တက္ကသိုလ်ကျောင်းသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် လူမဆန်သောလုပ်ရပ်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဝေဖန်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စာမေးပွဲဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ်ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဝေဖန်လိုက်သည်။

By Admin 17 Nov 2023

စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စာမေးပွဲဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ်ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဝေဖန်လိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးတွင် အဝေးသင်တက္ကသိုလ် ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်သားတွေ ဘယ်နေရာကို ဖမ်းဆီးသွားလဲ မသိရဘူး။ အခုလိုလုပ်တာဟာ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်တယ်။ ကျောင်းသား/သူတွေကို ပိုပြီး အကြောက်တရားဖြစ်စေတဲ့သဘော သက်ရောက်တယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံကျောင်းသားများ၏ အသေးစိတ်အချက်အလက်များကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက စုံစမ်းနေကြောင်း ဆိုသည်။

ရခိုင်တွင် တတိယအသုတ် တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲ စတင်ဖြေဆိုသည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ကာ အင်အားအများအပြား တိုးမြှင့်ချထားသည်။

“စာမေးပွဲသာဖြေနေရတာ စိတ်က မလုံခြုံဘူး။ လမ်းသွားရင်လည်း စစ်သားတွေကို မြင်နေရတယ်။ ဖမ်းဆီးတာတွေလည်း ရှိနေတော့ အရမ်းစိုးရိမ်တယ်။ ကျောင်းကို အသွားအပြန်လုပ်တာတောင် ရင်တမမနဲ့ သွားနေရတယ်” ဟု မင်းပြားမြို့မှ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူတစ်ဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသား လူငယ်များအား သံသယဖြင့် ပစ်မှတ်ထားဖမ်းဆီးနေခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပြီး ထိုကဲ့သို့လုပ်ရပ်မျိုးအား ရှုတ်ချကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။

“အပြစ်မဲ့ကျောင်းသားတွေကို ဖမ်းဆီးခြိမ်းခြောက်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ တခြား ကျောင်းသား/သူတွေရဲ့ စိတ်အာရုံကို ထွေပြားအောင်လုပ်တာ။ အခုလို စာမေးပွဲကာလမှာ ကြောက်လန့်အောင် သွတ်သွင်းနေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၅ ရက်နေ့က စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသူတစ်စုကိုလည်း ကျောင်းအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများက ရိုင်းစိုင်းစွာဆဲဆိုပြီး ခြိမ်းခြောက်စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တက္ကသိုလ်ကျောင်းသား/သူများမှာ စာမေးပွဲအား စိုးရိမ်စိတ်များနှင့် ဖြေဆိုနေကြရသည်ဟု ကျောင်းသား/သူများက ပြောဆိုကြသည်။

#D004 #DMG

ဗီဒီယိုများ