ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟုဆိုကာ ချိတ်ပိတ်

သံတွဲမြို့၊ သရော်တောကျေးရွာရှိ ရတနဂုဏ်ရည်သရော်တော ကျောင်းတိုက်တွင် ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟု အကြောင်းပြချက်ဖြင့် ဇူလိုင်လပထမပတ်တွင် စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။

20 Jul 2022

ချိတ်ပိတ်ခံထားရသည့် ရတနဂုဏ်ရည်သရော်တော ကျောင်းတိုက်အား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၀

သံတွဲမြို့၊ သရော်တောကျေးရွာရှိ ရတနဂုဏ်ရည်သရော်တော ကျောင်းတိုက်တွင် ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟု အကြောင်းပြချက်ဖြင့် ဇူလိုင်လပထမပတ်တွင် စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။

ထိုကျောင်းတွင် ဘုန်းကြီးနှစ်ပါးကျောင်းထိုင်နေသောကြောင့် နယ်မြေ‌ဒေသတည်ငြိမ်မှုကို ပျက်ပြားစေမည်ကို စိုးရိမ်ရသဖြင့် ဇူလိုင်လ ၆ ရက်နေ့က ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်သာစိန်ကပြောသည်။

“ချိတ်ပိတ်ရတာက နယ်မြေဒေသတည်ငြိမ်မှုကို ပျက်ပြားစေမှာကိုစိုးရိမ်လို့ ချိတ်ပိတ်ရတာဖြစ်တယ်။ ကျနော်တို့က ဒီသရော်တောကျောင်းကို အမြဲစောင့်ကြည့်နေတာရှိတယ်။ အဲဒီကျောင်းတစ်ခုတည်းမှာ ဘုန်းကြီး ၂ ပါးကျောင်းထိုင်နေတော့ တစ်ဖက်က ဘုန်းကြီးဒကာတွေနဲ့ နောက်တစ်ဖက်က ဘုန်းကြီးဒကာတွေ ပြဿနာဖြစ်လာမှာကို စိုးရိမ်လို့ အခုလိုချိတ်ပိတ်လိုက်တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ဆရာတော်နှစ်ပါး ကျောင်းထိုင်နေသည်ဆိုခြင်းမှာ စစ်ကောင်စီ၏ မှားယွင်းသည့်စွပ်စွဲချက်သာဖြစ်ကြောင်း ရတနဂုဏ်ရည်သရော်တောကျောင်းတိုက် ဆရာတော် ဦးဣန္ဓက မိန့်ကြားသည်။

ထိုကျောင်းတွင် မိမိတစ်ပါးတည်းကျောင်းထိုင်နေရာမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆရာတော်တစ်ချို့ကလာရောက်ကာ တခြားဆရာတော်တစ်ပါးကို ထပ်မံပို့ဆောင်ခဲ့ခြင်းဟုလည်း ဆိုသည်။ ထို့ကြောင့် မူလကျောင်းထိုင်ဆရာတော်အပါအဝင် ဘုန်းကြီးနှစ်ပါး ဖြစ်သွားခြင်းဖြစ်သည်ဟုဆိုသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်းတည်းမှာ ဘုန်ကြီးနှစ်ပါး ကျောင်းထိုင်နေတယ်ဆိုတာ အစိုးရက သတ်သတ်လုပ်ကြံတာဖြစ်တယ်။ ဆရာတော်က ဒီရွာမှာ အရင်ကတည်းကကျောင်းထိုင်လာတာ ၁၇ နှစ်ရှိနေပြီ။ အရင်ရွာဟောင်းကျောင်းကတည်းက ကျောင်းထိုင်လာတာ။ သရော်တောရွာကို ၂၀၁၈ ခုနှစ်ကရေမြုပ်လို့ အခုနေတဲ့ကျေးရွာသစ်ကို အစိုးရခွင့်ပြုချက်နဲ့ပြောင်းကြတယ်။ အခုဒီရွာရဲ့ကျောင်းသစ်မှာ ဒကာဒကာမတွေနဲ့ ကျောင်းသစ်ကိုဆောက်ပြီး ကျောင်းထိုင်နေတာ ၅ နှစ်ရှိနေပြီ"ဟု ဆရာတော်က မိန့်တော်မူသည်။

ချိတ်ပိတ်ခံရသောကျောင်းတိုက်အား သရော်တောကျေးရွာမှ ဒေသခံ ၇၀ ကျော်ကိုးကွယ်နေသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ယခုကဲ့သို့ ဝါတွင်းကာလတွင် ကျောင်းအား ချိတ်ပိတ်လိုက်သည့်အတွက် ဥပုသ်သီလဆောက်တည်ရန် အခက်အခဲရှိသွားကြောင်း ဒေသခံ ဦးမောင်ငယ်ကပြောသည်။

"အခုလိုဝါတွင်းကာလမှာ ဘုန်းကြီးကျောင်းကို ချိတ်ပိတ်လိုက်တော့ ဥပုသ်သီလဆောက်တည်ဖို့နေရာတောင် မရှိဘူးဖြစ်သွားတယ်။ ကျနော်တို့က ဒီဘုန်းကြီးကို အစဉ်အဆက်ပင့်ဆောင်လာတာ ၁၇ နှစ်တာရှိနေပြီ။ ဘယ်ဒကာ၊ ဒကာမတွေနဲ့မှလည်း ပြဿနာမရှိခဲ့ဘူး။ အခုပြဿနာကိုလည်း အစိုးရကလုပ်လို့ ပြဿနာဖြစ်လာတာဖြစ်တယ်"ဟု သူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်ရေဝတကိုဆက်သွယ်ရာတွင် ယင်းကျောင်းသည် ယခင်ပျံလွန်တော်မူပြီးဖြစ်သော ကျောင်းထိုင်ဆရာတော်လက်ထက်ကပင် ညီနောင်ဘဝနာဂိုဏ်းအား လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ လက်ရှိကျောင်းထိုင်ဆရာတော်အား ဒေသခံများက မကြိုက်နှစ်သက်သောကြောင့် ညီနောင်ဘဝနာဂိုဏ်းမှ  ဆရာတော်အသစ် ချပေးခြင်းဟုမိန့်ဆိုသည်။

“ဘုန်းကြီးအသစ်ချပေးတဲ့အခါ အရင်ဘုန်းကြီးက ကျောင်းပေါ်ကမဆင်းဘဲနေထိုင်တော့ ပြဿနာဖြစ်လာမှာကို စိုးရိမ်လို့ ချိတ်ပိတ်လိုက်တာလို့သိရတယ်။ ဘုန်းဘုန်းတို့ သံဃနာယကအဖွဲ့နဲ့တော့ မဆိုင်ဘူး”ဟု ဆရာတော်ကမိန့်သည်။

ထိုသို့ချိတ်ပိတ်လိုက်ခြင်းအပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ပေးရန်လည်း ကျောင်းထိုင်ဆရာတော်နှင့် ကိုးကွယ်သူ ဒါယကာ၊ဒါယိကာမများက ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးအောင်ကျော်မင်းအား ဇူလိုင်လ ၁၀ ရက်နေ့က တင်ပြထားသည်။

ဗီဒီယိုများ