၁၀၂၇ နောက်ဆက်တွဲ နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာ

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ၉၁ ရာခိုင်နှုန်းခန့်ရပ်တန့်သွားပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၅ သန်း ဆုံးရှုံးမှုရှိခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP – Myanmar က ထုတ်ပြန်သည်။

By Admin 18 Dec 2023

စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန် (ပုံဟောင်း)
စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန် (ပုံဟောင်း)

စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရုတ်- မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၆.၅ သန်းနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစန်း မှ အမေရိကန်ဒေါ်လာ ၇၉ သန်းကျော်ဆုံးရှုံးခဲ့သည်။ အဆိုပါစခန်း ၂ ခုမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါးဆုံးရှုံးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ 

စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်တန့်သွားပြီးနောက် ပင်လယ်ရေကြောင်းကို အသုံးပြုရန် ကုန်သည်များကို ပြောကြားခဲ့သော်လည်း ကုန်ပစ္စည်းများမှာ ကြာရှည်မခံသည့်အပြင် ကုန်ကျစရိတ်မှာလည်း ၃ ဆနီးပါး မြင့်မားသည်ဟု ISP Myanmar က ဆိုထားသည်။ 

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းကြီးတွေ ရပ်တန့်သွားတာက စစ်ကောင်စီရဲ့ဝင်ငွေကို တော်တော့်ဖြတ်တောက်နိုင်မယ့် အခြေအနေမှာရှိတယ်။ တဖက်မှာလည်း မြန်မာပြည်က ထွက်ကုန်တွေကို မပို့နိုင်သလို သွင်းကုန် ၇၀ ရာခိုင်နှုန်းလောက်ဟာလည်း အဲဒီကုန်သွယ်မှုကို မှီခိုနေရတာကြောင့် (ပြည်သူတွေက) ကုန်စည်ပြတ်လပ်မှုကို အခုထက်ပိုပြီး ခံရလာနိုင်တယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက နယ်စပ်ကုန်သွယ်ရေးစခန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းမှာ စစ်ကောင်စီ၏ စီးပွားရေးကို ထိန်းချုပ်လိုခြင်းဖြစ်သည်ဟု ဦးသန်းစိုးနိုင်က ရှုမြင်သည်။

ရခိုင်တွင်လည်း ရက္ခိုင့်တပ်တော်က နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မောင်တောလမ်းကြောင်းကို ထိန်းကျောင်းရန် ကြိုးစားလာပြီး စစ်ကောင်စီက စက်တင်ဘာလမှစပြီး ပို့ကုန်များကို မောင်တောက မပို့တော့ဘဲ စစ်တွေမြို့ကသာ တင်ပို့ရန် သတ်မှတ်လိုက်သည်။ 

သို့သော်လည်း လက်ရှိမြေပြင်တွင် တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ လုံးဝရပ်တန့်ထားရသဖြင့် ကုန်သည်များမှာ နစ်နာမှုများရှိနေကြသည်။

အမည်မဖော်လိုသည့် နယ်စပ်ကုန်သည်တစ်ဦးက “ရခိုင်မှာ တိုက်ပွဲတွေစဖြစ်ကတည်းက နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုက လုံးဝကို ရပ်တန့်သွားပြီ။ လမ်း‌တွေကို ပိတ်ဆို့ထားတော့ ကုန်သွယ်လို့ မရတော့ဘူး။ ဒီလို ရပ်တန့်တော့ ကုန်သည်တွေမှာ တစ်ဖက်နိုင်ငံနဲ့ ငွေအပေးအယူလုပ်ထားတာတွေ၊ စာချုပ်စာတမ်းနဲ့ ယုံကြည်မှုကတိကဝတ်တွေ ပျက်သွားကြတယ်။ ဒါကြောင့် ကုန်သည်နဲ့ အလုပ်သမားတွေပါ နစ်နာမှုရှိကြတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း နိုဝင်ဘာလ ၃၀ ရက်မှစပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတို့ ကော့ကရိတ်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်နေသဖြင့် အာရှလမ်းမကြီးတစ်လျှောက်တွင် ကုန်တင်ကားများ ပိတ်မိနေသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ညီနောင်မဟာမိတ်(၃)ဖွဲ့က ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများကို သိမ်းပိုက်ရရှိထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရိဒ်ခေါဒါရ်မြို့ကိုလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

ဗီဒီယိုများ