသဖြင့် မြန်မာစစ်ကောင်စီသည် ငွေကြေးပြဿနာရပ်များကို ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်နေရသည်။

စင်္ကာပူအခြေစိုက် UOB ဘဏ်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးဘဏ်ဖြစ်ကာ နိုင်ငံပေါင်း ၁၉ နိုင်ငံ၌ ရုံးခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားသည်။

UOB ဘဏ်၏ ယခုဆောင်ရွက်ချက်သည် မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ထိထိရောက်ရောက် ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

UOB သည် မကြာသေးမီကလည်း မြန်မာ့လေကြောင်းပိုင် ဘဏ်အကောင့် ငါးခုလုံးကို ပိတ်သိမ်းခဲ့သည်ဟု စီအန်အေသတင်းတွင် ဖော်ပြချက်အရ သိရသည်။

အခြားသော ငွေထုတ်ချေးသည့် အဖွဲ့အစည်းများသည်လည်း UOB ၏ ဆောင်ရွက်ချက်အတိုင်း လိုက်ပါဆောင်ရွက်လာကြဖွယ် ရှိနေသည်ဟု လေ့လာသူများက ပြောကြားသည်။

မြန်မာစစ်တပ်သည် အဆိုပါငွေကြေးများကို လက်နက်ဝယ်ယူရာတွင် အသုံးပြုနေသည်ဟု ကာတင်တက္ကသိုလ်မှ နိုင်ငံတကာစီးပွားရေးပါမောက္ခ ဒေါက်တာထွေးထွေးသိန်းက ပြောသည်။

“မြန်မာနိုင်ငံကို ကြည့်လိုက်တာနဲ့ သတိပေးသံတွေ ညံနေပါတယ်။ တစ်ချို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ စေ့စေ့စပ်စပ် စစ်ဆေးတာ၊ ဒါမှမဟုတ်လည်း လုံးလုံးလျားလျား ပိတ်ဆို့ပစ်လိုက်တာမျိုး လုပ်လာကြတော့မှာပါ” ဟု သူမက ပြောသည်။

အခြားတစ်ဘက်တွင်လည်း မြန်မာစစ်ကောင်စီသည် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အသည်းအသန် ကြိုးစားလျက်ရှိသည်။ စစ်ကောင်စီသည် ၂၀၁၄ ငွေကြေးလဲလှယ်မှု ဥပဒေကို လိုက်နာကြရန်လည်း လူထုကို သတိပေးလျက်ရှိသည်။ အဆိုပါဥပဒေအရ ပြည်သူများသည် အမေရိကန်ဒေါ်လာ တစ်သောင်းထက် ပိုသည့် နိုင်ငံခြားငွေကြေးကို ခြောက်လထက်ပို၍ ကိုင်ဆောင်ထားခွင့် မရှိပေ။

စစ်ကောင်စီထိန်းချုပ်ထားသည့် အစိုးရဘဏ်ကလည်း မကြာသေးမီကမှ ၂ သောင်းတန်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေထားသည်။

ဗီဒီယိုများ