စစ်ရေးကြောင့် ရခိုင်တွင် တရားရုံးများ ပုံမှန်မလည်ပတ်နိုင်

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်အတွင်းက တရားရုံးများမှာ ပုံမှန်ဖွင့်လှစ်ခြင်း မရှိသဖြင့် တရားရုံးလုပ်ငန်းများ ရပ်တန့်နေသည်။

By Admin 26 Dec 2023

စစ်တွေမြို့နယ်တရားရုံးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ 
စစ်တွေမြို့နယ်တရားရုံးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ 

မြို့နယ်ထွေ/အုပ်၊ စည်ပင်၊ တရားရုံး စသည့် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားရုံးများမှာ လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားကြခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တိုက်ပွဲကာလအတွင်း နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ အများအပြားရှိနေပြီး လက်ရှိတွင် တရားရုံးပုံမှန်မလည်ပတ်သဖြင့် အမှုကြန့်ကြာကာ နစ်နာမှုများရှိနေကြသည်။  

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က) တို့ဖြင့် တရားရင်ဆိုင်နေရသည့် မြောက်ဦးမြို့နယ်မှ ကိုပြည့်စုံဝင်း၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့် တို့အမှုတွင် တရားရုံးပိတ်ထားသဖြင့် အမှုစစ်ဆေးခြင်း ရပ်တန့်နေကြောင်း သိရသည်။

“ရခိုင်မှာ တိုက်ပွဲစဖြစ်ကတည်းက မြောက်ဦးမှာ တရားရုံးမဖွင့်လို့ အမှုမစစ်တော့ဘူး။ လမ်းတွေ ပိတ်ထားတော့ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ အမှုမစစ်ဆေးဘဲရပ်နေရင်တော့ ဖမ်းဆီးခံထားရသူ အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာတယ်” ဟု ကိုပြည့်စုံဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

၎င်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ အမှုတွင်လည်း သက်သေအားလုံး စစ်ဆေးပြီးစီးကာ အပြီးသတ်အမိန့်ချရန် တစ်ခုသာ ကျန်နေခြင်းဖြစ်သည်။ 

မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်တိုက်ပွဲကာလက သံသယဖြင့်ဖမ်းဆီးခံရပြီး ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခံထားရသူ အရပ်သား ၇ ဦးထက်မနည်းရှိကြောင်း ရဲစခန်းနှင့်နီးစပ်သူများထံမှ သိရသည်။ 

နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရသော ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်းကို ဒီဇင်ဘာလ ၁၉ ရက်တွင်  Video Conferencing ဖြင့် ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့ပေ။  

 “တိုက်ပွဲစဖြစ်ကတည်းက ကျောက်တော်မှာ တရားရုံးမဖွင့်တော့ဘူး။ တရားသူကြီးလည်း ရုံးမတက်တော့ဘူး။ အဲဒီနေ့က Video Conferencing နဲ့ တစ်ကြိမ်ပဲ ရုံးထုတ်တာရှိသေးတယ်။ ဘာမှထူးခြားတာလည်း မရှိဘူး။ ရုံးထုတ်တာက ဟန်ပြသက်သက်ဖြစ်နေတယ်” ဟု ကိုဇော်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ကျောက်တော်မြို့မှ ကိုဇော်ဝင်း၊ ကိုဇော်မိုးထက်နှင့် ဦးကျော်သန်းမောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့သည်။ ကိုဇော်မိုးထက်နှင့် ဦးကျော်သန်းမောင် တို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အဆိုပါပုဒ်မဖြင့် ကျောက်တော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး ကိုဇော်ဝင်းကို အမိန့်မချဘဲ ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။  

ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် နိုင်ငံရေးပုဒ်မဖြင့် တရားရင်ဆိုင်နေရသူများကို ပုံမှန်ရုံးထုတ်စစ်ဆေးခြင်း မရှိသည့်အပြင် စစ်ကောင်စီက လမ်းပိတ်ထား၍ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရဘဲ ဖြစ်နေကြသည်။  

“ရုံးကတော့ ပုံမှန်စစ်ဆေးတာ မရှိတော့ဘူးလို့ ကြားရတယ်။ လမ်းတွေပိတ်ထားတော့ မိသားစုတွေကလည်း သွားတွေ့လို့မရဘူး။ အမှုက အမိန့်ချဖို့လောက်ပဲကျန်တော့တာ။ ကျမတို့ကတော့ အမှုမြန်မြန် ပြီးပြတ်စေချင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့မှတရားရင်ဆိုင်နေရသူ ကိုဦးဘလှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

ပုဏ္ဏားကျွန်းမြို့မှ ကိုဦးဘလှိုင်အပါအဝင် ဒေသခံ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က)၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၄/၁၄၄ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ရခိုင်တွင် ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၆၁ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့ပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၁၂၈ ဦးအထိ ကျန်ရှိနေသေးကြောင်း DMG စာရင်းအရ သိရသည်။ 

ဗီဒီယိုများ