အာဆီယံသည် မြန်မာ့အရေးကို မျှော်လင့်သလောက် ထိထိရောက်ရောက် မလုပ်နိုင်ဟု စင်္ကာပူပြော

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ လုပ်ဆောင်ချက်များသည် မျှော်လင့်ထားသလောက် ထိရောက်မှုမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးတစ်ခုတွင် ပြောဆိုလိုက်သည်။

20 Aug 2021

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဩဂုတ် ၂၀

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ လုပ်ဆောင်ချက်များသည် မျှော်လင့်ထားသလောက် ထိရောက်မှုမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးတစ်ခုတွင် ပြောဆိုလိုက်သည်။

ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ အများအပြားသည် အာဆီယံအား မြန်မာနိုင်ငံ၌ တည်ငြိမ်မှုကို သံတမန်ရေးဖြင့် ဖြေရှင်းရန် တိုက်တွန်းလျက်ရှိသည်။

“(အာဆီယံဟာ) ကျွန်တော်တို့ မျှော်လင့်ထားသလောက် ထိရောက်မှုမရှိ မြန်ဆန်မှုမရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စကတော့ ခက်ခဲတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်” ဟု ဗီဗီယန် ဘာလာကရစ်ရှနန်က ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။

အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ်အား ဧပြီလအတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်သည့် အနေဖြင့် သြဂုတ်လတွင် ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။

နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ကိုယ်စားလှယ်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး တိုးတက်မှုများ ရှိမည်ဟု မျှော်လင့်ကြောင်း ဘာလာကရစ်ရှန်က ပြောသည်။

သို့သော်လည်း အဓိပ္ပာယ်ရှိသော ခရီးစဉ်ဖြစ်ရန်အတွက် မြန်မာစစ်တပ်အနေဖြင့် အာဆီယံကိုယ်စားလှယ်အား သက်ဆိုင်ရာအင်အားစုများ အားလုံးနှင့် တွေ့ခွင့်ပေးရန် လိုအပ်ကြောင်းလည်း သူက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ရဲ့ အထူးကိုယ်စားလှယ်ကို သူတို့ဘယ်လို ထိတွေ့ဆက်ဆံမှု ပြုလုပ်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး အဓိက မှတ်ကျောက်တင်ရပါလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ကရစ်ရှန်က ဆိုသည်။

စင်္ကာပူသည် နိုင်ငံငယ်ဖြစ်သော်လည်း အရှေ့တောင်အာရှတွင် စီးပွားရေးနှင့် နိုင်ငံရေးအရ အင်အားကြီးနိုင်ငံ ဖြစ်သည်။ မြန်မာနှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိကာ မြန်မာ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများအနက် တစ်ခု ဖြစ်သဖြင့် မြန်မာအပေါ် ပိုမို ဖိအားပေးနိုင်မည်ဟု လူ့အခွင့်အရေး အဖွဲ့အချို့က ယူဆကြသည်။

၂၀၂၀ တွင် မြန်မာနိုင်ငံ၌ စင်္ကာပူ၏ ရင်းနှီးမြှုပ်နှံမှု ၂၄.၁ ဘီလျံတန်ဖိုးအထိ ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ဤပမာဏသည် တရုတ်ထက် ပိုများသည့်ပမာဏ ဖြစ်သည်။

အာဆီယံအဖွဲ့အတွင်း မြန်မာကို ထုတ်ပယ်ရန် သို့မဟုတ် ဆိုင်းငံ့ရန် ဆွေးနွေးမှုမျိုး မရှိသေးပေ။ အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာ့အရေးအပေါ် အပြုသဘောဖြင့် ဆက်ဆံလိုပြီး ပြည်တွင်းနိုင်ငံရေးအပေါ် ဝင်ရောက် စွက်ဖက်လိုသည့်ဆန္ဒ မရှိကြောင်း ဝန်ကြီးဘာလာကရစ်ရှန်က ဆိုသည်။

ဗီဒီယိုများ