စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်

ဒေသအတွင်း စစ်ရေးပဋိပက္ခများ လျော့ကျနေသည့်အတွက် ထိုသို့ စိုက်ပျိုးလာနိုင်ခြင်းဖြစ်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး စသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့တွင် လယ်မြေများကို ဒေသခံများ အရဲစွန့်ကာ စိုက်ပျိုးလျက်ရှိကြသည်။

By Admin 23 Sep 2023

မြောက်ဦးမြို့နယ်၊ ကန်စောက်ကျေးရွာက လယ်ယာလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်။
မြောက်ဦးမြို့နယ်၊ ကန်စောက်ကျေးရွာက လယ်ယာလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၃

ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများအပါအဝင် လက်နက်ကိုင်တပ်စခန်းများ အနီးရှိသည့် နေရာတဝိုက်မှ လယ်ယာမြေများကို ယခင်နှစ်များက စိုက်ပျိုးနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် အနည်းငယ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဒေသအတွင်း စစ်ရေးပဋိပက္ခများ လျော့ကျနေသည့်အတွက် ထိုသို့ စိုက်ပျိုးလာနိုင်ခြင်းဖြစ်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး စသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့တွင် လယ်မြေများကို ဒေသခံများ အရဲစွန့်ကာ စိုက်ပျိုးလျက်ရှိကြသည်။

“တိုက်ပွဲပြင်းထန်ခဲ့တဲ့ သင်းကျစ်တောင်နဲ့ လင်းမြွေတောင်တစ်ဝန်းက ရွာတွေမှာ ဒီနှစ် စပါးစိုက်ပျိုးကြတယ်။ အရင်က စစ်ကျန်လက်နက်ကိုကြောက်ပြီး မထွန်ယက်ခဲ့တဲ့ လယ်တွေမှာ နွားတွေက စားကျက်မြေအဖြစ် ကျယ်ပြန့်ပြီး နေလာကြတယ်။ အဲဒီနွားတွေ မိုင်းထိတာ မတွေ့ရဘူး။ အဲဒါနဲ့ ဒေသခံတွေလည်း အဲဒီအနီးက လယ်တွေမှာ လုပ်ကြနေတာ” ဟု မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဦးစိုးနိုင်က ပြောသည်။

မြောက်ဦးမြို့နယ် သမိုင်းဝင် သင်းကျစ်တောင်ဘုရားတောင်နှင့် လင်းမြွေတောင်ပေါ်တွင် စစ်ကောင်စီတပ်က ၂၀၁၉ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်အထိ တပ်စွဲနေရာယူထားသည်။တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်စခန်းရောက် လယ်သမားများမှာလည်း ၃ နှစ်ကျော် ကြာသည့်တိုင် လယ်ယာလုပ်ငန်းကို ရပ်နားခဲ့ရသည်။

ယခုနှစ်တွင် ဒေသတွင်းစစ်ရေးပဋိပက္ခများ လျော့ကျနေသည့်အတွက် လယ်ယာမြေများကို ပြန်လည်ဖြည့်တင်း စိုက်ပျိုးလာနိုင်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာတွင်လည်း လယ်ဧက ၁,၄၀၀ ခန့်ရှိသည့်အနက် ယခုနှစ်တွင် ၁, ၃၀၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့ရွာမှာ တိုက်ပွဲတွေကြောင့် ရပ်နားထားရတဲ့အထဲက ဒီနှစ်မှာတော့ အကုန်လုံးနီးပါး စိုက်ပျိုးကြတယ်။ ဧက ၁၀၀ လောက်ပဲ ကျန်တယ်” ဟု သောင်းဒရားကျေးရွာမှ လယ်သမား ဦးစိန်လှမောင်က ပြောသည်။

အလားတူ ကျောက်တန်းကျေးရွာအနီးတွင် ယခင်က လယ်မစိုက်ပျိုးနိုင်သည့် ဧကပေါင်း ၇၀၀ ကျော် ရှိသည့်အနက် ယခုနှစ်တွင် ဧကပေါင်း ၁၀၀ ခန့်ကို တောင်သူများမှာ အရဲစွန့်ပြီး စိုက်ပျိုးထားကြောင်း ဒေသခံများက ဆိုသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ လယ်သမားတစ်ဦးက “အရင်နှစ်တွေကတော့ ဒီနေရာတွေမှာ မစိုက်ပျိုးခဲ့ဘူး။ ဒီနှစ်က နည်းနည်းတိုးချဲ့ပြီး စိုက်တာ။ လယ်ယာမြေတွေရှိလျက်နဲ့ မစိုက်ပျိုးနိုင်ခဲ့တော့ စားဝတ်နေရေး မဖူလုံဘူး။ ဒါတွေကြောင့် အရဲစွန့်ပြီး လယ်လာလုပ်တာ” ဟု ပြောသည်။

အခြားလယ်ယာမြေများမှာ စစ်ကောင်စီတပ်စခန်းနှင့် နီးသည့်အတွက် ချန်လှပ်ထားခဲ့ရကြောင်းလည်း ပြောဆိုကြသည်။
လယ်သမားများမှာ စစ်ကျန်လက်နက်ကို ကြောက်လန့်သော်လည်း စားဝတ်နေရေး အဆင်ပြေစေရန် အသက်အာမခံချက် မရှိဘဲ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း လယ်သမားများက ပြောကြသည်။

ရခိုင်တွင် တောင်သူလယ်သမားများ စားဝတ်နေရေးဖူလုံရန် စပါးများကို ဧကအပြည့် ဖြည့်တင်းစိုက်ပျိုးရုံသာမက တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စစ်ကောင်စီနှင့် AA နှစ်ဘက်လုံးတွင် တာဝန်ရှိသည်ဟု လူမှုရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

“အခု လယ်သမားတွေ စပါးစိုက်ပျိုးနေကြတာက ရင်းနှီးမြုပ်နှံထားတာလောက်ပဲ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်နဲ့ စိုက်ပျိုးနေကြတာ မဟုတ်ဘူး။ ပြီးတော့ အခုစိုက်ထားတဲ့ စပါးတွေကို ရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်ရင် ပြည်သူတွေ နောက်ဆက်တွဲ စိုးရိမ်စရာတွေဖြစ်လာလိမ့်မယ်။ အငတ်ဘေး ဆိုက်လာမယ်” ဟု ရသေ့တောင်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း လယ်ဧက စုစုပေါင်း ၁၂ သိန်းခွဲကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လယ်ဧက ၉ သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် လယ်ဧကပေါင်း ၉၃၀, ၃၆၆ စိုက်ပျိုးနိုင်ပြီး ပြီးခဲ့သည့်နှစ်က မစိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာများတွင်လည်း ဖြည့်တင်းစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

#R005

ဗီဒီယိုများ