စစ်ကောင်စီပိုင် ရေယာဉ်နှစ်စီးကို AA ယူဆောင်

စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေသော အဆိုပါရေယာဉ်နှစ်စီးကို ကျောက်တော်မြို့ဆိပ်ကမ်းတွင် ရပ်နားထားစဉ် AA တပ်ဖွဲ့ဝင်များက ကုလားတန်မြစ်ကြောတစ်လျှောက်သို့ ခုတ်မောင်းယူဆောင်သွားကြောင်း သိရသည်။

By Admin 21 Nov 2023

ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် စစ်ကောင်စီပိုင် ရေနယား (၁) ကို တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)
ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် စစ်ကောင်စီပိုင် ရေနယား (၁) ကို တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)

DMG ၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ပြေးဆွဲနေသော စစ်ကောင်စီပိုင် ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော်(AA) က ယူဆောင်သွားသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

“ကျောက်တော်မှာရှိနေတဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား (၁) ရေယာဉ်နဲ့ ရေဘဝဲ (၄) ရေယာဉ်တွေကို AA အနေနဲ့ အကြမ်းဖက် ယူဆောင်သွားကြောင်း သိရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေသော အဆိုပါရေယာဉ်နှစ်စီးကို ကျောက်တော်မြို့ဆိပ်ကမ်းတွင် ရပ်နားထားစဉ် AA တပ်ဖွဲ့ဝင်များက ကုလားတန်မြစ်ကြော တစ်လျှောက်သို့ ခုတ်မောင်းယူဆောင်သွားကြောင်း သိရသည်။

ရေယာဉ်နှစ်စီးကို AA က ယူဆောင်ပြီးနောက် စစ်ကောင်စီနေဗီတစ်စီးနှင့် ရဟတ်ယာဉ်တစ်စီးသည် ကျောက်တော်ဘက်သို့ တက်လာပြီး ကုလားတန်မြစ်ကြောအနီးရှိ မင်းဇီချောင်း၊ ရင်းချောင်းကျေးရွာအနီးကို ရမ်းသမ်းပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီ ရေယာဉ်နှစ်စီးကို AA က သိမ်းသွားပြီးတဲ့အခါ ကုလားတန်မြစ်ကြောင်း တလျှောက်မှာရှိတဲ့ ကျေးရွာတချို့ကို ရဟတ်ယာဉ်၊ နေဗီတွေနဲ့ ပစ်ခတ်သွားခဲ့တာတွေရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက နေဗီ၊ ရဟတ်ယာဉ်တို့ဖြင့် ပစ်ခတ်မှုကြောင့် မင်းဇီချောင်း၊ ရင်းချောင်း၊ လက်မဆိပ်၊ ကျေးရွာတို့မှ ဒေသခံအချို့မှာ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် AA တို့သည် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ရခိုင်ပြည်အတွင်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်မှုများ ရှိနေသည်။

ဗီဒီယိုများ